Political Readings နိုင်ငံရေးဖတ်စာ

ရေးထားတာ ၆ နှစ်ရှိပြီ။ လူအများစု စဉ်းစားတွေးခေါ်တာ တိုးတက်လာကြတယ်လို့ မထင်။ နိုင်ငံရေးစာရော မြန်မာစာပို့စ်တွေမှာ ဘလော့ရတာတိုးလာတယ်။ ဖျက်ဆီးရတာမကြာ၊ အဆိုးကနေ ကောင်းလာရေးမှာ အချိန်ယူတယ်။

ဒေါက်တာ နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာစရာ၊ ဖတ်စရာစာအုပ်များကို ညွှန်ပြပေးပါဦး။ လေးစားစွာဖြင့် ချင်ပြစ်သား

ကျွန်တော်က နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်လုပ်နေသူတော့ ဟုတ်ပါတယ်။ လူအများကနေ သတ်မှတ်လေ့ရှိတဲ့ နိုင်ငံရေးသမားလို့ပြောရင်တော့ တစိတ်တပိုင်းသာ မှန်ပါမယ်။ နိုင်ငံရေးကိုတတ်သိချင်ရင် နိုင်ငံရေးသိပ္ပံကို သင်ယူရတယ်။ ဖတ်ရမှတ်ရတယ်။ သုတေသနလုပ်ရတယ်။ ကျွန်တော်က မသင်ယူခဲ့ဘူးပါ။ ဖတ်နိုင်သလောက်တော့ ဖတ်ပါတယ်။

အဖတ်မှာလဲ ခက်ခဲ့တယ်။ ကျွန်တော်သဘောကျတဲ့နိုင်ငံရေးဆိုတာ ဘာသာရပ် အသိပညာတခုတည်းမကပါ၊ အဲတာ မပါတာလဲ မဟုတ်ပါ။ မြန်မာပြည်မှာ လွတ်လပ်ရေးမရခင်ကနေ ရပြီးနောက်ပိုင်းအထိ လက်ဝဲအယူအဆ တမျိုးတည်း သန့်သန့်သာ ခေတ်စားခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်မှန်သမျှ အများစုကလဲ လက်ဝဲအယူအဆသမားကြီးတွေဖြစ်ပြီး၊ ကျန်လူတွေက လိုက်ပါသူတွေ၊ လိုက်နာအောင် သွန်သင်တာခံရသူ၊ ကန့်သတ်တာခံရသူတွေနဲ့ လက်ဝဲတိမ်းညွတ်သူတွေ ဖြစ်ခဲ့ကြတယ်။

ဒီမိုကရေစီကာလက မကြာလိုက်ပါ။ ဆိုရှယ်လစ်အယူအဆကို မြန်မာမှုပြုတဲ့ခေတ်မှာတော့ ဖတ်စရာရော လုပ်စရာပါ မြန်မာ့ဆိုရှယ်လစ်တမျိုးတည်းသာရှိစေအောင် အတင်းအကြပ် လုပ်လိုက်တော့ နိုင်ငံရေး ရွေးစရာမရှိအောင် ဖြစ်သွားခဲ့တယ်။ ဒီကြားထဲကနေ နိုင်ငံရေးလုပ်ချင်လာသူတွေဟာ တိတ်တဆိတ်လက်ဝဲစာ ရှာဖတ်တာကလွဲရင် မရှိသလောက်ပါ။

၁၉၈၈ မှာ ဖွင့်ထွက်လာနိုင်ခဲ့ကြလို့ စာမျိုးစုံလာတယ်။ လုပ်စရာဆိုလဲ ဒီမိုကရေစီပြောပြီး အစုံလုပ်လာကြတယ်။ လူငယ်တွေတချို့မှာ မျက်စိရောနားပါရှုတ်ရတယ်။ ဟောင်းတာမှန်သမျှ လက်မခံချင်ကြတော့ပါ။ အသစ်ကလဲ အသားမကျသေးပါ။

ဖတ်စရာ လိုတာအမှန်ပါ။ သမိုင်းက မဖတ်မဖြစ်ပါ။ သမိုင်းစုံသင့်တယ်။ မြန်မာ့သမိုင်း၊ အိမ်နီးချင်းနိုင်ငံတွေ သမိုင်းနဲ့ ကမ္ဘာ့သမိုင်း။ အဲတာက ဘာသာရပ်ခွဲတွေ။ သမိုင်းစာအုပ်လဲ စာအုပ်စုံလေကောင်းလေ။ သမိုင်းရေးသူတွေက သူတို့အမြင်နဲ့သာရေးတယ်။ ခေတ်တွေကို သူတို့ဖါသာသတ်မှတ်ခွဲပေးတယ်။ မတူကြပါ။ တက်တက်စင်ကွဲလွဲတာတွေလဲ မနည်းပါ။

ထင်ရှားသူတွေ၊ ခေါင်းဆောင်ကြီးတွေအကြောင်းလဲ ဖတ်သင့်ပါတယ်။ ကျောင်းသုံးစာအုပ်ကိုတော့ အားမကိုးပါနဲ့။ နိုင်ငံရေးသိပ္ပံမှာတော့ ကောင်းတယ်။ တခြားလူမျိုးတွေအကြောင်းပါဖတ်ပါ။ ကိုယ်မကြိုက်လဲ သူတို့အကြောင်းလဲ ဖတ်ရပါမယ်။ အာဇာနည်သူရဲကောင်းတွေကိုလဲသိရမယ်၊ ဆိုးသွမ်းဘုရင်တွေ၊ အာဏာရှင်တွေအကြောင်းလဲ သိရမယ်။

စစ်အေးခေတ်မှာ လိုရာဆွဲနဲ့ နှပ်ကြောင်းပေးစာတွေသာရှိခဲ့လို့ ကံဆိုးခဲ့ပါသေးတယ်။ ကျွန်တော်က တကြောင်းဆွဲကို အားမပေးပါ။ စွယ်စုံကျမ်းတွေနဲ့ညှိပါ။ စစ်အစိုးရကနေ မူရင်းစွယ်စုံကျမ်းကို အလိုကျပြန်ရေးထားတာတွေကိုတော့ သတိထားပါ။ အွန်လိုင်း သမိုင်းကြောင်းတွေမှာ ဆန်ကာစစ်စရာတွေပါတယ်။ တချို့ကအလွဲတွေ။

ဖြစ်နိုင်သလောက် အင်္ဂလိပ်လိုစာအုပ်တွေကိုပါ ဖတ်သင့်ပါတယ်။ ဖတ်ပြီး လူတိုင်း စဉ်းစားကြတယ်။ ကြိုက်-မကြိုက် လုပ်ကြပါတယ်။ ဒါပေမဲ့ ဖတ်ပြီးတာနဲ့ သိသွားပြီ၊ ပြည့်စုံပြီလို့ မယူဆစေချင်ပါ။ ကျွန်တော်ဖတ်ဘူးတဲ့ စာအုပ်တွေနဲ့ အကြံပေးချင်တဲ့စာအုပ်နာမည်တွေကို ဒီစာမှာ မထည့်သေးပါ။

လူ့သမိုင်းမှာ သြဇာအာဏာအတွက်လုပ်တဲ့နိုင်ငံရေး၊ အိုင်ဒီယော်လော်ဂျီအတွက်လုပ်တဲ့နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွါးအတွက် နိုင်ငံရေးတွေလို့ ခြုံပြောနိုင်တယ်။ မတူသူတွေအကြား ရင်ဆိုင်မှုတွေ၊ ပဋိပက္ခတွေ၊ ကမ္ဘာစစ်တွေနဲ့ အကြမ်းဖက်မှုတွေ လုပ်နေကြတာသာဖြစ်တယ်။ အသိနည်းသူ၊ အားနည်းသူတွေက ရှုံးနေကြရ ခံနေကြရတယ်။

အရှုံးထဲက ရုန်းထွက်ကြရအောင် လုပ်ရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၄
၎-၁ဝ-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ