Ecee2 ဆေးဆိုတာ

ဒီအကြောင်း ခွင့်တောင်းပြီးတင်ဘူးပါတယ်။ ကနေ့ မေးလာသူနှစ်ယောက်ဆက်တိုက်လာလို့ ပြန်တင်ပါရစေလို့ ထပ်ပြီး ခွင့်တောင့်ပါတယ်။

၁။ တခါသုံးတားဆေး (Ecee2 လိုဆေးမျိုး) တွေကို အကြိမ်အရေတွက် များများသောက်မိရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါလဲဆရာ။ အကြိမ်ရေတွက်များပေမယ့် မကြာခနတော့မဟုတ်ပါဘူးဆရာ။ အနည်းဆုံး တခေါက်နဲ့ တခေါက်ကို လေးငါးခြောက်လတော့ ခြားပါတယ်ဆရာ။ ကျေးဇူးပြုပြီးဆရာဖြေကြားပေးပါနော်။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။

၂။ မင်္ဂလာပါဆရာ။ ကျမအသက် ၂၈ နှစ်ပါဆရာ။ ကျမခင်ပွန်းက မြန်မာပြည်မှာအမြဲတမ်းမရှိတော့ ဆရာဝန်က Ezze2 တားဆေး ၂ လုံးတခါသောက်ပဲ ပေးပါတယ်ဆရာ။ နေ့စဉ်သောက်ရတဲ့တားဆေး မသောက်နဲ့လို့ပြောပါတယ်ဆရာ။ ဘယ်တားဆေးက ပိုပြီးအဆင်ပြေနိုင်မလဲသိချင်ပါတယ်ဆရာ။ ezze2 ရဲ့ side affect ကို ကြားဖူးထားလို့ သောက်သင့် မသောက်သင့် အကြံဥာဏ်ပေးပါဆရာ။ သောက်ဆေးသောက်ရင် ကလေးယူတဲ့အချိန်ကျရင် ဆိုးကျိုးရှိတယ်လို့လဲ ကြားဖူးထားလို့ပါဆရာ။ ဝေခွဲမရဖြစ်နေလို့ ဘယ်လိုလုပ်သင့်လဲဆိုတာနှင့် ဘယ်ဆေးသောက်သင့်လဲဆိုတာ အကြံဥာဏ်ပေးပေးပါဆရာ။ စာအရေးအသားလိုအပ်တာများရှိရင် တောင်းပန်ပါတယ်ဆရာ။

Ecee2 ဆေးဆိုတာ Levonorgestrel ဟော်မုန်းပါတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး ဖြစ်တယ်။ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမည်နဲ့ရောင်းတယ်။ တခြားနာမည်တွေလည်း အများကြီးရှိတယ်။ Plan B, Morning after Pills, Plan B One-Step, Lo / Ovral, Cryselle, Orsythia, ella, Ogestrel, Low-Ogestrel-28, Myzilra,Falmina, Chateal, Kurvelo, CamreseLo, Low-Ogestrel-21, Lo / Ovral-28, Next Choice, Elinest, Amethia Lo, Ogestrel-28, Preven EC စတဲ့နာမည်တွေဖြစ်တယ်။

ဆေးသောက်နည်း
အကာကွယ်မဲ့အတူနေပြီးနောက် ၇၂ နာရီအတွင်းမှာ ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီနေရင် ဒုတိယဆေး ၁ လုံးသောက်ပါ။ WHO ကတော့ ၁၂ဝ နာရီအတွင်းလဲသောက်နိုင်တယ်လို့ဆိုတယ်။ ရာနှုန်းတော့နည်းမယ်။ ဆေးသောက်ပြီး ၂ နာရီအတွင်းအန်ရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေးတခုခုကို ဆေးမသောက်မီ ၁ နာရီ ကြိုတင်သောက်သင့်တယ်။ ဆေးပြား ၂ ပြားလုံးကို တခါတည်းသောက်တာအတွက် လေ့လာမှုလုပ်တော့ ထိရောက်မှုမခြားနားတာတွေ့ရတယ်။ ဘေးထွက်ဆိုးကျိုးလဲသိပ်မထူးလှပါ။ ၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာကများတယ်။ ဆေးရက်စွဲလွန်ရှိတတ်တယ်။ ဆေးအတုရှိတယ်။

ဘေးထွက်ဆိုးကျိုးတွေ = ပျို့ချင် (၅ဝ%)၊ အန်ချင် (၂ဝ%)၊ ဗိုက်နာ၊ ရင်သားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အားယုတ်။ ဒါပေမဲ့ ကြာကြာမဖြစ်ပါ။ များသောအားဖြင့် ၂၄ နာရီအတွင်း ဖြစ်တယ်။ ဆေးသောက်ပြီး ၂ နာရီ အတွင်း အန်တာဆိုရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေး တခုခုကို အရေးပေါ်တားဆေး မသောက်မီ ၁ နာရီ ကြိုတင်သောက်နိုင်တယ်။ ဆေးကြောင့် ရာသီလာရက်ပြောင်းတော့မယ်။ ရာသီရက်စောနိုင်တယ်။ များတာလည်း ဖြစ်နိုင်တယ်။ ရာသီမလာတာလည်း ဖြစ်တတ်တယ်။ အဲတာဆို ကိုယ်ဝန်လားစိတ်ပူရပြီ။ ဆီးစစ်ရတော့မယ်။

ဆေးကို သတိနဲ့သုံးရမဲ့သူတွေကတော့ နှလုံးရောဂါရှိသူ၊ နှလုံး (စထုပ်) ရဘူးသူ၊ ရင်သားကင်ဆာ အရင်ကရှိခဲ့ဘူးသူ၊ ရာသီဆင်းရက် နောက်ကျနေသူ၊ ကလေးနို့တိုက်နေသူ သတိနဲ့သာသုံးသင့်ကြတယ်။ လုံးဝမသုံးရမဲ့သူတွေကတော့ အသက် ၁၆ နှစ်အောက်မိန်းကလေးတွေ ဘာဖြစ်မလည်းဆိုတာ သုတေသနမပြည့်စုံသေးလို့ မသုံးတာကောင်းတယ်။ ရာသီမှန်းဘာမှန်းမသိ မွေးလမ်းကသွေးဆင်းနေသူ၊ ကိုယ်ဝန်ဆောင်နေသူ မသုံးရပါ။

International Consortium for Emergency Contraception ဝက်ဆိုက်မှာ ရေးထားတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး အချက်အလက်များ (မြန်မာနိုင်ငံ)
• Registered LNG-EC products မှတ်ပုံတင်ထားသောဆေး အမျိုးအမည်များ = ECee2, Duet, Pill 72, Postinor, Postinor-2, Pregnon ဆေးလက်မှတ်ဖြင့်သာ ရောင်းသည်။
• အမျိုးသမီးများသုံးစွဲမှု ကိန်းဂဏန်းမရ။
• အမျိုးသမီးများ ဆေးအကြောင်းသိရှိမှု ကိန်းဂဏန်းမရ။
• Registered UPA-EC products မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• Registered Mifepristone-EC Products: မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• ECPs ဆေးဝယ်ယူနိုသင်သူ၏ အသက် ကန့်သတ်ချက် ကိန်းဂဏန်းမရရှိနိုင်၊
• ဥပဒေစည်းကမ်းဖြင့် မရှိမဖြစ်သုံးစွဲရန် လိုအပ်သော ဆေးစာရင်းထဲတွင် ပါဝင်သည်။

ခဏခဏသုံးမိပေမဲ့ ကိုယ်ဝန်ကိုကာကွယ်မှုပေးပါတယ်။ ဒီဆေးတခုတည်းကြောင့်တော့ နောင်မှာကလေးမရတာလည်း မဖြစ်ပါ။ ကိုယ်ဝန်ရသွားရင်တော့ သားအိမ်ပြင်ပသန္ဓေတည်နေမနေ စစ်ရမယ်။ တကယ်ကိုယ်ဝန်ယူရင် ကလေးမှာ ချို့ယွင်းချက်နဲ့မွေးမယ်လို့လည်း ကောက်ချက်မချနိုင်ပါ။

လိင်ကတဆင့်ကူးစက်ရောဂါတွေရနိုင်တယ်။ (၁) အကာကွယ်မဲ့အတူလို့နဲ့ (၂) ဒီလိုဆေးမျိုးသုံးကြသူတွေဟာ အတူနေတာကို ခပ်လွယ်လွယ်ဖြစ်တတ်လို့ တယောက်ယောက်မှာ အရင်အတွေ့အကြုံတွေကရထားတဲ့ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေတာများလို့ဖြစ်တယ်။

အရေးပေါ်တားဆေးကို အရေးပေါ်ကလွဲရင်မသုံးသင့်ပါ။ ခဏခဏသုံးလို့ ဘာဖြစ်နိုင်သလည်းဆိုတဲ့ လေ့လာဆန်းစစ်မှု မပြည့်စုံသေးပါ။ လက်လှမ်းမီသမျှရှာပေမယ့် မြန်မာပြည်မှာလောက် သူများတိုင်းပြည်တွေမှာ မသုံးကြတာတွေ့ရတယ်။ HIV သုတေသနကို အာဖရိကမှာသွားလုပ်ရသလိုပဲ၊ Ecee-2 ကို မြန်မာပြည်မှာလာပြီး သုတေသနလုပ်ရင်တော့ လူဦးရေ အလုံအလောက်ရနိုင်တယ်။ သေချာတာကတော့ ကျွန်တော့်ဆီကို မေးခွန်းလာတာတွေက အတော်ကိုများတယ်။

စာလေးတပုဒ်မှာ အရေးပေါ်ကိုပဲလှော်လိုသဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အပြစ်ချည်းသာပြောနေတာမဟုတ်ပါ။ အတူနေစရာ များများရှိသူတွေအတွက် စနစ်တကျသုံးနိုင်တဲ့နည်းတွေ အများကြီးကိုလည်း ရေးတင်ပေးထားပါတယ်။ စနစ်တကျမေးရင်လဲဖြေပါတယ်။ ပထမမေးခွန်းမေးသူဆီကို နည်း (၁ဝ) နည်းပို့လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး