မိုးပေါ်မှာ ကြယ်တလုံး

ဆရာရေ ကျနော်တို့ သူငယ်ချင်းတွေ တွေ့ကြတော့ ထုံးစံအတိုင်း စီးပွားရေးအကြောင်းပြောနေကြရင်း ဒေါက်တာတင့်ဆွေ ဆိုတဲ့ ဆရာ့အကြောင်း ပြောမိကြတယ်။ ကျနော့သူငယ်ချင်း တယောက်က ပြောတယ်။ ဒေါက်တာ တင့်ဆွေက တ တလုံး တိုက်ပွဲ တိုက်နေတာတဲ့။ ဘာလဲဟ တ တလုံး တိုက်ပွဲ လို့မေးတော့ သူကပြောတယ်။ ဒေါက်တာတင့်ဆွေက တ ကို စသတ် မသတ်စေဘဲ နဂို မူရင်းအတိုင်း တ တလုံးအတိုင်း ရေးဖို့ အကြံပြုတယ်။ ငါတို့လည်း သူ့စာတွေ ဖတ်ရင်း တ ကို စသတ် မသတ်တော့ဘဲ ရှေးမူမပျက် တယောက်၊ တကောင် ၊ တခါတလေလို့ပဲ ရေးတော့တာလေ။ အဲ့တာ သူ့ရဲ့ တ တလုံး တိုက်ပွဲ အောင်နိုင်တာပဲလေ။ ငါတို့ သူငယ်ချင်း ၆ ယောက်စလုံး ဆရာရေးတဲ့အတိုင်းလိုက်ရေးကြတယ်။ ငါတို့တင်မကဘူး တခြားလူတွေပါ လိုက်ရေးကြတာတွေရှိမယ် အဲ့တာ သူ့ရဲ့တိုက်ပွဲဟာ အတိုင်းအတာ တခုထိ အောင်မြင်တာဘဲ။ ငါကတော့ ဒေါက်တာတင့်ဆွေ ရဲ့ တ တလုံး တိုက်ပွဲဟာ အတိုင်းအတာ တခုထိတော့အောင်မြင်တယ် လို့ မြင်တယ်ဆိုပြီး သူငယ်ချင်းတယောက်က ပြောတယ်။ ဆရာ့ရဲ့ မြန်မာစာ မှန်ကန်ရေး တ တလုံးတိုက်ပွဲ ဟာ အတိုင်းအတာ တခုထိ အောင်မြင်ပါကြောင်း


နောက်တယောက် မိန်းခလေး သူငယ်ချင်းကပြောတယ်။ သူက ဆေးဝါးကျွမ်းကျင် သင်တန်း တက်ထားပြီး ရွာမှာ ဆေးထိုးတဲ့ မိန်းခလေးပါ။ လူတချို့က သူ့ကို နောက်တယ် ရမ်းကု တဲ့။ သူကပြောတယ် ရွာမှာ ဆရာဝန်မရှိ သူနာပြုမရှိတော့ ငါမှဆေးမပေး ဘယ်သူပေးမလဲ တဲ့။ နောက်ပြီး ငါက ဆရာကြီး ဒေါက်တာတင့်ဆွေရဲ့ Blog ကို မကြာခဏ ဝင်ဖတ်တယ်။ ဆရာဝန်ရေးထားတဲ့ ဆောင်းပါးတွေ ဖတ်ပြီး ဆေးပေးတယ်။ ဆေးဝါးကျွမ်းကျင်လည်း တက်ထားတယ် ။ ဒီတော့ သာမန် ရမ်းကုထက်တော့ သာပါတယ် ဟဲ့ ဆိုပြီး ပြန်ပြောလေ့ ရှိတယ်တဲ့ ဆရာ။ ဆရာ့ရဲ့ ဆေးပညာဆောင်းပါးတွေက သူနာပြုတောင် မရှိတဲ့ တောရွာတွေအတွက် တထောင့်တနေရာက အထောက်အကူပြုပါကြောင်း။ 


ဒါပေမယ့် ဆရာရေ စာကြည့်တိုက်မရှိတဲ့ ကျနော်တို့ရွာက သူငယ်ချင်းတွေက ၁၉၉၀ ရွေးကောက်ပွဲအကြောင်းကို တအားသိချင်နေကြတယ်။ အခုခေတ် အင်တာနက် ရှိတော့ လိုင်းပေါ်က စာတွေဖတ်လို့ရပြီ။ ခက်တာက ရေးတဲ့လူ ရှားနေတာ။ ဆရာ့အချိန်ထဲက အနည်းငယ် အချိန်ပေးပြီး ၁၉၉၀ ရွေးကောက်ပွဲ အကြောင်း အစကနေ အဆုံးထိ ရေးတင်ပေးစေချင်ပါတယ်။ အချိန် အနည်းငယ်စီ ပေးပြီး  နည်းနည်းချင်း ရေး တင် ပေးပါ ခင်ဗျာ။ ကျနော်တို့ သူငယ်ချင်းတွေ အဲ့အကြောင်းသိချင်နေလို့ ပါ။


၁၉၉၀ တည်းဟူသော မိုးပေါ်မှာ ကြယ်တလုံးအကြောင်း စီကာစဉ်ကာ မရေးအားသေးပါ။ အချိန်ဝယ်ရဦးမယ်။ 


၁၉၈၈ ခုနှစ်မှာ တတိုင်းတပြည်လုံး ဆာလောင်မွတ်သိပ်လို့ ငိုကျွေးခဲ့ကြတယ်။ စစ်အစိုးရက ၁၉၉၀ မေလ ၂၇ ရက်နေ့မှာ တိုင်းပြည်အရေးကို ကလေးချော့သလို လုပ်ခဲ့ကြတယ်။ တင်းကျပ်မှုတွေကြားက အင်နယ်လ်ဒီပါတီဟာ ၄၈၅ နေရာ အနက် ၃၉၅ (၃၉၂ + ၃) နေရာ အနိုင်ရတယ်။ နဝတ ဥက္ကဋ္ဌ ဗခမက စောမောင်က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်မယ်လို့ နိုင်ငံတကာမီဒီယာမှာပြောဆိုခဲ့တယ်။ အနိုင်ရအမတ်တွေ ထောင် ထဲရောက်သူရောက်၊ ပြည်ပရောက်သူ ရောက်ပြီး ထောင်ထဲ အသက်ပျောက်သူပျောက်တယ်။ ဗခမက စောမောင်လည်း နေရာရော အသက်ပါ ပျောက်သွားရရှာတယ်။


မိုးပေါ်မှာ ကြယ်တလုံး၊ တိမ်ဖုံးပါလို့ လမသာ၊ သာတော့ခါ သာပါလိမ့်၊ နတ်ဒေဝါ သူဖန်ဆင်းတယ် ဖိုးရွှေလမင်း။


ကြယ်တလုံးကို စသတ်တဲ့ရာဇဝင်ကလည်း အဲတာနဲ့ဆက်စပ်နေပါတယ်။ 


ဒေါက်တာတင့်ဆွေ

၂-၁၀-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး