Public Health ပြည်သူ့ကျန်းမာရေး

ဆရာခင်ဗျား အခုတလော ဆရာ့အနေနဲ့ နိုင်ငံရေးနဲ့ပက်သတ်ပြီး အမြင်မတူတဲ့ လူတချို့နဲ့ ဆုံနေတာကို တွေ့မိပါတယ် တကယ်တမ်းပြောရရင် ဆရာနဲ့ကျွန်တော်နိုင်ငံရေးအမြင်မတူပါဘူးခင်ဗျား ဒါပေမယ့် ဆရာ့ရဲ့ဆေးပညာကို ကျွန်တော် အရမ်းလေးစားပါတယ် မေးချင်တာကိုလည်းမေးလို့ရနေတဲ့အတွက် ဆေးပညာနဲ့ပက်သတ်ရင်ဆရာကတန်ဖိုးဖြတ်မရပါဘူး အမြင်မတူလည်း ဆရာ့စာတွေကို တန်ဖိုးထားနေဆဲပါဆရာ အဓိကကဆေးပညာပါ


လူတွေ သဘောထား၊ အမြင်၊ အယူအဆ၊ အကြိုက်၊ စွဲလမ်းမှု၊ ချစ်ခင်မှု မုန်းတီးမှု စတာတွေ မတူကြပါ။ သူတို့ မျိုးဗီဇ၊ သင်ယူလေ့လာမှု၊ ပတ်ဝန်းကျင်ဆွဲဆောင်မှု၊ သူတို့ကို ချီးမြှောက်မှု၊ ဒဏ်ခတ်ခံရမှု စတာတွေက မတူကြလို့ဖြစ်တယ်။


စစ်ထောက်လှမ်းရေးက ၁၉၉၀ ခုနှစ်မကုန်ခင် ပုလဲတမြို့လုံးမှာ ကျွန်တော်တယောက်တည်းကိုသာ ဖမ်းတယ်။ ကျွန်တော့်မိသားစု၊ ကျွန်တော့လူနာတွေ၊ ကျွန်တော့မိတ်ဆွေတွေနဲ့ ကျွန်တော့်ကို မဲပေးသူတွေကို မဖမ်းပါ။ နောက်တော့ ကျွန်တော့ကို ကူညီကြတဲ့ အမျိုးတွေ မိတ်ဆွေတွေနဲ့ ကျွန်တော့်ဇနီးကို ဖမ်းတယ်။ အဖမ်းခံရသူတွေက စစ်အစိုးရကို အကောင်းမမြင်ကြပါ။ မြင်သင့်ပါသလား။ တချို့က စစ်အစိုးရကို သဘောကျကြပါတယ်။


၁၉၉၀ ရွေးကောက်ပွဲမှာ အင်နယ်လ်ဒီက ၈၀့၈%သာနိုင်တယ်။ ၁၀၀% မနိုင်ပါ။ ၂၀၁၅ မှာလည်း ၈၆% သာနိုင်တယ်။ ၁၀၀% မနိုင်ပါ။ ကျန်တဲ့သူတွေက အင်နယ်လ်ဒီကို မကြိုက်ကြပါ။ အဲတာ နော်မယ်လ်။


ဆရာဝန်တွေထဲမှာလည်း ပါတီအမျိုးမျိုး။ အဲတာလည်း နော်မယ်လ်။ ပြည်ခိုင်ဖြိုးဆရာဝန်တွေက ကျန်းမာရေးကို ကျွန်တော့်ထက် ပိုလုပ်နိုင်တာရှိနိုင်ပါတယ်။ 


ကျန်းမာရေးမှာ နိုင်ငံရေးအရောင် မခွဲခြားရပါ။ ပြည်သူ့ကျန်းမာရေးလည်း ကောင်းတယ်။ အများပြည်သူ့ ဒီမိုကရေစီလည်း ကောင်းတယ်။


မဆလ နဲ့ နဝတ-နအဖ အကြောင်း မသိသူတွေက မကောင်းမမြင်ကြတာ မဆန်းပါ။ ကျွန်တော့်မေးနည်းစည်းကမ်းထဲမှာ ဘယ်ပါတီကလဲလို့ ထည့်မထားပါ။


ဒေါက်တာတင့်ဆွေ

၃-၁၀-၂၀၂၀


Comments