ညံ့ဖျင်းခြင်း

၁။ အဲ့ဒါဆို ဆြာဆိုတဲ့စကားလုံးဟာ သုံးလို့ရတဲ့နေရာမရှိဘူးလားဆရာ။ ရှင်းပြပေးပါ။

၂။ မိုးကို ကျမ်းတစ်ခုမှာ မိုဃ်းလို့ရေးတာ တွေ့ဖူးတယ်ဆရာ။

အရင်ကလည်း ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ သောံ (ကသတ်အစား)၊ မောံ (ကသတ်အစား)။ ဆြာမှာ ရရစ်က ရကောက်အစား သုံးတယ်။

စာနဲ့စကား ပြောင်းလဲတာတွေက ခေတ်တိုင်းမှာရှိပါတယ်။ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ဆုမ္မ၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ သ္မီး၊ မိမ္မ၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ ယ္ခု၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ စတာတွေကိုလည်း အခု မရေးကြတော့ပါ။

လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံရေးတဲ့ မဲဇာတောင်ခြေရတုမှာ မဲးဇာတောင်ခြေ၊ သဲးသာသောင်မြေ၊ ပွဲးခါညောင်ရေ၊ စသဖြင့်ရေးခဲ့တယ်။ အခုတော့ မဲးဇာ၊ သဲးသာ၊ ပွဲးခါလို့ မရေးကြတော့ပါ။

အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာရောနေတာများခဲ့တယ်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ရှင်းလင်းပြီး အဓိပ္ပါယ်လည်းမပျက်စေလို့ သင့်မှန်တယ်။ အင်္ဂလိပ်၊ အင်္ဂလိတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။

ပိုပြီးလွယ်ကူရှင်းလင်းအောင် ပါဠိတွေ၊ သက္ကတတွေ၊ ထပ်ဆင့်တွေနည်းလာတာက သင့်မြတ်တယ်။ စွယ်စုံကျမ်းထဲပါ စာလုံးတချို့ကို ပြောင်းရေးလာကြတယ်။ ကွန်မျူနစ် = ကွန်မြူနစ်၊ ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ၊ ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား၊ ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား၊ ဗဲလဂျီယမ် = ဗယ်လဂျီယန်၊ ယန်ဆီမြစ် = ယန်စီမြစ်၊ ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို၊ ဣသရေလ = အစ္စရေး။ အဲတာမျိုးက ကောင်းတယ်။

ထပ်ဆင့်တိုင်းကို လိုက်ပြောင်းတာတော့ မသင့်ပါ။ မန္တလေး၊ မိတ္ထိလာ၊ သလ္လာဝတီ၊ မုတ္တမ စတာတွေကို သည်အတိုင်းသာ ထားသင့်တယ်။

လွယ်တာကို ခက်အောင်ရေးခိုင်းထားတာတွေရှိတယ်။ ဥပမာ တခါတလေကို တစ်ခါတစ်လေ၊ သမတကို သမ္မတ။ မှန်တာကို မှားအောင်လုပ်တာ ဖြစ်တယ်။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်နေကြတာဖြစ်တယ်။ ခက်သည်ကို လွယ်စေလော့၊ မှန်တာကို မမှားစေနဲ့။ သတ်ပုံအမှား ရောင်းမစားနဲ့။

ဆိုစကားတခုရှိတယ်။ ညံ့ဖျင်းခြင်းဟာ အဆိုးဆုံးမရောက်မချင်း ကောင်းမလာဘူးတဲ့။ မိုးခါးရေသောက်တဲ့သူတွေ များသေးတယ်။ အခုချိန်ဟာ အဆိုးဆုံးသာ ဖြစ်ပါစေတော့။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၇
၂၉-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ