လိမ္မာတယ်ဆိုတာ

အလိမ္မာစာမှာရှိ အခုတော့ ဖေ့ဘွတ်စာမျက်နှာတချို့မှာရှိဖြစ်နေပြီခင်ဗျာ။ လိမ္မာဆိုတာ ဘယ်လိုအဓိပ္ပါယ်ရှိပါသလဲဆရာ။ ဘယ်ကဘယ်လို ဆင်းသက်လာပါလဲဆရာ။

မေးခွန်က မရှင်းပါ။ လိမ္မာတယ်ဆိုတာ စကားပုံတွေရှိတယ်။ ဆုံးမစကားတွေရှိတယ်။

မဆိုးတာရဲ့ ဆန့်ကျင်ဖက်အဖြစ် လိမ္မာတယ်လို့သုံးတာက တမျိုး။ သားလိမ္မာ၊ သမီးလိမ္မာ၊ တပည့်လိမ္မာ စသည်။ ကလေးတွေကို လိမ္မာတယ်လို့ နေ့တိုင်းပြောကြလေ့ရှိတယ်။ အင်္ဂလိပ်လို Clever လို့သုံးရင် ကျွန်တော်တို့ဆိုလိုချင်တာနဲ့ မတူပါ။ မမှန်ပါ။ အဲဒီအင်္ဂလိပ်စာလုံးက သင်ပြတာ၊ အကြံပေးတာကို နားလည်လွယ်တယ်လို့ပြောတာ။ စမတ်ကျတာ၊ ဦးနှောက်ကောင်းတာ။ အင်္ဂလိပ်လို Good boy, Good girl သဘောနဲ့ ခပ်ဆင်ဆင်တူတယ်။

လူလိမ္မာသား ယဉ်ပါးဆိုတာမှာ ပါးနပ်တာကိုပြောလိုတာဖြစ်တယ်။ လူမိုက်သား ရမ်းကားနဲ့ ပြောင်းပြန်။ လူလိမ္မာအမျက် ပြင်မထွက်နဲ့ ခပ်ဆင်ဆင်တူတယ်။

အလိမ္မာ စာမှာရှိဆိုရာမှာ ယဉ်ကျေးတာကို ပြောလိုတာဖြစ်တယ်။ ရိုင်းစိုင်းတာနဲ့ ဆန့်ကျင်ဖက်။ စာဖတ်တဲ့သူ ရလာမယ့် အရည်အချင်းကို ဆိုလိုတယ်။

ငပိလိမ္မာချက်ဆိုတာရှိတယ်။ ဘာလဲတော့ သိပ်မသိပါ။ ရှေးတုန်းက အလိမ္မာအမတ်ဆိုတာ ရှိခဲ့တယ်။

အတတ်ပညာတခုခုကို ပိုင်ပိုင်နိုင်နိုင်ရှိတာကိုလည်း ကျွမ်းကျင်ရာ လိမ္မာလို့သုံးတယ်။ ဆရာဝန်တယောက်ဟာ လုပ်သက်နဲ့ အတွေ့အကြုံတွေရလာရင် ဆေးကုသမှုမှာ သူ့ထက်နုသေးသူတွေထက် သာလွန်တယ်။ သမားဆို အိုမှ။

ကျွမ်းကျင်တယ်ဆိုရာမှာ နှုတ်မှုထူးချွန်တာလည်းပါတယ်။ တပည့်လိမ္မာ ဆရာအာပတ်လွတ်လို့ ဆိုစကားရှိတယ်။ ဘုန်းတော်ကြီးတွေအတွက် ဦးဇင်းငယ်တွေ၊ ကိုရင်တွေက လျှောက်ထားရာမှာ လိမ္မာကြရတယ်။ ခုံတော်မောင်ကျပမ်းရဲ့ အရည်အချင်းကို စကားအရာ လိမ္မာကျွမ်းကျင်တဲ့ ပညာတတ်လို့ညွှန်းပါတယ်။

ကျောင်းသားနှစ်ယောက် ဘုန်းကြီးမသိအောင် ထန်းလျှက်ခိုးစားကြတယ်။ တယောက်က နောက်တယောက်ဂုတ်ပေါ် ခွစီးတယ်။ အောက်ကလူက ကြက်သရေခန်းထဲသွားတယ်။ ထန်းလျှက်ထည့်ထားတဲ့ မျက်နှာကျက်ကနေဆွဲထားတဲ့ ထန်းလျှက်တောင်း အောက်တည့်တည့်မှာ ရပ်ပေးတယ်။ အပေါ်ကကျောင်းသားက မော့မကြည့်ပဲ ထန်းလျှက်ကို နှိုက်ယူတယ်။ ဘုန်းကြီက စစ်မေးတော့ အောက်ကလူက တပည့်တော့် ထန်းလျှက်တောင်းကို မော်လို့တောင် မကြည့်ပါဘုရားလို့ လျှောက်တယ်။ အပေါ်လူက တပည့်တော် ကြက်သရေခန်းထဲ ခြေတောင်မချပါဘုရားလို့ လျှောက်တယ်။

လိမ္မာရေးခြားလို့လည်းသုံးတယ်။ လိမ္မာယဉ်ကျေးလို့တွဲသုံးလေ့ရှိတယ်။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။ အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ်အမူအရာ လိမ္မာယဉ်ကျေး၏။

မြန်မာ့အသုံးထဲက လိမ္မာဟာ ယဉ်ကျေးတာ၊ ဆုံးမစကားနားထောင်တာ၊ သိမ်မွေ့တာ၊ ဟော့ဟော့ရမ်းရမ်းမရှိတာ၊ နှလုံးရည်ကောင်းတာတွေ ဖြစ်ပါတယ်။ မြန်မာ့အသုံးတွေဖြစ်တဲ့ အားနာနဲ့ လိမ္မာနဲ့ ထပ်တူကျတဲ့ အင်္ဂလိပ်စာလုံးကို ကျွန်တော် မသိပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး