လောကသာရပျို့
ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့
၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍။ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံ၌။ သင်အံကျက်လေ့။ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ၊ ဆည်းပူးသိမြင် ကြွယ်စေမင်း။
မှတ်ချက်
တစ်ချောင်းချောင်းလျှင် မဟုတ်။ တစ်နေ့တစ်ပါး မဟုတ်။

လောကသာရပျို့ (၁၅)

၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုန်လည်း၊ တစုံတခု၊ တတ်အေင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဘို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ ၊ အိုသော် သူမရယ်စေမင်း။
မှတ်ချက် = တစ်စုံတစ်ခု မဟုတ်။

လောကသာရပျို့ (၁၈)

၁၈။ စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု။ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး။ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။ ။ သူ့ထက်လွန်ကုန် ကြိုးစေမင်း။
မူကွဲ
ရွေ့ရွေ့ဆည်းလော့၊ ကြီးစွာလျက်လျှင်၊ စဉ်ဆက်ကျများ၊ ပျား၏နည်းထုံး၊ ဖို့သည့်ခြင်းရာ၊ လူလိမ်မာတို့၊ ကြံစည်နက်ကိ၊ု သူ့ထက်လွန်ကဲ ကြိုးစေမင်း။
သတ်ပုံ
လိမ်မာကို အရင်က လိမ္မာလို့ရေးခဲ့ကြတယ်။ ကြွက်သေတခုကိုတော့ ကြွက်သေတစ်ခုလို့ ပေါ်လစီသတ်ပုံအရ ရေးနေကြပါတယ်။ သေဋ္ဌေးကို သဋ္ဌေးလို့လည်း ရှေးကရေးကြပါတယ်။ သေဌေးနဲ့ သဌေးတော့ မဟုတ်ပါ။ အခုခေတ်ထုတ် အဘိဓာန်တွေမှာ သူဌေးလို့ရေးထားကြတယ်။ နောက်ပိုင်းမှာတော့ ခရိုနီလို့ပြောင်းခေါ်ကပြန်တယ်။
ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆
၂၈-၁ဝ-၂ဝ၁၇

Comments
Post a Comment