Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

မေးခွန်းတွေကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။

၁။ မင်္ဂလာပါ ဆရာ။ ကျွန်တော့ သားလေးက ၁နှစ်၉လပါဆရာ။ ပေါင်ချိန်က ၁၉ပေါင်ရှိပါတယ်။ ပေါင်ချိန်မတိုးတာ ၂လခွဲလောက်ရှိပါပြီ။ ကလေးကို အာဟာရရှိတဲ့ အရာအားလုံးကျွေးပါတယ်။ သားသားက အရမ်းလည်း စားပါတယ်။ Goat milk တိုက်ရင် ပေါင်ချိန်တိုးတယ် ပြောလို့  ဒီ goat milk လေး တိုက်လို့ရပါသလား။

၂။ မင်္ဂလာပါဆရာ။ ကျွန်မသားလေးက ၁၁လရှိပါပြီ။ သားလေးကို မွေးတုန်းက ရိုးရိုးပဲမွေးထားတာပါ။ ကျွန်မ သားလေးကို (ဆန်+မုန်လာဥနီ+ပဲနီလေး+အာလူး+ရွှေဖရုံသီး+ကြက်သား/ငါး)တွေကို ရောကျိုပြီး တနေ့၎ခါ ကျွေးပါတယ်။ ကျန်တဲ့အချိန်က formula တိုက်ပါတယ်။ တခြား ဘာတွေများကျွေးလို့ ရနိုင်အုံးမလဲရှင့်။ ဒီနေ့ညနေက သားရဲ့အဒေါ် ထိန်းနေတုန်း ပါးစပ်ပြင်နေလို့ဆိုပြီး ထမင်းကို ဝါကျွေးပါတယ်။ ကျွန်မက မကျွေးဖို့ ပြောတော့ တခြားတူမတွေလဲ အဲလိုပဲ ကျွေးတယ်လို့ပြောပါတယ်။ ကျွန်မလဲ မကောင်းဘူးဆိုတာဘဲ သိပြီး သေသေချာချာ ပြန်မပြောတတ်လို့ ဆရာ့ကို လှမ်းမေးလိုက်တာပါ။ ဝါကျွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ပြောပြပေးပါလားဆရာ။ ပြီးတော့ ကလေးအစာထဲကို ဆားမထည့်လို့လည်း ဆူကြပါတယ်။ ဆားက ၁နှစ်ကျော်မှ ထည့်ရမယ်လို့သိထားလို့ပါ။ အဲဒါ ဟုတ်မဟုတ်လဲ သိချင်ပါတယ်။ ဆရာ နေကောင်း၊ ကျန်းမာ၊ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်စွာဖြင့်

စားခွံတာ ခုခေတ်မှာ မသင့်တော့လို့ပြောပါရစေ။ ကလေးတွေအလွယ်စားနိုင်တဲ့ အဆင်သင့်အစာတွေ ဝယ်လို့လွယ်တယ်။ ကိုယ်တိုင်လုပ်ရတာလည်း မခက်ပါ။ ကူးစက်ရောဂါ ရှိ မရှိ မသိလို့ ယေဘုယျပြောရရင် မသင့်ပါ။ ဆားကတော့ အနေတော်လိုတယ်။ ရေကို ဆဲလ် ခေါ် အသေးဆုံးအစိတ်အပိုင်းလေးတွေထဲဝင်ဘို့ ဆားအနေတော်လိုတယ်။ ဝ့၉% လိုတယ်။

၃။ ဆရာရှင့် ကျမသမီးလေးက တနှစ်ပြည့်ပြီးပါပြီ။ မွေးစက လေးပေါင်ကျော်ပဲရှိပြီး နဲနဲညှက်ပါတယ်ဆရာ။ ခု တနှစ်တောင် ၁၈ ပေါင်ပဲ ရှိပါတယ်။ သိချင်တာလေး ရှိလို့ပါ ဆရာ။ သမီးလေးက ခုနဲနဲ လှုပ်လှုပ်ရှားရှားနေတဲ့ အရွယ်လဲရောက်ရော အငြိမ်လဲတစက်မှမနေသလို အသားလေးတွေက ပျော့နေလို့ပါဆရာ။ ကျွေးတာကလဲ အသားဆို ကြက်သားနဲ့ငါးပဲ ကျွေးလို့များ ဖြစ်သလားလို့ပါ။ တခြားအသားတေရော ကျွေးလို့ရပါသလားရှင်။ အစားတော့စားပေမဲ့ လူလဲ မဖွံ့ အသားလေးတွေပါ မတင်းလို့ပါ။ အားဆေးကတော့ nutroplex တိုက်ပါတယ် ဆရာ။ ကျမကို ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်ရှင့်။

အသား + ပဲ + အသီးအရွက်ကို လူကြီးတွေစားသလို ကျွေးနိုင်။

၎။ ဆရာရှင့် သမီးလေးကို ကိုယ်တိုင်လုပ်မကျွေးဖြစ်ပဲ ဖြည့်စွက်စာအဖြစ် Nestel တို့ Ninolac တို့ကိုပဲ ပါဝင်ပစ္စည်းအစုံ တိုက်ကျွေးနေရင် လုံလောက်ပါ့မလားဆရာ။ ဖြေပေးပါဆရာရှင့်။

၅။ ဆရာရှင့် အများအားဖြင့် ကလေးငယ်တွေကို ၆ လပြည့်မှ ဖြည့်စွက်စာ ကျွေးရမယ်လို့ သိထားတယ်။ ဒါပေမယ့် ကျမသားလေးကို ၄ လပြည့်ပြီး၊ နေမကောင်းလို့ ဆေးခန်းသွားပြတော့ ကလေးအထူးကုက ဖြည့်စွက်စာကျွေးလို့ရပြီလို့ ပြောပါတယ်ရှင့်။ ကျမလည်း nestle ကလေးအဟာရမှုန့် ကျွေးနေပါတယ်ဒေါက်တာ။ အဲ့ဒါ ဘယ်လိုနားလည်ရမလဲဆိုတာ ရှင်းပြပေးပါရှင့်။ ဘာတွေဖြစ်နိုင်သလဲလို့လည်း သိချင်ပါတယ်ဆရာ။

ကလေးအတွက် ဖြည့်စွက်စာ မေးလာသူတွေ မနည်းပါ။ ကလေးဆေးပညာလိုရေးရင် ဖတ်ရတဲ့သူအတွက် ခက်နေမှာမို့ ရိုးရိုးရှင်းရှင်းသာ ရေးပါရစေ။ အစဉ်အလာ ဆရာဝန်တွေသင်ခဲ့တာက ကလေးတွေကို ၄-၆ လကစပြီး ဖြည့်စွက်စာကျွေး၊ ၁ နှစ်၊ ၁ နှစ်ခွဲရှိလာရင် နို့ဖြတ်။ နောက် နောက်ကိုယ်ဝန် ရှိလာရင်လဲ နို့ဖြတ်။ နို့မဖြတ်ခင်မှာ မိခင်နို့လဲတိုက်ပါ၊ ဖြည့်စွက်စာလည်း ကျွေးပါ။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။

ဘယ်လိုအစာကျွေးပါဆိုတာ ယေဘုယျပြောရရင် လူကြီးစားတာထဲက မမာတာ နဲ့ မစပ်တာတွေအကုန်ဖြစ်ပါတယ်။ သွားမပေါက်ခင် တခါတည်းမြိုချနိုင်တာကို ကျွေးရပါမယ်။ အသား-ငါး၊ အသီး-အရွက်၊ ပဲ၊ ထမင်း။ ဆီနည်းနည်းပါပါစေ။ ဝါးစရာ မလိုလောက်အောင် ပျော့တာ၊ နူးတာလုပ်ပြီး ကျွေးနိုင်ပါတယ်။ ဟင်းရည်၊ ပဲဟင်းရည် တိုက်နိုင်တယ်။ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စတာတွေ ကျွေးနိုင်တယ်။ အဆင်သင့်လုပ် ကလေးစာတွေလည်း ရပါတယ်။

ကလေးတွေလည်း လူကြီးတွေလိုဘဲ အကြိုက်ဆိုတာ ရွေးမယ်။ အသီးဖျော်ရည်ကို အိမ်မှာလုပ်တာ ကောင်းတယ်။ ဆိုင်က အသင့်လုပ်တွေ အဆင်ပြေတာ သုံးနိုင်ပါတယ်။ ဂျန့်ဖုဒ် ခေါ်တဲ့ အသင့်ထုပ်ပိုးပြီး ခေတ်ပေါ်အစာတွေ ရှောင်ပါ။ အိမ်မှာ လူကြီးထမင်းဝိုင်းက ကလေးနဲ့ မပူမစပ်တဲ့ ဟင်းအရည်ကို တိုက်နိုင်တယ်။ အသီးအနှံထဲကလဲ ဝါးစရာမလိုတာကို သေးသေးလေးတွေလုပ်ပြီး ကျွေးနိုင်ပါတယ်။ ကလေးဆိုတာ တနေ့မှာ အကြိမ်များများ၊ တခါမှာနည်းနည်း ကျွေးရမယ်။ ကြက်ဥ၊ အာလူး၊ ပဲ၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ သင်္ဘောသီး စတာတွေ ရပါပြီ။ ပျားရည်ကတော့ သတိထားစရာရှိတယ်။ စာတပုဒ်ရေးထားပါတယ်။ ကြက်ဥအစိမ်းတော့ မသင့်ပါ။

အသက်တနှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလိုဘဲ နွားနို့၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သွားရည်စာများရင် ပင်မအစား ထမင်းနည်းတတ်တယ်။ နွားနို့ကို နိုင်ငံတွေမှာ ရောင်းချပုံမတူကြပါ။ ကျန်းမာရေးနဲ့ညီတာ စံသတ်မှတ်ချက်နဲ့အညီသာရောင်းချရတဲ့ဆီမှာတော့ ထူးပြောစရာမရှိပါ။ မြန်မာပြည်မှာတော့ ပြောစရာတွေ များလွန်းတဲ့အထဲမှာ နွားနို့လဲပါတယ်။ နွားကနေကူးစက်တဲ့တီဘီဆိုတာရှိလို့ နွားနို့ကို ပါချာရိုက်စ် ခေါ်တဲ့ သတ်မှတ်ထားတဲ့အပူချိန်အထိပေးထားတာကိုသာ ရောင်းချခွင့်ရှိတယ်။ နွားနို့ကို 165° F ရောက်အောင်အပူပေးပါ။ ၁၅ စက္ကန့်ကြာအပူပေးရင် ပါစချာရိုက်စ်နွားနို့ရပြီ။ ကလေးတိုက်ဘို့ဆိုရင် လူကြီးတွေလို အဆီထုတ်နေစရာမလိုပါ။ ဖူးလ်ခရင်မ်ခေါ်တာလည်းရတယ်။

ချောကလက်လည်း ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားသတိထားရမယ်။ အချိုစာတွေထဲမှာပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ယံကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းလျှက်၊ ချောကလက်၊ အိုက်စ်ခရင်မ်၊ အချိုရည်။

ကလေးဉာဏ်ကောင်းဘို့ဆိုတာ ဆေးမရှိပါ။ အစာအာဟာရက သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

ကလေး အားဆေးဆိုတာ အခြေခံက ဗီတာမင်ဘီအုပ်စုဖြစ်တယ်။ သွားပေါက်ချိန်မို့ ကယ်လ်စီယမ်ပါပေးနိုင်တယ်။ အားဆေးတွေကို နာမည်အမျိုးမျိုးနဲ့ နေရာတကာဝယ်လို့ရတယ်။ ဈေးကြီးတိုင်း ပိုကောင်းမယ် မဟုတ်ပါ။ နာမည်ရတဲ့ ကုမ္ပဏီကနေ ထုတ်တာဆိုရင် ပြီးတာပါဘဲ။ အားဆေးတိုက်တာ အစာစားပြီချိန် ကောင်းပါတယ်။ လူကြီးတွေလို တနေ့ ၂ ကြိမ်၊ မနက်-ညနေ တိုက်နိုင်ပါတယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုကောင်းတယ်မထင်ပါ။

တချို့မိဘတွေက တမျိုးမျိုးကျွေးပြီး တခုခုဖြစ်ရင် ကျွေးလိုက်တာနဲ့ မတည့်ဘူးလို့ တထစ်ချမှတ်တတ်ကြတယ်။ မမှန်ပါ။ မတည့်ဘူးဆိုတာ ရှားလွန်းပါတယ်။ မတည့်တဲ့လက္ခဏာတွေ သပ်သပ်ရှိပါတယ်။ အလာဂျီနဲ့ အစာအဆိပ်သင့်ခြင်း လက္ခဏာတွေဖြစ်တယ်။ ဝမ်းပျက်ရင် အဲဒီတနပ်မှာ ဝမ်းပျက်စေတာ ပါသွားလို့ဖြစ်မယ်။ မကျွေးပဲထားရင် ကလေးရဲ့ အစာချေလမ်းက အဲလိုအစားအသောက်မျိုးကို ကျေချက်ဘို့ ချက်ချင်းမလုပ်တတ်တော့ပဲဖြစ်သွားမယ်။ ကျင့်ယူနေရလိမ့်မယ်။ လက်တို့စ်ခေါ်နို့မှန်သမျှထဲမှာပါတဲ့ သကြားဓါတ်နဲ့မတည့်သူတွေကို မိခင်နို့၊ နွားနို့၊ နို့မှုံ့ အကုန်ရှောင်ပြီး လက်တို့စ်ဖရီးနို့မှုံ့ကိုသာတိုက်ရမယ်။ ပဲကနေထုတ်တာဖြစ်တယ်။

အစာလမ်းကနေ ကူးစက်ရောဂါတွေကို ရှောင်ဘို့သာ အရေးကြီးပါတယ်။ ဝမ်းပျက်၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ အသည်းရောင် အေ၊ စတာတွေဖြစ်ပါတယ်။ ဒါတွေအားလုံးဟာလဲ အပူလုံလောက်အောင်ပေးတာနဲ့ ပိုးတွေက သေကြတယ်။ မီးပေါ်မတင်ရတဲ့အစားတွေကို ပိုဂရုစိုက်ပါ။ ယင်၊ ပိုးဟပ်၊ ကြွက်တွေရန်က ရှောင်ပါ။ ပုလင်း၊ ဇွန်း၊ ပန်းကန်၊ အိုး၊ ခွက်၊ ဒယ်တွေကို သန့်ပါစေ။ ကာကွယ်ဆေးတွေ စနစ်တကျထိုးပါလေ။

တိုးတက်တဲ့တိုင်းပြည်တွေမှာတော့ ကလေးငယ်လေးတွေအတွက် အစားအစာအမျိုးစုံကို အဆင်သင့်လုပ်ထားတာတွေ အမျိုးမျိုးရနိုင်တယ်။ ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းဖူး၊ ဘာလီစေ့ အသီးအနှံတွေနဲ့လုပ်ထားတယ်။ ဆီရီရယ်ခေါ် မနက်စာကိုလည်း သုံးနိုင်ကြပါတယ်။ မြန်မာပြည်မှာ အဆင်သင့်လုပ်ထားတဲ့ ဆီရီရယ်မနက်စာ ရနေပြီလို့သိရတယ်။ ကောင်းပါမယ်။

1. Cereal မနက်စာ http://doctortintswe.blogspot.com/2017/03/cereal.html
2. Cereal မနက်စာအရသာ http://doctortintswe.blogspot.com/2017/05/cereal.html
3. Nutrition အာဟာရ http://doctortintswe.blogspot.com/2014/12/nutrition.html
4. Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2017/05/supplementary-foods.html
5. Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး