Hand fans စက္ကူယပ်တောင်

မီဒီယာတခုက မေးပါတယ်။ စက္ကူယပ်တောင်တွေက လူမှုရေးနဲ့ နိုင်ငံရေး မှာ အရေးပါမှုကို ပြောပြပေးပါရှင့်။ ဆရာကိုယ်တိုင်လည်း အလှူမှာ စက္ကူ ယပ်တောင်ဝေဖူးတယ်လို့သိရပါတယ်။ ဘယ်နှစ်ခုနှစ်လောက်ကပါလဲရှင့်။ အမှတ်တရပြန်ပြောပြပေးပါရှင့်။ မြန်မာ့လူနေမှု ဘဝမှာ ယပ်တောင်လိုပဲ ပျောက်သွားတဲ့အရာတွေရှိပါသလားရှင့်။ ဥပမာ ရေအိုးစင်လိုပါ။ ဆရာ့အနေနဲ့ စက္ကူယပ်တောင်တွေကို တခေတ်ပြန်ပြီး အသက်ဝင်လာစေချင်ပါလားရှင့်။

စက္ကူယပ်တောင်တွေကို လွမ်းလို့ ကွယ်ပျောက်ပြီလားလို့ ရေးပါတယ်။ တချို့က ပလပ်စတစ် ယပ်တောင်တွေနဲ့ အစားထိုးကြပြီတဲ့။ တချို့က ကျမတို့မြို့ ကျွန်တော်တို့ရွာမှာတော့ ရှိပါသေးသတဲ့။


ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်ကြာတယ်။ နယူးဒေလီမြို့ဟာ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မကွေးနဲ့ ပခုက္ကူမြို့တွေထက် ပူတယ်။ နွေအခါ မီးမလာရင် ယပ်တောင်ရှာရတယ်။ အဆင်ပြေတာ တခါမှ မတွေ့ခဲ့ပါ။ သူတို့ဝါးယပ်တောင်ကို သိပ်သဘောမတွေ့။ မြန်မာ့စက္ကူယပ်တောင်ကိုသာ သတိရနေခဲ့ရတယ်။


ငယ်ငယ်က မုံရွာမှာ ခါတော်မှီအေးယပ်တောင်ကို အများဆုံးသုံးကြတယ်။ စက္ကူယပ်တောင်တွေကို ဝါးကို အခြေခံပြီး လုပ်ရတယ်။ လက်ကိုင်စရာ ဝါး၊ အဆုံနေရာကနေ ဖြာထွက်နေတဲ့ ဝါးနှီးပြားသေးသေးလေးတွေနဲ့ စက္ကူကို သာကူစေ့ ကော်နဲ့ ကပ်ရတယ်။ လူ့လက်ချောင်းတွေနဲ့ လုပ်ကိုင်ကြရတာ။ အားလုံးဟာ သဘာဝပစ္စည်းတွေသာ ဖြစ်တယ်။ အော်ဂဲနစ်ယပ်တောင်။ 


ကျွန်တော်တို့က စက္ကူယပ်တောင်လို့ ပြောပေမဲ့ အင်္ဂလိပ်လိုက Hand fans လက်ယပ်တောင်တဲ့။ စက်သုံးစရာမလိုတဲ့ ယပ်တောင်။ ရာဇဝင်လိုက်ရင် နှစ်ပေါင်း ၄၀၀၀ အီဂျစ်ကနေ စပါသတဲ့။ ခေါက်ယပ်တောင်ကိုတော့ ဂျပန်နဲ့ တရုပ်က စတယ်။ လက်ယပ်တောင်ကို ဥရောပမှာ ၁၅၀၀ ကျော်မှာစသုံးတယ်။ လူချမ်းသာတွေသာသုံးတာတဲ့။ 


မြန်မာ့ရာဇဝင်မှာ နန်းတွင်းသုံးကနေစတယ် ထင်ပါတယ်။ ခေတ်သစ်မြန်မာ့သမိုင်းမှာ စက္ကူယပ်တောင်တွေက အရပ်သုံး အများသုံးဖြစ်တယ်။ ယဉ်ကျေးမှုတရပ်လို့ ပြောလို့ရတယ်။ အလှူ၊ မင်္ဂလာပွဲနဲ့ နာရေးမှာ အများဆုံးသုံးတယ်။ ဝါဝင် ဝါကျွတ်၊ ကထိန်နဲ့ နှစ်ပတ်လည်နေ့တွေမှာလည်း ကမ်းကြတယ်။


ယပ်တောင်မှာ စာရေးကြတယ်။ ကုသိုလ်ပြုသူအမည်၊ သတို့သမီး သတို့သားအမည်။ ကွယ်လွန်သူ အမည်။ တချို့ဆိုရင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်အမည်တွေပါတယ်။ 


ကျွန်တော်က အစုံရဖူးတယ်။ ဝေငှဖူးတာတော့ အလှူတခုတည်းသာ။ ၁၉၈၄ ခုနှစ်က ပုလဲမြို့မှာ။


နာရေးယပ်တောင်မှာ သံဝေဂလင်္ကာတွေ ပါလေ့ရှိတယ်။ နယူးဒေလီမှာနေရစဉ် ကျွန်တော့်အမေက ၁၆-၅-၁၉၉၄ နေ့မှာ ကွယ်လွန်တာကို ကျွန်တော်က ၄ လ နေမှသာ သိခွင့်ရတယ်။ စစ်ထောက်လှန်းရေးအဖွဲ့က အာဏာကုန်ပြနေချိန်။ ကျွန်တော့်အဖေ ၂၈-၉-၂၀၀၃ နေ့မှာ ကွယ်လွန်တော့ နေ့ချင်း သိခွင့်ရတယ်။ ၂၀၀၃ မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးအပြီးမှာ ဝက်အူရစ် လျော့လာရချိန်။ အဖေ့အသုဘမှာ ကမ်းတဲ့ယပ်တောင်ပုံတခုကိုတော့ နောင် နှစ်ပေါင်းများစွာကြာမှ သိခွင့်ရပါတယ်။ မင်းကွန်းဆရာတော်ကြီး ရေးထားတဲ့ သံဝေဂလင်္ကာတခုပါတယ်။ 


လာတုန်းကလည်း၊ တယောက်တည်းနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ တကိုယ်တည်း။ ပြန်သွားတော့လည်း တယောက်တည်းနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ တကိုယ်တည်း။


အခုတော့ တယောက်တည်းကို တယောက်တည်းလို့ မရေးကြတော့ပါ။ တကိုယ်တည်းကို တကိုယ်တည်းလို့ မရေးကြတော့ပါ။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ မြန်မာစာသတ်ပုံသင်္ခါရ။


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦီးသန့်ကွယ်လွန်စဉ်က စက္ကူယပ်တောင်ကမ်းတယ်။ မြန်မာနိုင်ငံ၏ သားထူး သားမြတ် ကမ္ဘာ၏ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ ဦးသန့်လို့ ရိုက်နှိပ်ထားတယ်။ အခုတော့ တဦးကို တဦးလို့ မရေးကြတော့ပါ။ လူသင်္ခါရ၊ မြန်မာစာသတ်ပုံသင်္ခါရ။ မေးခွန်းထဲက စသတ်ထားတဲ့ တခေတ်ကို ပြင်လိုက်တယ်။ ဆောရီး။


၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အမတ်တွေကို ဖမ်းဆီးစစ်ဆေးတယ်။ ထောင်ထဲမှာ သေဆုံးတဲ့အထိ နှိပ်စက်တယ်။ အစောဆုံးသေဆုံးရတဲ့ အမတ်တဦးကို သတင်းထုတ်ပြန်တော့ သွေးကင်ဆာကြောင့် သေပါသတဲ့။ သူ့အတွက် ယပ်တောင်မှာ -

သူ့ကိုသတ်တာ

ကင်ဆာတဲ့လား

ကင်ဆာ ကျဆုံးပါစေ။


စက္ကူယပ်တောင်တွေက သမိုင်းကိုပြောပြနေတယ်။ မင်္ဂလာသမိုင်း၊ ကုသိုလ်သမိုင်း၊ အနိစ္စသမိုင်း၊ တကိုယ်တော်သမိုင်း၊ မိသားစုသမိုင်း၊ တိုင်းပြည်သမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ မြန်မာစာသမိုင်း။ 


ဧည့်သည်


လာတုန်းကလည်း တယောက်တည်းနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ တကိုယ်တည်း။


ပြန်သွားတော့လည်း တယောက်တည်းနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ တကိုယ်တည်း။


လာပြီးတော့ နား၊ မသွားသေးခင်၊ ချိန်လေးတွင်မှ၊ ဝန်းကျင်ယှက်နွယ်၊ နှောင်ကြိုးသွယ်ခဲ့။


ပြုံရယ်မဲ့ငို၊ ချစ်မုန်းပိုကြ၊ မလိုဒေါသ၊ လိုလောဘနှင့်၊ ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့။


ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ၊ သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊ ဒို့လျှင် ဧည့်သည်ချည်းပါတကား။


ငါသည်ပင်မှ ခေါ်သူမရှိ၊ ရောက်လာမိစဉ်၊ နှင်သူမရှိ၊ ပြန်ဖို့ ရှိ၏။


ငါနေသည့်အိမ်၊ ငါ၏အိမ်ဟု၊ ငါ့အိမ်မှာထား၊ ငါ့မယားနှင့် ငါ့လင်သားနှင့်၊ ငါ့သားသမီး၊ ငါ့ပစ္စည်းဟု၊ ယူသည့် စိတ်စွဲ အမှတ်လွဲခဲ့။


အမှန်မှာမူ ငါလာသောခါ၊ လက်ဗလာတည်း၊ ပြန်ရပါလျှင်၊ လက်ချည်းပင်တည်း၊ ငါ့တွင် ကိုယ်ပိုင် မရှိပါတကား။


လာသူလာလည်း၊ လာစမ်းပါစေ မဆီးလေနှင့်၊ သွားသူသွားလည်း၊ သွားစမ်းပါစေ မတားလေနှင့်၊ တို့တတွေမှာ၊ သဘာဝလျှင် အမိရင်ဝယ် ထွက်ဝင် ခိုနား၊ ခရီးသွားသည့် ဧည့်သည်တွေချည်းပါတကား။


(မင်းကွန်းဆရာတော်ဘုရားကြီး)


ဒေါက်တာတင့်ဆွေ

၁၃-၁၀-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ