Half full or half empty ခွက်အပြည့်မဟုတ်ခြင်း

အရင်အမေရိကန် ဒုသမတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ စည်းရုံးရေးကာလတုံးက ပြောဘူးတာတခု အခုထိ အမှတ်ရနေပါတယ်။ အမှန်ကဒီစကားကို သူ့အရင်နာမည်ကြီးသူတွေက ပြောဆိုသုံးနှုန်းနေခဲ့တာပါ။ ဖန်ခွက်မှာ ရေတဝက်ရှိတယ်လို့ အပြောမျိုးကို အဆိုးမြင်လို့ သတ်မှတ်လေ့ရှိပြီး၊ ရေတဝက်ပြည့်နေတယ်လို့ ပြောတာကို အကောင်းမြင်လို့ ဆိုကြပါတယ်။ အခြေအနေတိုင်းမှာ အမြင်မတူတာရှိစမြဲဖြစ်တယ်။ အကောင်းဖက်ကနေ မြင်ပါလို့ ဆုံးမတဲ့ အသုံးမျိုးဖြစ်တယ်။

ဒီစကားစုဟာ ဒဿနိကမေးခွန်းတခုဖြစ်တယ်။ စိတ်ပညာမှာ အဲလိုပြောသူရဲ့ သုတအခြေခံပြီး ရွေးချယ်ပြောဆိုမှုကို နားထောင်ရသူတွေကနေ အကဲဖတ်ကြတယ်လို့ဆိုပါတယ်။ ဒီလိုအဆုံးအမမျိုးက လိုအပ်တာအမှန် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထောက်ပြချင်တာက တမျိုးပါ။

ကျရှုံးမှုတို့ အနုတ်သဘောတို့ကိုပြောသူမျိုးဟာ ဘယ်တော့မှ အောင်မြင်တဲ့သူမျိုးမဖြစ်ဘူးလို့ စီပွါးရေးသမားတွေရော နိုင်ငံရေးသမားတွေကပါ လက်ကိုင်ထားကြပါတယ်။ အဲလိုလူတွေဟာ စည်းစိမ်၊ ရာထူး၊ အာဏာမှာ မြဲကြတယ်။ ကြီးပွါး ချမ်းသာကြတယ်။ လောကကြီးမှာ ချမ်းသာတဲ့သူက နည်းတယ်မဟုတ်ပါလား။ ချမ်းသာချင်သူကတော့ လူတိုင်းလို့ ပြောရင် စကားမလွန်လောက်ပါ။ ဒါဖြင့် ဘာလို့ အဲလိုအဆုံးအမမှာ မတည်ကြတာပါလည်း။

စကားပြောကောင်းသူလို့ နာမည်ကျော်ခဲ့တဲ့ ဘွိုင်းလ် ရိုခ် ခေါ်တဲ့ အိုင်ယာလန်နိုင်ငံရေးသမားက သူ့တိုင်းပြည်ရဲ့ ဒုက္ခသုက္ခတွေကို ထောက်ပြရာမှာ အိုင်ယာလန်ရဲ့ စိတ်ပျက်ဖွယ်ရာခွက်ပေါ်မှာ လျှံကျနေအောင် သွန်းလောင်း နေတာကတော့ ရာစုနှစ်တွေကြာနေပြီ၊ ခုထိ တဝက်ပြည့်တယ်လို့ မရှိသေးဘူးတဲ့။

ကနေ့မြန်မာ့နိုင်ငံရေးအခြေအနေကို အကဲဖြတ်တယ်။ အရင်ကလို စစ်တပ်က ရာနှုန်းပြည့်ယူမထားတော့ဘူး။ အစိုးရ မကောင်းတာလည်းပြောနိုင်ပြီ။ ရေးချင်တာလည်းရေးနိုင်ပြီ၊ နိုင်ငံရေးပါတီတွေ ထောင်နိုင်ပြီ၊ ရွေးကောက်ပွဲလည်းဝင်နိုင်ပြီ၊ စသဖြင့်။ အဲတော့ ဖန်ခွက်မှာအပြည့်မဟုတ်တောင်မှ တဝက်ပြည့်နေပြီ။

ကျွန်တော့်အမြင်က တမျိုး။ မှောက်ထားတဲ့ဖန်ခွက်ကို လှန်လိုက်တာပဲရှိသေးတယ်။ မလှန်ခင်က ဖြည့်ချင်သလောက်က ဖြည့်ထားပြီးသား။ မှောက်ထားတုံးက မှောက်ထားတယ်လို့ မပြောခဲ့ကြရင် ဖန်ခွက် ပက်လက်ဖြစ်မလာတော့ပါ။ မပြည့်သေးတာတွေကို ပြောကိုပြောရမယ်။ ပြောတဲ့သူက အဆိုးမြင်မဟုတ်ပါ။ ပြောတာကို မလုပ်သူကသာ ဆိုးတယ်။ ပြီးခဲ့တဲ့အစိုးရကို အကောင်းမြင်ကြပါလို့ ပြောခဲ့သူတွေဟာ ပညာရှင်အလိုတော်ရိတွေ ဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅
၃၁-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ