Depression (2) ကံဆိုးမသွားလေရာ

April 7th World Health Day 2017
Depression - Let’s talk

၂ဝ၁၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်က စိတ်ကျဝေဒနာ ပြောဆို တိုင်ပင် ဆွေးနွေးပါ။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာချင်ရွာပါစေ၊
စိတ်ကျ ဝေဒနာ ပြောဆို တိုင်ပင် ဆွေးနွေးပါ။

စောစောကလေးတင် သူ့အကိုမှာ စိတ်ကျရောဂါဖြစ်နေလို့မေးပါတယ်။ သူ့ကိုယ်သူ သတ်သေဘို့ကြိုးစားတဲ့အထိ ဆိုးတယ်တဲ့။ အဖြေပို့မှ သတိထားမိတယ်။ မေးတဲ့သူ အိုင်ဒီက သေခြင်းနဲ့ဆိုင်တဲ့စကားလုံးတခု ဖြစ်နေတယ်။ အတိအကျတော့ မပြောတော့ပါ။ အဲလိုအမည် မယူသင့်လို့ ထင်ပါတယ်။

စိတ်ကျတယ်ဆိုတာ အတွေးရော အလုပ်ပါ ကျနေတာဖြစ်တယ်။ ဒါဖြစ်လာရင် သူ့အတွေး၊ သူ့အမူအယာ၊ သူ့ခံစားချက်နဲ့ သူ့ကိုယ်ကာယ ကျန်းမာရေးတွေမှာ လာထိခိုက်တယ်။ ဝမ်းနည်း၊ ကြေကွဲ၊ စိုးရိမ်၊ အကူအညီကင်းမဲ့၊ အပြစ်ရှိနေသလိုနေ၊ ဂနာမငြိမ်၊ စိတ်မလိုမကျတာတွေ ဖြစ်လာမယ်။ အရင်က သာယာတာတွေ၊ စိတ်ဝင်စားတာတွေ၊ အရသာတွေ့တာတွေ နည်းပါး၊ ကင်းမဲ့လာမယ်။ အအိပ်ပျက်မယ်၊ အစားတော့ နည်းချင်နည်း၊ များချင်များမယ်။ အားယုတ်၊ နာကျင်ကိုက်ခဲ၊ အစာမကျေတာတွေ ဖြစ်မယ်။ ဆိုးဝါးတဲ့အဆင့်ရှိသူတွေမှာ ၄့၎% က ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ ပြန်ပြန်ဖြစ်နေသူ၊ အကုရခက်သူတွေလဲရှိတယ်။

ဒီခေတ်မှာ လူတွေက ပိုပြီးပွင့်လင်းလာကြတယ်။ ချုပ်တီး-သိုဝှက်မထားတော့ဘူး၊ မြုံမထားတော့ဘူး၊ ထိန်းမထားတော့ဘူး။ စိတ်ထဲမှာရော၊ ပြောတာဆိုတာ၊ ရေးသား-ဖွဲ့ဆို-စပ်ဟပ်တာရော၊ လုပ်ကိုင်၊ လှုပ်ရှား၊ ကခုန်၊ ဝတ်ဆင်တာတွေပါ အရင်ကလူတွေထက် ပိုလာ၊ ကဲလာ၊ သဲလာ၊ ရဲလာကြတယ်။ ပြောင်းလာကို ပြောတာပါ။ ကောင်းလာတာလို့ ပြောချင်တာတော့ မဟုတ်ပါ။ အကုန်မကောင်းဘူးလို့လဲ မဆိုချင်ပါ။ ပြောင်းလာတာက ဖြစ်နေတာမို့ အရှိတရားတခုပဲ မဟုတ်ပါလား။

ပုထုဇ္ဇနော ဥမ္မတ္တကော
သာမန်လူတွေဟာ စိတ်မတည်ဘဲ အစဉ်အမြဲ ဖောက်လွှဲဖောက်ပြန် ဖြစ်တတ်တဲ့သဘောရှိကြလို့ အရူးတွေနဲ့ အတူတူဘဲလို့ ဆိုလိုတာပါ။ စိတ်နဲ့ပတ်သက်ရင် အဲဒီအဆိုအမိန့်ကို လူကြီးတွေ သိကြသလို ခုခေတ်မှာ ကောင်ဆယ်လင်း လုပ်ရတယ်။ ပညာရှင်နဲ့ ခံစားနေရသူတွေ အပြန်အလှန် မေးကြ၊ ဖြေကြရတာမျိုးလုပ်တာကို ပြောတာပါ။ ကောင်ဆယ်လာဆိုတာ စိတ်ကျန်းမာရေး၊ စိတ်ကျရောဂါကို ဆရာဝန် မဟုတ်သူတွေက လုပ်ပေးကြတာပါ။ ဆက်ဆံရေး၊ အိမ်ထောင်ရေး၊ လမ်းညွှန်မှု၊ မိသားစု၊ ဒါတွေမှာ ဆရာဝန်တွေ မလုပ်တတ်ပါ။ ကောင်ဆယ်လာကောင်းဆိုတာ အကောင်းဆုံး နားထောင်ပေးနိုင်သူ ဖြစ်ပါတယ်။ ဘက်မလိုက်ဘဲ မြင်တတ်သူလဲဖြစ်တယ်။ အင်တာနက်ကနေ ဆောင်ရွက်ပေးတာ ရှိလာလို့ ပိုအဆင်ပြေလာတယ်။

စိတ်ကျရောဂါဆိုတာ ကျား-မ မရွေးဖြစ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ တယောက်ဖြစ်တာနဲ့ နောက် တယောက်ဖြစ်တာ တူချင်မှတူမယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေလို့ ခွဲခြားနိုင်တယ်။ ဖြစ်နေချိန်မှာ စိတ်ဓာတ် ညှိုးငယ်ကျဆင်းနေမယ်။ မနက်ပိုင်းမှာ ပိုသိသာတယ်။ စိတ်ရွှင်လန်းမှု မရှိဘူး။ သွားလာ လှုပ်ရှားတာ စကားအပြောအဆိုမှာလည်း နည်းမယ်၊ လေးလံမယ်၊ နှေးကွေးမယ်။ ကိုယ့်အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင် အပေါ်မှာလဲ စိတ်ဝင်းစားမှုတွေ နည်းသွားမယ်။ လိင်ကိစ္စမှာပါ စိတ်ဝင်စားမှု လျော့နည်းနေမယ်။ တခါတလေ စိတ်တို လွယ်တယ်။ စိုးရိမ်စိတ်တွေ လွန်ကဲနေမယ်။ ဂနာမငြိမ်ဖြစ်နေမယ်။ တခါတလေ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုကြွေးနေမယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူလို့ ထင်မြင် ပြောဆိုနေမယ်။ သူပြုမှုမိခဲ့တာတွေအပေါ် စားမြုံ့ပြန်နေပြီး လိုအပ်တာထက် ပိုပြီး အပြစ်ကို ပုံကြီးချဲ့ တွေးထင်ပြောဆိုမယ်။ တန်ဖိုးမရှိတဲ့လူ၊ အကူအညီမဲ့တဲ့လူ၊ မျှော်လင့်ချက် ကင်းမဲ့နေသူအဖြစ်လည်း ယူဆနေမယ်။ ကိုယ့်ဘဝအပေါ် အဆိုးမြင်တဲ့ ခံယူချက်တွေလည်း ဖြစ်ပေါ်နေမယ်။ လုပ်ချင် ကိုင်ချင်စိတ်တွေလည်း ကုန်ခန်းနေမယ်။ အာရုံ စူးစိုက်နိုင်စွမ်းလည်း ကျဆင်းနေမယ်။ မမှတ်သားနိုင်ဘဲ ဖြစ်နေမယ်။ ဆုံးဖြတ်ချက်ချဘို့ မဝံ့မရဲ ခက်ခဲနေတတ်ပြီး အသေးအဖွဲကိစ္စတောင်မှ ချီတုံ ချတုံ ဖြစ်နေမယ်။ ဘဝရဲ့ အရသာတွေ၊ သာယာမှုတွေ ပျောက်ဆုံး နေသလို ခံစားနေရမယ်။

စိတ်ဓါတ်ကျနေတာကို မကုသရင် ထိန်းမနိုင်သိမ်းမရဖြစ်တာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်နှစ်ခွအခြေအနေ ဆက်ဖြစ်လာတတ်တယ်။ ထိန်းမရချိန်မျိုး ရောက်လာရင် ဆေးရုံတက်ပြီး၊ အထူးကုသမှု လုပ်ရမယ်။ ကုသနည်း ၃ မျိုး ရှိတယ်။ (၁) Psychotherapy စိတ်ကို စိတ်နဲ့ကုတာ အကောင်းဆုံးဖြစ်တယ်။ (၂) Medication ဆေးနဲ့ ကုနည်းရှိတယ်။ (၃) Electroconvulsive therapy လျှပ်စစ်နည်းက နောက်ဆုံးနည်းဖြစ်တယ်။

Antidepressants စိတ်ကျရောဂါဆေးတွေကတော့ -
• Tricyclic = Amitriptyline (Elavil), Imipramine (Tofranil), Nortriptyline (Pamelor)
• SSRIs or serotonin boosters = Fluoxetine (Prozac), Paroxetine (Paxil), and Sertraline (Zoloft) နဲ့
• Monoamine oxidase inhibitors = Phenelzine (Nardil), Tranylcypromine (Parnate) တွေဖြစ်တယ်။

Psychotherapy နည်းကို ယောက်ချင်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်တယ်။ ဆရာတွေကလဲ အမျိုးမျိုးရှိတယ်။ Psychotherapists စိတ်ကုဆရာဝန်၊ Psychiatrists စိတ်ပညာအထူးကုဆရာဝန်၊ Psychologists စိတ်ပညာရှင်၊ Clinical social workers ကျန်းမာရေး-လူမှုရေးရာ ကျွမ်းကျင်သူ၊ Counselors (ကောင်ဆယ်လာ) နဲ့ Psychiatric nurses စိတ်အတူးပြု သူနာပြုတွေကနေ လုပ်ပေးတယ်။

စိတ်အခြေအနေတွေဆိုတာ ဖြစ်လာတာရော၊ ကျော်လွှားနိုင်တာပါ ကိုယ်ကိုယ်တိုင်က အစပျိုးတာတွေဖြစ်ပါတယ်။ တခါတလေ အဲလိုလုပ်မရတတ်ကြဘူး။ ဝေဒနာခံစားနေသူလဲ ကောင်းနေတုံးက ကိုယ့်လောဘ၊ ကိုယ့်ဒေါသကို ထိန်းချုပ် နိုင်စွမ်း ရှိခဲ့သူပါဘဲ။ ကုသရင်လဲ ပြန်ကောင်းလာဦးမှာဘဲ။

၁။ ကိုယ့်ကိုယ်ကိုရော သူများကိုပါ စိတ်ထဲကို၌က အပြစ်မတင်မိအောင် ကြိုးစားပါ။
၂။ ကိုယ့်ရောဂါအကြောင်း ပြောသင့်သူတွေကို ထုတ်ဖော်ပြောပါ။
၃။ မူးယစ်ဆေးဝါးနဲ့ အရက်ကို ထွက်ပေါက်လို့မထင်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပါ။ ကောင်းကောင်း စားပါ။ အိပ်ပါ။
၎။ အလုပ်တာဝန် မပိပါစေနဲ့။
၅။ အဲလိုအချိန်မျိုးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမချပါနဲ့ဦး။
၆။ စနစ်တကျ ဆေးကုသမယ်လို့တော့ ဆုံးဖြတ်လိုက်ပါ။ ငါ ပျောက်ရမယ်လို့လဲ ယုံကြည်စိတ်ထားပါလေ။

ရင်းနှီးသူ အမျိုးသမီးတဦးက စိတ်ကျရောဂါစာကိုဖတ်ပြီး တူနေတဲ့ သူ့အဖြစ်အပျက်တွေရေးပြတယ်။ စိတ်ရဲ့သဘောက အဲလိုပဲ။ တခဏတိုင်းမှာ ပြင်ယူနေကြရတာ။ ကိုယ်လိုသူလိုလူတွေ များတာကိုသိပါ။ ပြင်ယူနည်းကတော့ မတူကြပါ။ ပုထုဇ္ဇနော ဥမ္မတ္တကော။ အချိန်တိုင်း ပြောင်းလဲနေတဲ့စိတ်ကို ပြင်နေရမှာပဲ။ မတွေးတော့ရင် တွေးမယ့်ဟာ ပျောက်သွားတယ်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာချင်ရွာပါမယ်။ မိုးဆိုတာ တနေကုန်ရွာတာမျိုးက တနှစ်မှာ ဘယ်နှစ်ရက်သာရှိသလဲ။ လောကကြီးမှာ သာယာနေတာကို ခံစားလိုက်ပါ။ ဘုရားအလောင်း၊ ရဟန္တာလောင်း မဟုတ်သူတိုင်း လောကရဲ့ သာယာဖွယ်ကို ရှာဖွေပြီး၊ ကျင်လည်နေကြပါတယ်။ အပြစ်လွတ်တဲ့ သာယာမှုတွေ တလှေကြီးရှိပါတယ်။

Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ http://doctortintswe.blogspot.com/2014/11/depression-4.html
Depression (3) စိတ်ကျခြင်း http://doctortintswe.blogspot.com/2014/11/depression-3.html
Depression (2) ပုထုဇ္ဇနော http://doctortintswe.blogspot.com/2014/11/depression-2.html
Depression (1) စိတ်ကျရောဂါ http://doctortintswe.blogspot.com/2014/11/depression-1.html

Dr. တင်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး