Map reading မြေပုံဖတ်ခြင်း

ကျမဘဘ ဆရာကြီးဦးအောင်တင်ကတော့ မောင်တင့်ဆွေ ဆွဲတာလို့ ပြောပါတယ်ရှင့်။

ဆရာဦးအောင်တင်က ကျွန်တော့်ပထဝီဆရာ။ ကျွန်တော့်ကို အင်မတန်ချစ်တာ။ ကျွန်တော်ကလည်း မုံရွာ စတိတ်တူးက ဆရာ-ဆရာမတွေ အားလုံးအကုန်ကို လေးစား-ရိုသေတယ်။ ပထဝီမှာ ဆရာဦးအောင်တင်က မြေပုံပြပြီး တိုင်းပြည်တွေ၊ မြို့တွေကိုထောက်ပြခိုင်းတယ်။ ကျွန်တော်က ဝါသနာအရဖတ်မှတ်ထားလို့ အတော်များများသိတယ်။ အဲတာက ၉ တန်း တုံးကပေါ့။ ကျွန်တော်က ၉ တန်းမှာ အသက် ၁၅ နှစ်မပြည့်လို့ ၂ နှစ်နေခဲ့ရတာမို့ တခြားကျောင်းသားတွေထက် စာကျေလို့ပါ။ အဲဒီမြေပုံလည်း (၁၉၆၃) တုံးကဆွဲခဲ့တာနေမယ်။

၁၉၆၄ တုံးက DSA 11 စစ်တက္ကသိုလ်ဝင်ခွင့်လျှောက်ခဲ့တယ်။ မုံရွာ၊ ခလရ (၁၅) တပ်ထဲသွားဖြေတာအောင်လို့ ရန်ကုန် ပြည်လမ်းက OTT တပ်ထဲသွားဆက်ဖြေရတယ်။ မေးတာတွေကအစုံ။ ကြိုးရှည်နှစ်ချောင်းကို အတက်-အဆင်း လုပ်ရတာတို့၊ ကားတာယာကွင်းထဲ ဝင်-ထွက်ရတာတို့။ စစ်မြေပုံဖတ်နည်းလည်းပါသေး။ ၉ တန်းတုံးက ပထဝီ မြေပုံဖတ်တာနဲ့မတူဖူး။ ရန်သူ့စခန်းကို ဘယ်ကနေ ဝင်စီးမလည်းတဲ့။ ဘယ်သိမလည်း ကိုယ့်မှာ ရန်သူဆိုတာရှိမှ မရှိဖူးသေးပဲ။ ပြောတော့ချလိုက်တာပဲ။ အဲဒီမလာခင် တပ်ထွက်ဦးလေးတယောက်က သင်ပေးထားလို့။ မောင်တင့်ဆွေ မေးရင် သူများထက်ဦးအောင်သာဖြေချလိုက်တဲ့။

ဖြေချလိုက်တယ်။ ဟောဒီနေရာကို ဟယ်လီကော်ပတာနဲ့ဆင်းမယ်။ နောက်တော့ကောတဲ့။ ဆက်မဖြနိုင်ခဲ့ပါ။ စစ်ဗိုလည်း မဖြစ်လိုက်ပါ။ မောင်တင့်ဆွေကျပြီး၊ မောင်ရွှေမန်းနဲ့ မောင်ကျော်ဆန်းတို့က ပါသွားကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅
ဘုတလင်ချစ်လေးက ကျွန်နော့်မြန်မာစာဆရာ။ ၉ တန်းတုံးကပါပဲ သူငယ်ချင်းတစု နံရံကပ်စာစောင်ထုတ်ကြတယ်။ ဆရာက မွမ်းမံပေး၊ ကျွန်တော်က ပန်းချီ ဒီဇိုင်းရေးရတယ်။ စာစောင်နာမည်က ပုလဲသွယ်။ အဲတာကိုပြန်ဂုဏ်တင်ချင်လို့ ကျွန်တော့် နိုင်ငံရေး ဘလော့ခ်ကိုလည်း ပုလဲသွယ်လို့ နာမည်ပေးထားတယ်။ (၁ဝ) တန်းအမှတ်တွေထွက်တော့ ကျွန်တော်က မြန်မာစာမှာ (၆၁) မှတ်ရတော့ ဆရာကအားရလို့ ကျောက်သင်ပုန်းကြီးမှာ ကျွန်တော့အမှတ်စာရင်းကို ရေးချပြသေးတယ်။ ဂုဏ်ထူးတဘာသာမှ မရပါ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး