Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား

၁။ Fri, May 8, 2015 at 10:27 AM
ကျမအသက် ၂၉။ အမျိုးသား ၃ဝ။ ကိုယ်ဝန်ရှိနေပြီဆရာ။ ကျမသွေးက A သွေးအမျိုးအစား။ RH negative ပါ။ အမျိုးသားကတော့ အိုသွေးပါဆရာ။ Rh တော့မသိပါ။ ရာသီလာမဲ့ရက်ထက် ၃ ရက် နောက်ကျလို့အိမ်မှာဆီးစစ်ကြည့်တာ မျဉ်း ၂ ကြောင်း ထင်းနေအောင်ပေါ်ပါတယ်။ ဆရာ့စာတွေထဲ အေသွေးအနုတ်ဆို စိုးရိမ်ရတယ်လို့ဖတ်ဖူးလို့ပါ။ သားဦးကိုယ်ဝန်ပါ။ လမ်းညွှန်ပေးပါဆရာ။ ဆရာသက်ရှည်ကျန်းမာပါစေ။

၂။ ဆရာရှင့် သမီးက အသက် ၂၇ နှစ်ပါ၊ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက်က ၁ နှစ်ပါ။ အမျိုးသားက ၂၇ နှစ်ပါ။ သူက O သွေး သမီးက AB သွေးပါ။ ကလေးယူဖို့ စဉ်းစားနေပါတယ်ရှင့်။ ဒါပေမဲ့ ကြားဖူးတာက ကလေးအဖေ နဲ့ ကလေးအမေနဲ့ သွေးမတည့်ရင် ကလေးမွေးပြီးတာနဲ့ သေတယ်လို့ ကြားဖူးထားလို့ပါ။ အဲဒါကို ကြောက်နေပါတယ်။ ကလေး မယူခင် သွေးတည့်-မတည့် စမ်းကြည့်လို့ ရပါသလားရှင့်။ သမီးက မြန်မာနိုင်ငံမှာပဲ နေတာပါ။

Matching blood group before marriage is important လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးကြီးတယ်နဲ့ Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။ မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။ Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက အချင်းကတဆင့် ကလေးဆီကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ သွေးနီဥတွေ မျက်နှာပြင်မှာ D antigen ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေ မွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိ စစ်ဆေးတယ်။ ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ
• Rh negative မိခင်ကနေ Rh positive ကလေးကိုယ်ဝန်ဆောင်နေရင် မိခင်ရဲ့ ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ ဒါကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။ ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ ခေါ်တယ်။
• ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေဟာ များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ ကိုယ်ဝန်ပျက်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့် မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ယဉ်ပါးအောင်လုပ်တာဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူစစ်ဆေးလို့လဲ နည်းနည်းဖြစ်နိုင်သေးတယ်။

ကလေးအတွက် အန္ကရာယ်တွေ
• မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပါးလို့ သွေးအားနည်းမယ်၊ အသားဝါရောဂါရမယ်၊ ဉာဏ်ရည်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။
• သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီအသားဝါဖြစ်တာက မွေးစကလေးတိုင်းဖြစ်တဲ့ အသားဝါထက် ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်
Rh negative ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့ မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ ဘာမှစိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

Dr. တင့်ဆွေ
၂၃-၉-၂ဝ၁၁
၈-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး