Destiny ကံကောင်းကြပါစေ

နာမည်ရပုဂ္ဂိုလ်တွေ တယောက်ပြီးတယောက် စာရင်းပေါက်နေတယ်။ ပါတီထဲမှာ အရင်ကတည်းကရှိပြီးသားဆိုလို့ ကိုသိန်းလွင် (ကျွန်တော်က အဲလိုခေါ်နေကြမို့) သာပါတယ်။ ကိုယ်မသိတာက အကြောင်းမဟုတ်ပါ။ သူတို့ကို မဲပေးမဲ့သူတွေက သိကြဖို့သာလိုတယ်။

ဆရာဝန်တွေထဲကတောင်မှ ကျွန်တော်က သိတာမဟုတ်ပါ။ ဒေါက်တာသန်းဝင်း ဂုဏ်သတင်းကြားဖူးတယ်။ ဆရာဝန်အချင်ချင်း ပြောတာမို့ပါ။ ကျွန်တော့်ထက် အတန်းငယ်တယ်လို့ သိလာရတယ်။ သူကတော်တယ်တဲ့။ ကျောင်းသားတွေကြားမှာ တော်တယ်လို့ပြောတာ စာ။

ဘယ်မြို့ ဘယ်ကျောင်းမှာဖြစ်ဖြစ် အတန်းတိုင်းမှာ စာတော်သူဆိုတာရှိစမြဲ။ စာတော်တယ်လို့ သတ်မှတ်ခံရသူတိုင်းလည်း အမြဲမတော်တတ်ပါ။ ဆယ်တန်းမှာ ဂုဏ်ထူးတွေရပေမယ့် ကောလိပ်မှာ ဆက်ပြီးမထူးချွန်သူလည်းရှိတယ်။ အရင်က သူလိုကိုယ်လို နောက်မှာထက်မြက်လာသူမျိုးလည်းရှိတယ်။ စာတော်ခဲ့ပေမဲ့ အလုပ်ထဲမှာ နာမည်ရချင်မှရတယ်။

ကံကြမ္မာဟာ အင်မတန်ဆန်းကြယ်တာကလား။ ကျွန်တော်ဆို ဂုဏ်ထူးတခါမှမရဖူးပါ။ ဆေးကျောင်းဝင်ခွင့်တော့ရတယ်။ ဆေးကျောင်းမှာလည်း ဂရိတ်ဖိုးမရပါ။ အလုပ်ထဲမှာတော့ အားကိုးခံရတာမနည်းပါ။ နိုင်ငံရေးထဲရောက်ပြန်တော့ ဗဟိုမပြောနဲ့ တိုင်းအဆင့်တောင်မှ အနားကပ်နေခဲ့သူမျိုးမဟုတ်ပါ။ မဲပေးအရွေးခံရ၊ အစိုးရဂေဇက်ထဲမှာပါရပေမဲ့ အစိုးရ အမည်မည်းစာရင်းထဲမှာ ဆက်ပါရတယ်။ ပြည်ပထွက်ဖို့ရာ စာရင်းချတာထဲမှာ မပါပေမယ့် အစောကြီးထွက်ရတယ်။

ကျွန်တော်က ဒေသစွဲခေါ်ကြမလား ကိုယ်နေဖူးထိုင်ဖူးတဲ့အရပ် ကပ်နေတတ်တယ်။ မုံရွာ၊ မြို့သာ၊ စစ်ကိုင်း၊ ပုလဲ၊ တနေရာနဲ့တနေရာ ဘာမှမဝေးတဲ့ဆေးရုံတွေမှာသာ တာဝန်ကျတယ်။ ထားဝယ်ကိုရွေ့ခိုင်းတော့ ၇ ရက်တပါတ်နဲ့ အလုပ်ကထွက်ပြီး ပုလဲကိုပြန်နေတယ်။ အဲ့ ၁၉၉ဝ ဒီဇင်္ဘာအကုန်ကတည်းကစပြီး ဝေးပေ့ဆိုတဲ့အရပ်တွေမှာသာ နေရတော့တယ်။

မြန်မာပြည်တွင်းတုံးက တခြားမြို့တွေဆိုလို့ အလုပ်သင်ဆရာဝန်လုပ်ရလို့ မေမြို့၊ အလုပ်နဲ့သင်တန်းတွေကြောင့် ရန်ကုန်၊ ဇနီးရှိတဲ့ ဘုတလင်၊ ဘုရားဖူးဘို့ ပုဂံ၊ သူငယ်ချင်းအရင်းရှိလို့ ပြည်မြို့၊ နိုင်ငံရေးအတွက် ပုန်းရရှောင်ရလို့ တခြား ၃-၄ မြို့။ ဒါလောက်သာရောက်ဖူးတယ်။ အဲ့ သူများ တိုင်းပြည်တွေတော့ မှတ်မိသလောက် ၂ဝ ကျော်ကို ရောက်ဖူးတယ်။

မြန်မာနိုင်ငံသားတွေ ကံကောင်းကြပါစေ။ ကံကောင်းအောင် ဘာလုပ်ပါလို့တော့ ဆရာ မလုပ်တတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ