Iodine and Goitre အိုင်အိုဒင်း နဲ့ လည်ပင်းကြီး

၁။ အိုင်အိုဒင်းဆား အစားများရင် လည်ပင်းကြီးပြီး မျက်လုံးပြူးလာတယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ရိုးရိုးဆားဘဲ စားရမှာလားဆရာ။

၁။ ဆရာ သမီးအသက်ကအခု ၃ဝ ပါ။ သမီး ၉တန်းတုန်းက ကျောင်းမှာ ကျန်းမာရေးလာစစ်တော့ လည်ပင်းကြီးချင်နေတယ် ပြောပါတယ်။ အိုင်အိုဒင်းဆားးစားပါပြောပါတယ်။ သမီးလည်ပင်းက အခုထိ အဲတုန်းကအတိုင်း ဖောင်းဖောင်းလေးပါပဲ။ အဲဒါ လည်ပင်းကြီးရောဂါလား သဘာဝအတိုင်း လည်ပင်းဖောင်းတာလားဆရာ။

၃။ သမီးနာမည်က မ့ပါ၊ အိမ်ထောင်မရှိပါ။ ရန်ကုန်မှာနေပါတယ်။ အသက်ကတော့ ၂၄ နှစ်ရှိပါပြီ။့ သမီး လည်ပင်းက ပုံမှန်ထက်အနည်းငယ် ဖောင်းနေပါတယ်။ ငယ်ငယ်တည်းက သူများထက် အနည်းငယ် ပိုဖောင်းပါတယ်။ ဒါပေမယ့် ခုတစ်လကျော်အတွင်း ပိုဖောင်းလာသည့်အပြင် အသက်ရူပါမဝ ဖြစ်လာပါတယ်။ လည်ပင်ကလည်း တစ်ခုခုဆွဲထားသလို စီးစီးကြီးဖြစ်နေပါတယ်။ ညဘက်တွေလည်း အသက်ရူမ၀တော့အိပ်လို့ မပျော်ပါဘူး။ နီးစပ်ရာလူတွေကပါ သတိပေးလာပြီး သမီးလည်း စိတ်ထင့်နေ၍ ဆေးရုံသွားပြပါတယ်။ နှား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးမှာသွားပြပါတယ်။ လိုအပ်တဲ့ ဆေးစစ်များလုပ်အပြီးပြောတာက အားလုံးကောင်း၍ ရောဂါလည်းမတွေ့ရပါတဲ့။ ဒါပေမယ့် သမီးလည်ပင်းကတော့ လည်ပင်းကြီးအအကျိတ်ပါတဲ့။ အခုလောလောဆယ်ဆေးလည်းသောက်စရာမလိုပါ ပါတဲ့ ဒီအတိုင်းထားရင်တော့ သမီးလည်ပင်းမှာ ကြီးလာနိုင်ပါတယ်တဲ့၊ အကယ်၍ အရှင်းပျောက်ချင်ပါက ခွဲမှသာ ပျောက်နိုင်ပါတယ်တဲ့။ ခွဲရင်လည်း အသံအိုး ထိနိုင်ပါတယ်တဲ့၊ အသက်ရူကျပ်နေတာကတော့ လည်ပင်းကြောင့် မဟုတ်ဘူးဟု ပြောပါတယ်။ ကျိန်းသေအောင့့် ဆေးရုံမှာပြကြည့်ပါတယ်။ သမီးအားဘာလုပ်ချင်လဲမေး၍ သမီးက ဖြစ်နိုင်ရင် မခွဲချင်ကြောင်းပြောသဖြင့် ခြောက်လ ဆေးသောက် ခိုင်းပါတယ်။ ဒါပေမယ့် ပျောက်မယ်လို့တော့ အာမမခံကြောင်းပြောပါတယ်။ သမီးသိချင်တာကတော့ ဆေးစစ်တုန်းက ရောဂါမတွေ့ပဲ ဘာကြောင့်သမီးက အကျိတ်ဖြစ်နေရတာလဲ။ ဆေးသောက်မယ်ဆိုရင် ပိုသက်သာလာနိုင်လား။ ဆေးသောက်ရင်ရော ဘယ်လို ဆိုးကျိုးများ သက်ရောက်နိုင်မလဲ။  အသက်ရူကျပ်တာကရော ဘာကြောင့်ဖြစ်နိုင်မလဲ။ ခွဲတာကရော ပိုကောင်းနိုင်မလား ခွဲခဲ့ရင်ရောဘာတွေဖြစ်နိုင်မလဲ။ သမီးဆေးစစ်ထားတဲ့ မှတ်တမ်းများကို ပို့ထားပါတယ်။

ဒုတိယမေးခွန်းမေးတဲ့သူမှာ ရိုးရိုးလည်ပင်းကြီးနေတာဖြစ်တယ်။ ဆေးစစ်တယ်ဆိုတာ ဟော်မုန်း အနည်း-အများ မရှိတာကိုစစ်တယ်။ ကင်ဆာမဟုတ်တာကိုစစ်တယ်။ စိတ်သက်သာရပါ။ ဒီစာကိုဖတ်ပါ။ စိုးရိမ်စိတ် မထားပါနဲ့။ ထူးခြားရင်တော့ ဆရာဝန်ပြပါ။ လိုသေးရင် မေးပါ။

လူတွေလိုအပ်တဲ့ ဓါတ်ဆားတွထဲမှာ (အိုင်အိုဒင်း) ဟာ အရေးပါတာတခု ဖြစ်တယ်။ လည်ပင်းကြီးရောဂါနဲ့ ဆက်စပ်နေတယ်။ တကမ္ဘာလုံးမှာ (အိုင်အိုဒင်း) နည်းနေသူပေါင်း သန်း ၂ဝဝဝ ရှိနေတယ်။ Iodized Salt (အိုင်အိုဒင်း) ဆားလဲ အိမ်တိုင်းမှာ စားနေကြပါတယ်။ ကြာကြာဖွင့်ထားရင် လေထဲက အောက်စီဂျင်နဲ့ သွားပေါင်းတာမို့ သတ္တိပျယ်စေတယ်။ သံဓါတ်ပါတည့်ထားတဲ့ Double-fortified salt (DFS) ဆား အမျိုးအစားလဲ ရှိသေးတယ်။

လည်ပင်ကြီးနေသူတွေကိုတွေ့ရင် တယောက်မက အများကြီး တထိုင်ထဲတွေ့ရတတ်တယ်။ ပုလဲနယ်မှာ နယ်လှည့် ဆေးကုသွားရင်း တောင်ပေါ်ပိုင်းကြတဲ့ ရွာတချို့မှာ “ပုဂံက စေတီပုထိုးတွေကို ပြောသလို လက်ညှိုးထိုးမလွဲ” လည်ပင်းကြီးတွေချည်းဘဲ တွေ့ရဘူးတယ်။ ဒါကို ကြည့်ရင် နေရာဒေသနဲ့ ဆိုင်နေတာ သေခြာသွားတယ်။ နေရာ တခုထဲမယ် လူအများကြီးမှာ ဖြစ်နေတာကို Endemic goiter ခေါ်တယ်။

အဲလို နေရာတွေမှာက ဘာကွာလို့လဲ။ ရေထဲ၊ မြေထဲမှာကိုက (အိုင်အိုဒင်း) ဆားတွေ နည်းပါးနေလို့ပါ။ (မင်းဂနီးစ်) နဲ့ (ကိုဘော့ခ်) ဓါတ်ဆားတွေ များနေတဲ့ နေရာတွေမှာ (အိုင်အိုဒင်း) နည်းနေတယ်။ တောနယ်၊ တောင်ပေါ်တွေမှာ သိတဲ့အတိုင်း ဈေးရယ် ဆိုင်ရယ်ရှိတာ မဟုတ်ဘူး။ လိုခြင်တာကို ဝယ်ခြင်တိုင်း ဝယ်လို့ရတာ မဟုတ်တော့ ကိုယ့်မြေမှာ စိုက်တာ-ပျိုးတာ ကိုသာ စားသုံးကြရတယ်။ ရေသန့်လဲ ဝယ်သောက်ကြတာ မဟုတ်ဘူး။ သူတို့မြေထဲမှာ ဒီဆားမျိုးဟာ နည်းနည်းသာ ရှိတဲ့အထဲ မိုးတခါရွာလိုက်ရင်တခါ တောင်စောင်းတလျှောက် အောက်ဖက်ကို စီးဆင်းပါသွားပြန်လို့ နည်းသထက် နည်းရပြန်ရော့။ ဒီတော့ နေတဲ့သူမှန်သမျှ ခံစရာလဲ အတူတူ၊ နာစရာရှိလဲ အတူတူ။

လူတိုင်းမှာ Thyroid ခေါ်တဲ့ လည်ပင်းအအကျိတ် ကိုယ်စီရှိကြတယ်။ မကြီးရင် စမ်းလို့မရဘူး။ သူကနေ (အိုင်အိုဒင်း) ဆား သုံးပြီး၊ ဟော်မုန်း ၂ မျိုး ထုတ်ပေးတယ်။ Thyroxine (T4) နဲ့ Triiodothyronine (T3) တွေ ဖြစ်တယ်။ ဒီဟော်မုန်းတွေက (ဆဲလ်) မှန်သမျှအပေါ် သက်ရောက်ပြီး ဇီဝဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ အရိုးရှည် အမျိုးအစားတွေ ကြီးထွားဘို့မှာ လိုတယ်။ နည်းနေသူ လူပုနေမယ်။ လိုအပ်ချက် ပြည့်မီအောင် ထုတ်နိုင်ဘို့ စက်ကို အတင်းအလည်ခိုင်းတော့ စက်ပန်း ကျလာသလိုမျိုး သောက်တဲ့ရေ၊ စားတဲ့အစာမှာ ဆားနည်းနေရင် စက်နဲ့တူတဲ့ လည်ပင်းက ကြီကြီးလာတော့တယ်။

ဒီဆားနည်းနေတာဖြစ်ရင် လည်ပင်းကြီးယုံ။ အရပ်ပုရုံသာမက ဥာဏ်ရည်လည်း နိမ့်စေတယ်။ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာ တွေ့ရတယ်။ လည်ပင်ကြီးကင်ဆာ မဖြစ်ဘူးလဲ မပြောနိုင်ပါ။ သိပ်များသွားတဲ့အခါ နည်းတာနဲ့ ဆင်တာ ဖြစ်တတ်ပါတယ်။

ဒီဆားနည်းရင် အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ တလတလုံး ထွက်ရမဲ့ မျိုးဥမထွက်ဘဲ အိမ်ထောင်ကျရင် ကလေးမရ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင် မအေရော ကလေးအတွက်ပါ ဆိုးတယ်။ သွေးတိုးနိုင်တယ်။ မွေးမဲ့ကလေး ဦးနှောက်ချို့ယွင်းနိုင်တယ်။

အရပ်ပုလို့ အိုင်အိုဒင်းဆား တအားစားမယ် မကြံနဲ့။ သူများရင်လဲ လည်ပင်းအအကျိတ်အလုပ်ကို ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အများဆုံးပေးနိုင်တဲ့ အကန့်အသတ်ကို သတ်မှတ် ပေးထားတယ်။ တနေ့မှာ အများဆုံး 200 mcg က ၁-၃ နှစ်၊ 300 mcg က ၄-၈ နှစ်၊ 600 mcg က ၉-၁၃ နှစ်၊ 900 mcg က လူရွယ်တွေအတွက် သတ်မှတ်ပေးတယ်။ လူကြီး 1100 mcg ထက် မကျော်စေရပါ။ များသွားရင် လူကဆားနံ့ရလာမယ်၊ သွား-သွားဖုံးနာမယ်၊ ပါးစပ်-လည်ချောင်း ပူမယ်၊ တံတွေး များမယ်၊ လည်ချောင်းရောင်၊ အစာမကျေ၊ ဝမ်းပျက်၊ လူပိန်၊ စိတ်ပိန်တာတွေပါ ဖြစ်လာမယ်။ အမေရိကန် FDA ကနေ တနေ့မှာ ကျားရော မပါ 150 mcg အနည်းဆုံး လိုတယ်လို့ သတ်မှတ်ပေးထားတယ်။

(အိုင်အိုဒင်း) ပါတဲ့ဆေးတွေကို အရေပြား မှိုရောဂါ၊ Fibrocystic ရင်သားရောဂါ၊ ရင်သားကင်ဆာ၊ မျက်စိရောဂါ၊ ဆီးချို၊ နှလုံးရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ Potassium iodide ဆေးကို ဓါတ်ရောင်ခြည် သင့်သူတွေကို အရေးပေါ် ကုပေးရာမှာ သုံးပါတယ်။

(အိုင်အိုဒင်း) ကို တခြားနေရာတွေမှာပါ သုံးသေးတယ်။
၁။ Tincture of iodine 2-7% ဆိုတာ Potassium iodide or Sodium iodide + Ethanol ကို ရေနဲ့ ဖျော်ထားတာကို အနာတွေမှာ သုံးတယ်။ ရှေးဦးသူနာပြုအိတ်တွေမှာ ပါမယ်။ သောက်ရေ ၁ လီတာထဲကို 2% Tincture ၅ စက်ထည့်ရင် ပိုးသန့်စေတယ်။
၂။ Lugol's iodine ဆိုတာက 5 g Iodine နဲ့ 10 g Potassium iodide ကို ရေနဲ့ ဖျော်တာကို ဓါတ်ခွဲခန်းမှာ ဆိုးဆေး အဖြစ် သုံးတယ်။
၃။ Betadine, Povidone iodine 9-12% ရောဂါပိုးသန့်ဘို့ အများဆုံး သုံးနေပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ 10% Povidone-iodine in water က အနာအဆာထည့်ဘို့၊ အနာမခွဲခင် အရေပြားသန့်ဘို့ သုံးနိုင်တယ်။
၎။ Diluted iodophor ဆိုတာကို ဝိုင်-အရက်ချက်သူတွေ၊ နို့လုပ်ငန်းသမားတွေက ပုလင်းတွေ၊ ကရိယာတွေ သန့်စေအာင် သုံးတယ်။

(အိုင်အိုဒင်း) ဆား အများဆုံးရှိတာက ပင်လယ်ထဲမှာပါ။ ဒီဆား များများပါတဲ့ အစာတွေဟာ ပင်လယ်စာလို့ ပြောနိုင်သလို သူဌေးစာပြောလဲ ဟုတ်နေသေးတယ်။ Iodized Salt (100 grams) ဆားတထုပ်မှာ 3000 mcg ပါတာနဲ့ ယှဉ်သိအောင် ပြောပါမယ်။
• Kelp ပင်လယ်ရေညှိ (0.25 cup) = 415 mcg
• Haddock ပင်လယ်ငါး (100 grams) = 300 mcg
• Cod ငါးကြီး (100 grams) = 90 mcg
• Low Fat Yogurt အဆီနည်း (ရောဂတ်) (1 cup) = 87 mcg
• Cow Milk (2%) နွားနို့ (1 cup) = 58-59 mcg
• Jaffa cakes ကိတ်မုံ့ (100 grams) = 32 mcg
• Bread ပေါင်မုံ့ (100 grams) = 29-30 mcg
• Meat အသား (100 grams) = 26-27 mcg
• Boiled Egg ကြက်ဥပြုတ် (1 egg) = 23.76 mcg
• Raw Oyster မုတ်ကောင် (13-14 grams) = 21-22 mcg
• Cheese ဒိန်ခဲ (40 grams) = 13.6 mcg
• Ice Cream အိုက်စ်-ခရင်မ် (45-50 grams) = 9.6-9.7 mcg
• Fruits သစ်သီး (100 grams) = 4-5 mcg

အသီးအရွက် (100 grams) ထဲမှာ Iodine 32-33 mcg ပါပေမဲ့ လည်ပင်းကြီးနေသူတွေနဲ့ မတည့်တဲ့တာတွေလဲ ရှိတယ်။ ကညွတ်၊ မုံလာထုပ်၊ မုံလာပွင့်စိမ်း၊ မုံညင်းစိမ်း၊ သစ်တော့သီးတွေ ဖြစ်တယ်။ Cassava ပီလောပီနံ က လည်ပင်းကြီး ဖြစ်စေတဲ့သတ္တိ ရှိတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး