Self-immolation မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်း

၂ဝ၁၅ ခုနှစ် မေလသတင်း = ရှမ်းပြည်နယ်မှ လယ်သိမ်းခံတောင်သူတဦး မိမိကိုယ်ကို မီးရှို့ဆန္ဒပြ

မီဒီယာတခုကမေးခဲ့သေးတယ်။ ကျွန်မက့ ဂျာနယ်ကပါ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်တွေ အရင်ကထက် ပိုတွေ့နေရပါတယ်။ ဒိလိုအဖြစ်တွေက စိတ်ဓါတ်ကျမှုကြောင့်၊ မြို့ပြရဲ့ တိုးတက်လာတဲ့ လူနေမှုပုံစံကြောင့် ဆိုပြီး ပြောကြပါတယ်ရှင့်။ ဒီဖြစ်ရပ်တွေအပေါ် ဆရာဝန်တယောက်ရဲ့ သုံးသပ်ချက်လေးကို လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ယှဉ်ပြီး ပြောပေးစေချင်ပါတယ်။

ကိုယ့်ကိုယ်ကို ဘာလို့သတ်သေကြလဲမှာ အကြောင်းခံအမျိုးမျိုးရှိတယ်။ ငတ်မွတ်ခေါင်းပါးလွန်းလို့၊ အလိုမတူတာကို အဆုံးစွန်ဆန္ဒထုတ်ပြချင်လို့နဲ့ စိတ်ရောဂါတွေဖြစ်တယ်။ အစွန်းရောက်မွတ်ဆလင်တွေက ကိုယ့်ကိုယ်အသေခံပြီး သူများတွေကိုသတ်ကြတယ်။ သူတို့ကတော့ Martyrdom ဘာသာရေးအာဇာနည်ဖြစ်မယ်လို့ယူဆလို့လုပ်ကြတယ်။

ခရစ်ယန်စစ်သူရဲကောင်းတချို့လည်းလုပ်ခဲ့တယ်။ မဟာယာနနဲ့ ဟင်ဒူဘာသာတွေမှာလည်းလုပ်ကြတာရှိတယ်။ ဇာတကဝတ္ထုတွေထဲမှာပါတယ်။ ငတ်နေတဲ့ကျားမက သူ့ရင်သွေး ကျားပေါက်လေးတွေကို ပြန်စားတော့မှာကိုမြင်တဲ့ မင်းသားဆဗ္ဗဟာ ကျားလေးတွေအသက်ကယ်ဘို့ သူ့ကိုယ်သူ ကျားစားခံလိုက်တယ်။ တရုပ်ဗုဒ္ဓဘာသာမှာလည်းရှိတယ်။
ဗီယက်နမ်ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃) ဟာ ကက်သလစ်ဘာသာဝင်ဖြစ်ပြီး၊ အများစုဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်လို့ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှုဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေက ကိုယ့်ကိုယ်ကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ 

အိန္ဒိယနိုင်ငံမှာ များသောအားဖြင့် စီးပွါးရေးကြောင့် ၂ဝဝဝ ခုနှစ်အတွင်း ၁၄၅၁ ယောက်နဲ့ ၂ဝဝ၁ မှာ ၁၅၄၈ ယောက် ကိုယ့်ကိုကိုသတ်သေခဲ့တယ်။ ၂ဝဝ၉ ခုနှစ်အတွင်း အနည်းဆုံး တိဗက် ၁၂ဝ ယောက် တရုပ်ကနေ တိဘက်ကို မတရား သိမ်းပိုက်ထားတာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုမီးရှို့ခဲ့တာမှာ ၄ဝ ကျော်သေဆုံးခဲ့တယ်။

ဆေးပညာ
စက်တင်္ဘာလ (၁ဝ) ရက်နေ့ဟာ ကမ္ဘာ့ကိုယ့်ကိုယ်ကိုသတ်သေခြင်းနေ့ဖြစ်ပါတယ်။ နိုင်ငံတကာ ကိုယ့်ကိုယ်ကို သတ်သေခြင်းကာကွယ်ရေးအဖွဲ့ကနေ ဦးစီးကျင်းပပါတယ်။ တချို့နေရာတွေမှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်း ရက်သတ္တပါတ်တခုကိုရွေးပြီး ပညာပေးတယ်။ တချို့နိုင်ငံတွေမှာ ကာကွယ်ရေးအတွက် အထောက်အကူပြုအဖွဲ့တွေနဲ့ ကူညီကြတယ်။ အမေရိကားမှာ ကျန်းမာရေးဌာနတခုကနေ မဟာဗျူဟာ ထုတ်ပြန်ချက် တခုကို ၂ဝဝ၁ တုန်းက ထုတ်ပြန်ခဲ့တယ်။ တကယ်သတ်သေချင်သူဆိုတာ အကူအညီတောင်းလေ့မရှိပါ။ ဒါပေမယ့် အကူအညီ တကယ်လိုတယ်။

ကာကွယ်ရေးအတွက်ဖြစ်စေတတ်တဲ့ အခြေခံအကြောင်းတရားကို ကူညီဖြေရှင်းပေးနည်းနဲ့ စိတ်ကုသနည်းတွေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကောက်ချက်အရ နှစ်စဉ် လူ ၁ သန်းသတ်သေနေကြတယ်။ သတ်သေသူနှုန်း လူ ၁ သိန်းမှာ ၁၆ ယောက်ရှိတယ်။ စက္ကန့် ၄ဝ မှာ ၁ ယောက်သတ်သေနေကြတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း သတ်သေမှု ၆ဝ% တိုးလာတယ်။ အသက် ၁၅-၁၉ နှစ်ကြားလူငယ်တွေမှာ သေဆုံးရခြင်းအကြောင်း ၅ ခုမြောက်ဖြစ်နေတယ်။ တချို့နိုင်ငံတွေမှာ ရှေ့ပိုရောက်တယ်။ ၁၅-၄၅ နှစ်ကြားလူတွေထဲမှာ သတ်သေသူအရေအတွက်ဟာ သေဆုံးမှု အားလုံးထဲမှာ တတိယလိုက်တယ်။ အသက် ၁ဝ-၂၄ နှစ်ကြား လူရွယ်တွေက ဒုတိယနေရာလိုက်တယ်။ ဘာလို့အဲလို ကိုယ့်ကိုယ်ကို သတ်သေချင်သလဲဆိုတော့ ဒုက္ခဝေဒနာကနေ လွန်မြောက်ချင်လို့ ဆောက်တည်ရာမရ ဒီနည်းက အကောင်းဆုံးလို့ ထင်မြင်မှတ်ယူရာကနေ သတ်သေတာဖြစ်တယ်။ မျှောလင့်ချက် ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မထူးဘူးလို့ ထင်မှတ်မှု၊ အထီးကျန်မှု၊ စတာတွေကိုသာ ထင်မြင်နေမယ်။

စိတ်ရောဂါသည်ထဲက ၁ဝ% လောက်မှာ အဲလိုဖြစ်နိုင်တယ်။ စိတ်ကျရောဂါကအများဆုံးဖြစ်ရတယ်။ တရားမဝင်ဆေး သုံးစွဲသူတွေမှာလဲ ဖြစ်တာမနည်းပါ။ အနောက်နိုင်ငံတွေမှာ စိတ်ဝေဒနာတွေထဲမှာ စိတ်ကျရောဂါနဲ့ အရက်သမားတွေ ဖြစ်တယ်။ အာရှတိုက်မှာတော့ ဗြုံးစားကြီး သတ်သေသူပိုများတာတွေ့ရတယ်။ Lithium ဆေးသုံးကုသတာက အဖြစ် နည်းတယ်။ ယောက်ျားတွေက သိသိသာသာပိုများတယ်။ ကြိးလေပိုများလေဖြစ်တယ်။ ကျားမ အချိုးချရင် ၂၂း ၅၊ ၃ဝး ၆၊ ၄၂း ၁ဝ နဲ့ ၅ဝး ၁၆ ရှိတယ်။

မြန်မာနိုင်ငံ
ကိုယ့်ကိုယ်ကိုသတ်သေတာ ခိုင်မာတဲ့ကိန်းဂဏန်းမရှိသေးပါ။ သေဆုံးမှုကိန်းဂဏန်းသာမရှိတာ၊ ကိုယ့်ကိုယ်ကို သတ်သေစေနိုင်တဲ့ အကြောင်းရင်းခံတွေက များလွန်းပါတယ်။ စိတ်ဓါတ်ကျမှုဆိုတာ စီးပွါးရေး၊ လူမှုရေးကိုအခြေခံတယ်။ စီးပွါးရေးနဲ့ လူမှုရေးမှာ သောကများစရာတွေရှိတယ်။ စီးပွါးရေးမကောင်းသူအရေက အလွန်များနေတယ်။ အခုတော့ မြန်မာပြည်မှာ နိုင်ငံရေးအကြောင်းခံတခု တိုးလာခဲ့ပါပြီ။

မြို့ပြဖြစ်စဉ်အရ မြို့ကိုတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာလာကြတော့ မြို့ပြယဉ်ကျေးမှုနဲ့ အထာမကျသူတွေမှာ စိတ်ဆင်းရဲကြရတယ်။ ခေတ်သဘောအရ အပြင်ကနေလာတဲ့ ယဉ်ကျေးမှု၊ အတုမြင်အတတ်သင်၊ လူသုံးကုန်ပစ္စည်း၊ ဖျော်ဖြေရေးနည်းသစ်တွေကနေ လူငယ်တွေကိုလွှမ်းမိုးစေတယ်။ သားသမီး၊ လူငယ်လူရွယ်တွေကို ထိန်းမရတာကြောင့်လဲ မိဘအရွယ်တွေမှာ စိတ်ဝေဒနာရစေတယ်။

အရက်နဲ့ မူးယစ်ဆေးဟာလဲ စံတင်လောက်အောင် များပြားလွယ်ကူပြီး၊ သောက်သုံးသူနဲ့ စွဲနေသူ အရေအတွက်ဟာ ရင်လေးစရာကောင်းလောက်အောင် ဆိုးဝါးတယ်။ ဆရာဆရာမတွေလည်း စိတ်ဆင်းရဲကြလိမ့်မယ်။ ပညာရေးမှာ စာရိတ္တကိုပါ ထည့်သင့်တယ်။ စီးပွါးရေး တိုးတက်ဘို့ လုပ်ရာမှာ လူအများစုကို ကြည့်သင့်တယ်။ လူမှုအဖွဲ့အစည်းထဲမှာ ပေါ်ပင် NGO အကြိုက် လိုက်နေတာတွေကနေ လူအများကိုအကျိုးပြုတာမျိုး လုပ်သင့်ကြပါတယ်။ ဘာသာရေးမှာ တမလွန်နဲ့ သံသရာအကျိုးနဲ့အတူ ပစ္စုပ္ပာန် ဒုက္ခကိုပါ မှန်မှန်ကန်ကန် တည့်မတ်ထိန်းကြောင်းပေးသင့်တယ်။

ဒီသုံးသပ်ချက်ကိုရေးခဲ့တာ ၁၃-၉-၂ဝ၁၃ နေ့ကဖြစ်ပါတယ်။ ထေရဝါရဗုဒ္ဓဘာသာဝင်တွေနေတဲ့ မြန်မာပြည်မှာ နိုင်ငံရေး ဖိနှိပ်မှုအတွက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြခြင်းဟာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာစတယ်လို့ မှတ်တမ်းတင်ပါတော့မယ်။

ဒေါက်တာတင့်ဆွေ
 

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး