Bools ခေတ်က မကောင်းသေးဘူး

မင်္ဂလာပါဆရာ။ ဆရာ့စာတွေဖတ်ပြီးလေ့လာနေဆဲပါ။ မြန်မာစာကို ပြင်ဆင်ဖြည့်စွက်လို့ရလားရှင့်။ နားမလည်လို့ပါ အဲလို ပြင်ဆင် ဖြည့်စွက်မယ်ဆိုတော့ စိတ်ထဲတမျိုးပဲ နှမြောသလိုပဲ။


မေးခွန်းကို ပြန်ဖြေဖို့ အတော်စဉ်းစားရတယ်။ မေးတဲ့အတွက် ကျေးဇူး။ အမြန်သာဖြေပါရစေ။ မပြည့်စုံသေးပါ။ ဆောရီး။


သတ်ပုံကျမ်းရယ်၊ မြန်မာ့စွယ်စုံကျမ်းရယ်၊ နှစ်မျိုးရှိတယ်။ 


၁။ မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုတယ်။ အတွဲ (၁) (က မှ ကုံ) ကို ၁၉၄၉ ခုမှာစပြီး ပြုစုခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ဝေခဲ့တယ်။ တခြားနိုင်ငံတွေက စွယ်စုံကျမ်းတွေနဲ့ ယင်ဘောင် (မူရင်းသတ်ပုံ) တန်းနိုင်အောင် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားတယ်လို့ ရေးသားထားတယ်။ ဝိဇ္ဇာ၊ သိပံ္ပဘာသာရပ်တွေအပြင် မြန်မာနိုင်ငံအကြောင်းအရာတွေ ပါတယ်။ ပညာရပ်အလိုက်၊ ပညာရှင်တွေနဲ့ အစိုးရဌာနတွေနဲ့ တင်ပြခဲ့တယ်။ သက်ဆိုင်ရာပညာရှင်တွေကိုယ်တိုင် ရှာဖွေ စုဆောင်းရေးသားတယ်လို့လည်းပါတယ်။


၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆ဝ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆင် ဗိုင်းနေး လီမီတက် ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့တယ်။ ၁၉၅၆ မှာ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) မှာ ထုတ်လုပ်ရေးဌာန ဖွဲ့စည်းခဲ့တယ်။ အတွဲ (၆) ကစပြီး စာပေဗိမာန်ပုံနှိပ်တိုက်မှာရိုက်ခဲ့တယ်။ ဒီကျမ်းဦးစကားကို စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေး ကောင်စီအစိုးရလို့ ပါရှိတာကိုဖတ်ရှုရပါတယ်။ အတွဲ (၆) နောက်ကကျမ်းတွေကို နောက်အစိုးရလက်ထက်မှာထုတ်တယ်။


မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်

နဝတ လက်ထက်မှာ စွယ်စုံကျမ်းတွေ ပြန်ရိုက်တော့ သတ်ပုံအသစ်တွေကို သုံးလာတယ်။ ၂ဝဝ၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ပဌမဆုံးစာမျက်နှာမှာ ဒို့တာဝန်အရေးပါးတဲ့။ အရေးသုံးပါးလို့ မဟုတ်ပါ။ သေချာဖတ်ကြည့်ပါ။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်အပါအဝင် မြန်မာ့ရည်ညွှန်းကျမ်းစာအုပ်များ စီစဉ်ရေးအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ်၊ မေလ (၂) ရက်နေ့မှာ ပြင်ဆင် ဖြည့်စွက် ဖွဲ့စည်းခဲ့တယ်လို့ ရေးထားတယ်။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်တွေဆိုတာ ထုတ်ဝေပြီး မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲရဲ့ အဖြည့်ကျမ်းလို့ ရေးထားတာ တွေ့ရတယ်။ အဲဒီနှစ်ချုပ်တွေဟာ ဝါဒဖြန့်ချိရေး စာအုပ်သာဖြစ်နေတယ်။ ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေးတို့ ဓါတ်ပုံတွေကို ဦးစားပေးထားတယ်။ နိုင်ငံတကာ ဖြစ်ရပ်များအောက်မှာ မြောက်ကိုရီးယားက ကင်မ်ဂျုံအီးနဲ့ တရုပ်ကကျန်ဇီမင်းပုံတွေ များများတွေ့ရတယ်။


မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်တွေ အသုံးမကျ။ မြန်မာ့စွယ်စုံကျမ်း အွန်လိုင်းဒေါင်းလုဒ်တွေမှာ သတ်ပုံတွေ ပြင်ထားလို့ ဖွဲလို့သာ ထင်တယ်။ ဖွဲဆိုတာ ဝက်ကျွေးတာ။ ကန်တော့။ ဆောရီး။ အသစ်ထုတ်မယ်လို့ကြားတယ်။ တစသတ် ဘုန်းတော်ဘွဲ့ ဖြစ်ရင်တော့ အဲတာလည်း ဖွဲပဲ။


၂။ မြန်မာစာအဘိဓါန်နဲ့ စာလုံးပေါင်းသတ်ပုံကျမ်း။ မြန်မစာစည်ပင်လာကတည်းက သတ်ပုံကျမ်းတွေ အများကြီးရှိတယ်။


၁။ ရှင်ဥက္ကံသမာလာ ပြုစုထားတဲ့ ဝဏ္ဏဗောဓနသတ်အင်း (၁၉၆၁) ဟာ တချိန်က ကျောင်းသုံးမှီငြမ်းစာအုပ်ဖြစ်တယ်။ သိလိုတာ ရှာရတာတော့ နည်းနည်းခက်တယ်။


၂။ စိုက်ပျိုးဝန် ဦးသာမြတ်ပြုစုတဲ့ မြန်မာစာရေးထုံးကျမ်း (၁၉၅၃) လည်း ကောင်းတယ်။


၃။ ဟင်္သာတ ကျောင်းဆရာကြီး ဦးစံချစ်ပြုစုတဲ့ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) အကောင်းဆုံးလို့တယ်။


၎။ မင်းလက်ဝဲနော်ရထာပြုစုတဲ့ မြန်မာသံယောဂဒီပနီကျမ်း (၁၉၆၂) ရှိတယ်။


၅။ ကျော်အောင်စံထားဆရာတော်ပြုစုတဲ့ ဝေါဟာရတ္ထဒီပနီ ကောက်နုတ်ချက် (၁၉၆၉) ရှိတယ်။


မှန်တဲ့ သတ်ပုံကျမ်းတွေ စုတ်ပြဲနေပြီ။ အသစ်တွေက ကမောက်ကမ။ ကျွန်တော်တင်ပြနေတဲ့ သတ်ပုံမှန်တွေကိုတော့ ကျောင်းတွေ ရုံးတွေ ဘဏ်တွေမှာ မရေးသားကြစေလိုပါ။ ခေတ်က မကောင်းသေးဘူး။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး