Pap smear သားအိမ်ဝကင်ဆာ စမ်းသပ်နည်း

(ကန်တော့ပါ)

၁။ ကျမအသက်က ၃၄ နှစ်ပါဆရာ။ အိမ်ထောင်ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးထားပါတယ်။ အဲ့ဒီ့ကာကွယ်ဆေးကထိုးပြီး ဘယ်လောက်ကြာရင်ပြန်စစ်ဆေးသင့်လဲဆရာ။ ဘယ်လောက်ကြာကြာအထိ ကာကွယ်မှု ရှိပါသလဲဆရာ။ ဘယ်လောက်ကြာရင် ပြန်ထိုးရပါသလဲဆရာ။

၂။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မ အသက် ၃၁ နှစ်။ ကလေး ၂ ယောက်ရှိပါတယ်။ OG နဲ့သားအိမ်ခေါင်းကင်ဆာ စစ်ပါတယ်။ အဖြေစာရွက်ကို အောက်မှာပေးပို့ထားပါတယ်ရှင့်။ OG က ဆေးစစ်ချက်အဖြေက မကောင်းလို့ သားအိမ်ထုတ်ဖို့ ပြောပါတယ်။ ဆရာ့ဆီက အကြံပေးတာလေးလည်းလိုချင်ပါတယ်ရှင့်။ ဆေးစစ်ချက်အဖြေက ဘာဖြစ်တာလဲ။ အရမ်း စိုးရိမ်ရပါသလားရှင့်။ သားအိမ်ထုတ်သင့်ပါသလားရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင့်။

၃။ ဆရာ ကျွန်မသားအိမ်ခေါင်းရောဂါသွားစစ်ချင်လို့ပါ။ အသက်က ၃၁ နှစ် ရန်ကုန်ကပါဆရာ။ တနှစ်ခွဲသမီးလေး တယောက်ရှိပါတယ်။ ဘာမှဖြစ်လို့တော့မဟုတ်ပါဘူး ဒီတိုင်းစစ်ထားချင်လို့ပါဆရာ။ အဲ့ဒါသားအိမ်ခေါင်းစစ်ဖို့ ဆောင်ရန် ရှောင်ရန်ရှိပါလားဆရာ။ ဥပမာ အမျိုးသားနဲ့ ဘယ်နှစ်ရက်မနေထားရဘူးတို့ ။ဓမ္မတာရက်နဲ့ ဘယ်နှစ်ရက်ကွာရမယ်တို့ ရှိပါလားဆရာ။ အဲ့ဒါလေးသိချင်လို့ပါဆရာ။

၎။ ဆရာရှင့် ကျမ အသက် ၂၆ နှစ် အပျိုပါ။ သားအိမ်ခေါင်းကင်ဆာရှိမရှိကို ဘယ်လိုစမ်းသပ်တာပါလဲရှင်။ အများစု ပြောကြတာ စစ်ရင်အရမ်းနာကျင်တယ်လို့ပြောကြပါတယ်။ ကာကွယ်ဆေးက အကြိမ်အရေအတွက် ဘယ်လောက် ထိုးရတာလဲရှင်။ ကျမလည်းစစ်ပြီးဆေးထိုးရမှာကို ကြောက်နေမိပါတယ်။

၅။ ကျမအသက် ၂၉၊ ကလေး ၂ နှစ်ခွဲမိခင်ပါ။ Pap smear က ၂ဝ၁၂ ကစစ်ထားတာ ၃ နှစ်ကျော်လို့ထပ်စစ်ရင်းက သားအိမ်ခေါင်းရောင်တာတွေ့တာပါ။ OG ကအောင့်တာတွေမရှိရင် ဆေးမသောက်နဲ့ နောက် ၃ နှစ်ကြာမှပြန်စစ်လို့ ပြောပါတယ်။ Pap smear ဘယ်နှစ်လနေရင် ပြန်စစ်သင့်ပါသလဲရှင့်။

၆။ ၂၆ နှစ်ကျော်ရင် မရဘူးလားဆရာ။

၇။ သမီးက ကလေး၂ ယောက်မွေးထားပါတယ်။ အသက် ၃၄။ ကာကွယ်ဆေးထိုးသင့်လားဆရာ။

၈။ ဆရာရှင့် အသက် ၃၂ ဖြစ်နေတဲ့အတွက် ထိုးရန်သင့်မသင့် သိပါရစေဆရာ။

၉။ သမီးက ၃၆ နှစ်ပါ။ အခုဆေး ၃ လုံးထိုးပြီးပါပြီ။ ဘယ်နှစ် နှစ်ကျရင်ပြန်ထိုးရမှာလဲ သိချင်ပါတယ် ဆရာရှင့်။

Pap smear ပက်-စမီးယားဆိုတာ သားအိမ်ဝ (ခေါင်း) ကင်ဆာစမ်းသပ်နည်းဖြစ်တယ်။ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခုဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ သားအိမ်ဝမှာ မူမမှန်တဲ့ ဆဲလ်တွေ ဖြစ်နေ-မနေ သိအောင်လုပ်တယ်။ Pap test လို့လည်းခေါ်တယ်။ ၁၉၂၈ ကတည်းကစပေါ်တယ်။ အဖြေကို တပါတ်စောင့်ရတယ်။ အဖြေက မကောင်းဘူးထွက်ပေမယ့် သားအိမ်ဝကင်ဆာလို့ တန်းမပြောနိုင်သေးပါ။ ပိုးဝင်နေတာ၊ ကိုယ်ဝန်တား သားအိမ်ဝအဖုံး (ဒိုင်ယာဖရန်) သုံးထားတာ၊ ရာသီဖြစ်စဉ် အပြောင်းအလဲတချို့တွေကနေ အဖြေမူမမှန်တာတွေ့နိုင်တယ်။ နမူနာယူတုံးက လုံလောက်အောင် ဆဲလ်အရေအတွက်ပါမလာရင် ပြန်စစ်ရတယ်။ သွေးဆုံးအမျိုးသမီးတွေလို အီစထိုဂျင်ဟော်မုန်းနည်းနေရင် ဟော်မုန်းဆေးပေးပြီး ထပ်စစ်ရနိုင်တယ်။

Pap Smear Test အဖြေဖတ်ခြင်း
Normal = ပုံမှန်။
Inconclusive (ASC-US) = ပုံမှန်မဟုတ်သော ဆဲလ်မှာတွေ့ရှိ။ ဘာလဲ သေချာ မပြောနိုင်သေး။ ၇၅% မှာ ရောဂါလို့လည်း ပြောမဖြစ်။
Abnormal = ပုံမှန်မဟုတ်။ အများစုက ကင်ဆာမဟုတ်။ နောင်တချိန်တော့ ပြောမရ။
Low-grade SIL (LSIL) or CIN1 ကင်ဆာမဟုတ်။ အလိုလိုပျောက်သွားနိုင်။ စာတပုဒ်ရေးထား။
High-grade SIL (HSIL), CIN2 or CIN3 နေရာမှာသာကွက်ဖြစ်နေတဲ့ သားအိမ်ဝကင်ဆာ။

Pap smear မှားတတ်သောအမှားများ
1.  Pap Smear ပုံမှန်စမ်းစရာမလိုဘူးလို့ထင်မှတ်ခြင်း။
2.  Pap Smear မလုပ်မီ ၂၄-၄၈ နာရီအတွင်း အတူနေခြင်း၊ ဗဂျိုင်းနားကိုဆေးရည်နဲ့ဆေးခြင်း၊
3.  Pap Smear စမ်းသပ်ရက်ကို ရာသီရက်မှာပေးမိခြင်း။
4.  Pap Results အဖြေပြန်တောင်းရမှန်းမသိခြင်း။
5.  Previous Abnormal Pap Smears အရင်စစ်တုံးက မူမမှန်အဖြေရှိခဲ့တာကို ဆရာဝန်ကိုမပြောမိခြင်း။
6.  Abnormal Results မူမမှန်အဖြေရပြီး ဆက်လုပ်စရာကိုမလုပ်ခြင်း။

အမျိုးသမီးတွေမှာ ဒုတိယအများဆုံးဖြစ်တဲ့ သားအိမ်ဝကင်ဆာဆိုတာ HPV (16, 18, 31, 33) ဗိုင်းရပ်စ်အမျိုးအစားတွေ ကူးစက်တာခံရပြီးနောက်မှာ ဖြစ်လာတာလို့ ယုံကြည်ရတယ်။ တကမ္ဘာလုံးမှာ နှစ်တိုင်း လူနာသစ် ၅ သိန်းတွေ့နေရတယ်။ ဒါကြောင့် စောစောစီစီးသိအောင် မဖြစ်မနေစစ်ဆေးနေသင့်တယ်။ Cervical dysplasia ဆိုတဲ့ အဆင့်မှာသိရရင် သိပ်ကောင်းတယ်။ သားအိမ်ဝကင်ဆာ စမ်းတာကို Papanicolaou (Pap) smear ခေါ်တယ်။ ဒါစမ်းရင်းနဲ့ သားအိမ်ဝမှာ တခြား ဖြစ်နေတာကိုလဲ သိနိုင်သေးတယ်။ Pap smear မလုပ်နိုင်တဲ့နေရာတွေမှာ မျက်စိနဲ့စစ်ပြီး၊ acetic acid ဒါမှမဟုတ် Lugol iodine နဲ့ စမ်းတာလဲ အကျိုးရှိတယ်။ လိင်ကတဆင့်ကူးစက်ရောဂါရှိတဲ့ အမျိုးသမီးတွေကို အရွယ်မရွေး Pap smear စမ်းသင့်တယ်။ များများစားစားတွေ့တာတော့ မဟုတ်ပါ။

Cervical Cancer New Guidelines သားအိမ်အဝကင်ဆာဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းချက်အရ Pap Smear (Pap Test) သားအိမ်အဝကင်ဆာ ဆေးစစ်တာကို အရင်ကပြောသလောက် တခါနဲ့တခါ နီးကပ်စရာ မလိုပါလို့ ၂ဝ၁၂ မတ်လမှာ ထုတ်ပြန်ချက်အသစ်တခု ထွက်လာပါတယ်။ တိတိကျကျပြောရရင် အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ အရင်စစ်ထားတဲ့ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် အရင်ကလို ၃ နှစ်တခါ မဟုတ်တော့ဘဲ၊ ၅ နှစ်မှသာတခါ စစ်ဘို့လိုပါမယ်။

• Pap test တခုထဲသာ အားကိုးသူဆိုရင် ၂ဝဝ၃ ကတည်းကပြဋ္ဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ စစ်ရပါမယ်။
• အရင် လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁ နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စ တက်ကြွလာတဲ့အသက် နောက် ၃ နှစ်အတွင်း (ဘယ်ရက်ကစောစော) သားအိမ်ကင်ဆာအတွက် ဆေးစစ်ဘို့ ဖြစ်တယ်။
• အသက် ၂ဝ ကျော်စမိန်းကလေးတွေမှာ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလည်း ပျောက်သွားနိုင်ကြတယ်။
• အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံး စမ်းတုံးက Pap tests ၃ ခါဆက်တိုက်၊ HPV tests ၂ ခါဆက်တိုက် အနုတ်ပြတယ်ဆိုရင် နောက်ထပ် ၁ဝ နှစ်အတွင်းမှာ ဆေးစစ်စရာ မလိုတော့ပါ။
• အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာမဖြစ်ခင်အဆင့်လို့ ဆေး-ရာဇဝင် ရှိထားရင်တော့ အနှစ် ၂ဝ ကြာ ဆေးဆက်စစ်ရပါမယ်။
• တကယ်လို့ သားအိမ်ထုတ်စဉ်က သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး ဆေးစစ်ချက်တွေကလည်း ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။
• လမ်းညွှန်ချက်ထဲမှာ အရင်ကဖြစ်ဘူးရင်၊ ဒါမှမဟုတ် Diethylstilbestrol (DES) အီစထိုဂျင်ဆေးရဘူးထားရင်၊ ဒါမှမဟုတ် HIV ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာ ပိုနီးကပ်ရပါမယ်။

တချို့အတွက် Colposcopy မွေးလမ်းကြောင်းထည့်ကြည့်ကိရိယာနဲ့စစ်ဆေးတာလိုနိုင်တယ်။ ဆရာဝန်က မှန်ဘီလူးသုံးပြီး ကြည့်မယ်။ ဆက်စစ်ဆေးဖို့လိုသူဆီက အသားစထုတ်ယူမယ်။ ကင်ဆာမဖြစ်ခင်အဆင့် တွေ့နေရင် ထုတ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ စမ်းလို့ မကောင်းတာတွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ်စမ်းလို့ သေချာမှ ကင်ဆာခေါ်တယ်။ Pap tests ပုံမှန်မဟုတ်တဲ့အမျိုးသမီး၊ HIV ရှိနေသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားသူ၊ စတီရွိုက်ဆေးတာရှည်သောက်နေသူ၊ diethylstilbestrol (DES) နဲ့တွေ့ဘူးတဲ့အမျိုးသမီးတွေက စစ်ဆေးတာ ပိုလိုကြတယ်။

မကောင်းတာတွေ့တယ်လို့ဆိုရင် ထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy ကရိယာနဲ့ကြည့်မယ်။ လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြီး စစ်မယ်။ Precancerous abnormal cells တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ တခါတလေ Pap test သာမကဘဲ HPV DNA Test ကိုလည်းလုပ်မယ်။ High-risk forms of HPV ပိုးအမျိုးအစားကို ခွဲခြားတာဖြစ်တယ်။ ကင်ဆာဖြစ်စေတဲ့အကောင်လား သိချင်လို့ပါ။ အသက်မငယ်သူတွေကို လုပ်တာများတယ်။ Pap test က မူမှန်တာတွေလို့လဲ အရွယ်ငယ်ငယ်ကြီးကြီး လုပ်မယ်။

သားအိမ်ဝကင်ဆာရှိနေသူ ကြားရက်မှာ သွေးဆင်းနိုင်တယ်။ အတူနေစဉ် သွေးဆင်းနိုင်တယ်။ မွေးလမ်း ဆေးကြောရင်း သွေးဆင်းနိုင်တယ်။ တခုခုလည်းဆင်းနိုင်တယ်။ နာတာက လက္ခဏာ မဟုတ်ပါ။ သားအိမ်ဖြစ်ဖြစ် သားအိမ်ဝဖြစ်ဖြစ် ကင်ဆာကြောင့် သားအိမ်တခုလုံးထုတ်ထားပေမယ့် စစ်နေဘို့ လိုအပ်တယ်။ သားအိမ်အဝချန်ထားပြီး သားအိမ်ထုတ်ရင်လည်း စစ်နေဘို့လိုအပ်တယ်။ ကိရိယာအနေတော်တခု ထည့်ရလို့ အပျိုတွေဆိုရင် နာကျင်မှု ရှိနိုင်ပါတယ်။ အချိန်တိုမေ့ဆေးသုံးရင်တော့ မနာပါ။

ဘိုင်အော့ပ်စီ ခေါ် အသားစဖြတ်ယူစစ်ဆေးနည်းနဲ့ ရောဂါကို သေချာစေရတယ်။ သားအိမ်အဝက တစ်ရှူးစကိုစစ်တာပါ။ ပုံမှန်ဆဲလ်တွေလား၊ ကင်ဆာမဖြစ်ခင် ဆဲလ်တွေလား၊ ကင်ဆာဆဲလ်တွေလား မှန်ဘီလူးနဲ့ စစ်တယ်။ မေ့ဆေးလိုတယ်။

သားအိမ်ဝကင်ဆာကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိကိုသာထိုးတယ်။ မြန်မာပြည်မှာ အသက် ၂၆ နှစ်ကျော်သူတွေပါ ထိုးနေကြတယ်လို့သိရပါတယ်။ ထိုးလို့ ဆိုးတာမဖြစ်ပါ။ အပိုသာဖြစ်မယ်။ ကာကွယ်ဆေးမထိုးမီ ဆေးစစ်စရာလည်း မလိုအပ်ပါ။ ဆေးစစ်မသွားမီ ဗဂျိုင်းနားလမ်းကနေ အတူနေတာ၊ ဆေးထည့်တာ (၂) ရက် ရှောင်ထားသင့်တယ်။ ဆေးစစ်မယ့်ရက်ဟာ ရာသီလာနေချိန်မဟုတ်သင့်ပါ။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေး ထိုးသူတိုင်း ဆေးမထိုးခင် စစ်ဆေးနေစရာမလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး