Hepatitis B Prevention အသည်းရောင်ဘီ ကာကွယ်နည်း

၁။ ဆရာရှင့် ကျွန်မကအသက် ၂၈နှစ်ရှိပါပြီဆရာ ကျွန်မသူငယ်ချင်းတယောက်မှာ B ပိုးရှိပါတယ်ရှင့် ကျွန်မတို့က တခါတလေ ထမင်းအတူစားဖြစ်ကြပါတယ်ရှင့် B ပိုးက ထမင်းအတူစားရင်ကူးစက်နိုင်ပါသလားရှင့်ာနည်းလမ်းများကို အချိန်ရရင်ဖြေကြားပေးစေလိုပါတယ်ရှင့် ကျွန်မကအစာအိမ်ရောင်ဖြစ်နေတော့ အစာအိမ်ဆေးတေလဲသောက်နေရပါတယ် B ပိုးကာကွယ်ဆေးရော ထိုးလို့ရပါသလားရှင့်

၂။ မိသားစုထဲမှာ B ပိုးရှိနေလို့ တခြားသူတွေမကူးစက်အောင် ဘယ်လိုနေထိုင်ရမလဲ ကာကွယ်ဆေးကို မိသားစုဝင်တွေ ဘယ်လိုထိုးရမလဲ ရောဂါဖြစ်နေသူကို ဘယ်လိုကုရမလဲ သိချင်ပါတယ်ရှင့်

၃။ ဆရာ တလောတုန်းက ဆရာတင်တဲ့ အသည်း B နဲ့ C ပိုး အကြောင်းကို အကြမ်းဖျဉ်း ဖတ်လိုက်ရပါတယ်။ ခုဖတ်ချင်လို့ ပြန်ရှာတာမတွေ့ တော့လို့ ပြန်ဖေါ်ပြပေးစေချင်ပါတယ်။ ကျမအမျိုးသား (အသက် ၅ဝ) အသည်းမှာ အကျိတ်ဖြစ်နေလို့နေလို့  ဆေးရုံရောက်နေတာ ရက် ၂ဝ ရှိပါပြီ။ ကျမမှာ B ကာကွယ်ဆေးထိုးပြီးတာ ၄ နှစ်ကျော်ပါပြီ။ ဒါပေမဲ့ ခုကဆေးရုံမှာ C သမားတွေကိုလည်းတွေ့နေရတော့ တဖြည်းဖြည်းကြောက်ကြောက်လာပါတယ်။ ဒါကြောင့် ဆရာ့စာလေးကိုပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ပြီးနေနိုင်အောင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။ အမှားပါရင် ခွင့်လွှတ်ပါ။

Hepatitis B virus (HBV) အသည်းရောင်ဘီပိုးဟာ ကူးစက်တယ်။ ကူးခံရရင် တယောက်နဲ့တယောက်တော့မတူပါ။ ကူးစက်လာကာစကို ရက်တိုအဆင့်ခေါ်တယ်။ တချို့ကူးခံရပေမယ့် လူကောင်းလိုနေတယ်။ ၉ဝ% လောက်မှာ ခုခံအားကနေ တိုက်ထုတ်လိုက်နိုင်တယ်။ ၆ လနေတော့ ပိုးတွေရှင်းသွားမယ်။ အသည်းလည်းအကောင်းပြန်ဖြစ်တယ်။ ဘီပိုးကိုလည်း ခံနိုင်ရည်ရှိသွားတယ်။

၁ဝ% လောက်မှာသာ ရောဂါဆက်ဖြစ်ကြတယ်။ နာတာရှည်အသည်းရောင်လို့ခေါ်တယ်။ တသက်လုံးပိုးရှိနေမယ်။ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်တယ်။ မွေးကာစကလေးမှာ အမေဆီကနေပိုးကူးစက်ခံရရင်တော့ ရာခိုင်နှုန်းက ပြောင်းပြန်။ ၁ဝ% မှာသာ ဆက်မဖြစ်ပါ။

ပိုးဝင်ခံရပြီး ခံစားရတာပေါ်ဘို့ တလခွဲကနေ ၆ လအထိကြာနိုင်တယ်။ ခံစားရတာတွေကတော့ အသားဝါဖြစ်မယ်။ ဆီးအရောင်ရင့်မယ်။ အားယုတ်မယ်။ ဗိုက်အောင့်မယ်။ အစားပျက်မယ်။ ပျို့မယ်။ ဝမ်းလျှောမယ်။ ကိုယ်ပူမယ်။

နာတာရှည်အဆင့်ကနေ နောက်ဆက်တွဲဖြစ်တာတွေကတော့ ဗိုက်ဖေါင်းပြီး ဖျင်းစွဲမယ်။ အသားဝါမယ်။ ယားယံမယ်။ သွေးယိုလွယ်မယ်။ နာတာရှည်ဖြစ်ရင် အသည်းက ရောင်နေမယ်။ အမာရွတ်ဖြစ်လို့ အသည်းခြောက်တာဖြစ်မယ်။ ၂ဝ နှစ်လောက်အထိ အချိန်ယူတတ်တယ်။ ကံဆိုးသူမှာ အသည်းကင်ဆာဖြစ်မယ်။

ဘီပိုးဟာ သွေးထဲနေလို့ သွေးကနေလည်းကူးစက်တယ်။ သွေးလှူသူတိုင်းကိုစစ်ဆေးလို့ သွေးကနေကူးစက်တာ အတော်နည်းလာတယ်။ ဘီပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးကို မွေးဖွါးဖြစ်စဉ်အတွင်းမှာ ကူးစက်တယ်။ ဆေးထိုးအပ်ကနေလည်းကူးစက်တယ်။ တက်တူးထိုးတာ၊ အလှအပကွင်းတွေတပ်တာ၊ မူးယစ်ဆေးထိုးတာတွေကနေ ကူးစက်တယ်။ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းမှာအလုပ်လုပ်နေသူတွေကိုလည်း သွေးကတဆင့်ကူးစက်နိုင်တယ်။ လိင်ဆက်ဆံရာကနေလည်း ကူးတယ်။ ဂေးယောက်ျားတွေလည်း ကူးစက်တယ်။ ပိုးရှိနေသူနဲ့ တအိမ်တည်း နေရာကနေလည်း ကူးစက်နိုင်တယ်။

HBV blood test သွေးစစ်ရင် ဘီပိုးကိုခံနိုင်ရည်ရှိနေသူလား၊ ဘီပိုကူးစက်ခံရနိုင်လို့ ကာကွယ်ဆေးထိုးရမယ့်သူလား၊ ဘီပိုးကူးစက်ခံထားရလို့ဆက်စစ်ဆေးကုသစရာလိုသူလား သိပါမယ်။ အများဆုံး အခြေခံစစ်ဆေးနည်းကို Hepatitis B Core IgM Antibody test လို့ခေါ်တယ်။ IgM antibodies အပေါင်းပြသူဟာ ရက်တိုကူးစက်ခံထားရသူဖြစ်တယ်။

ကာကွယ်နည်းများ
Hepatitis B vaccine အသည်းရောင်ဘီကာကွယ်ဆေးနဲ့ ကာကွယ်ထားနိုင်တယ်။ ၆ လအတွင်းမှာ ၃ ကြိမ်ထိုးရတယ်။ အဲတာဆိုရင် နှစ်ပေါင်း ၂ဝ အနည်းဆုံးကနေ တသက်တာအထိကာကွယ်ပေးမယ်။

တအိမ်တည်းနေသူတိုင်း သွေးစစ်ထားရတယ်။ ဘီပိုးကာကွယ်ဆေး ထိုးထားကြရမယ်။ အသက်ရှူလမ်းကနေ မကူးပါ။ အတူစားလို့ မကူးပါ။ ထိကိုင်မိလို့ မကူးပါ။ ချွေးကနေကူး မကူး အထောက်အထား မခိုင်မာသေးပါ။ လင်မယား အတူနေရင် ကွန်ဒွမ်သုံးပါ။

လူကြီးတွေ ဘီပိုးနဲ့တွေ့သွားမိတယ်ဆိုရင် HBIG (hepatitis B immune globulin) ဆေးထိုးတာနဲ့ ကာကွယ်နိုင်တယ်။ ၂၄ နာရီအတွင်းထိုးတာ အကောင်းဆုံးဖြစ်တယ်။ ၂ ပါတ်ရှိရင်တော့ နောက်ကျသွားပြီ။

မိခင်မှာ ဘီပိုးရှိနေရင် သူကနေမွေးလာမယ့်ကလေးကို မွေးမွေးချင်း HBV vaccine ဘီပိုးကာကွယ်ဆေးနဲ့ HBIG (hepatitis B immune globulin) ဆေးပါထိုးရမယ်။

ဘီပိုးရှိနေသူနဲ့ အကာကွယ်မပါပဲအတူနေရင် ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးကနေ ကာကွယ်နိုင်ပါတယ်။ စာတွေကိုလဲ ဖတ်ပါ။

• Hepatitis B (1) အသည်းရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသည်းရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-antibody-level.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Prognosis (ဘီ) ပိုး အလားအလာ http://dts-medicaleducation.blogspot.in/2013/08/hepatitis-b-prognosis.html
• Hepatitis B vaccine ဘယ်ကနေထုတ်သလဲ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-vaccine.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
• Liver blood tests အသဲအခြေအနေ သိချင်ရင် သွေးစစ်ပါ http://dts-medicaleducation.blogspot.com/2012/01/liver-blood-tests.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး