Fifth column ပဉ္စမံတပ်သား

မဏ္ဍိုင်
အင်္ဂလိပ်လို (ကော်လမ်) ကို ဒီအသုံးမှာ မြန်မာလို မဏ္ဍိုင်လို့ အများကဘာသာပြန်တယ်။ အဘိဓာန်တွေမှာ အလယ်ဗဟို၊ အချက်အချာဆိုတာနဲ့ ကြီးမားကြံ့ခိုင်၍ မလှုပ်မရှားတည်သောအရာလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ မီဒီယာဆိုတဲ့ မဏ္ဍိုင်ကြီး (၄) ခုက ထင်ရှားပါတယ်။ မြန်မာပြည်မှာ မဏ္ဍိုင်တွေအားလုံးကို စာထဲမှာသာ ထားရတဲ့ခေတ်က အတော်ကြာခဲ့တယ်။

Fifth column ပဉ္စမမဏ္ဍိုင်ဆိုတာ စပိန်ပြည်တွင်းစစ်ကနေစပြီး စစ်ရေးဗျူဟာအဖြစ်သုံးခဲ့တဲ့ဝေါဟာရဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး (အင်မီလီယို မိုလာ) က စစ်ကြောင်းလေးကြောင်းက မဒရစ်မြို့ဆီချီတက်လာနေပြီး၊ ထောက်ခံသူများဖြစ်တဲ့ ပဉ္စမ စစ်ကြောင်းကတော့ မြို့ထဲကနေ ရီပတ်ဘလီကင်အစိုးရကို အတွင်းကနေ ဆန့်ကျင်ရေးလုပ်ကြမယ်လို့ဆိုခဲ့တာ ဖြစ်ပါတယ်။

ပဉ္စမမဏ္ဍိုင်ဟာ တိုင်းပြည်တခုရဲ့ အဆုံးအဖြတ်ပေးသူတွေနဲ့ လုံခြုံရေးအတွင်းစည်းအထိ ထိုးဖေါက်ဝင်ရောက်နိုင်ကြတယ်။ ကောလဟလတွေ၊ မမှန်သတင်းတွေ၊ တန်ပြန်ထောက်လှမ်းရေးနဲ့ ဖျက်ဆီးရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ကြတယ်။ ကြီးမားတဲ့အစုတခုကို ဆန့်ကျင်မှုပြုတဲ့ အစုတခုကိုခေါ်ပါတယ်။ ဥပမာ တိုင်းပြည်တခု၊ မြို့တခုထဲကနေ ဆန့်ကျင်ကြတဲ့ အစုတခုဖြစ်တယ်။ ဒီအစုဟာ ထင်ထင်ပေါ်ပေါ်ဖြစ်ဖြစ် လူသူမသိအောင်ဖြစ်ဖြစ်လုပ်ကြတယ်။

(အားနက်စ် ဟယ်မင်ဝေး) က သူ့ရဲ့တခုတည်းသောပြဇာတ်ခေါင်းစဉ်ကို ပဉ္စမမဏ္ဍိုင်လို့ ရွေးချယ်ခဲ့ပါတယ်။ တခြား စာရေးဆရာတွေကလည်း ဒီအသုံးကို အများအားဖြင့် စစ်ရေးအတွက်သုံးကြတယ်။ အမှန်က စစ်ရေးသာမက ကျယ်ပြန့်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း (မယ်လ်ဒလင်း အောလ်ဘရိုက်) က ဒုတိယကမ္ဘာစစ်အတွင်း ချက်ကိုဆလိုဗက်ကီးယားမှာ ဂျာမန်ကို ထောက်ခံသူတွေက အဲလိုလုပ်ခဲ့ကြောင်းရေးဖူးတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာပဲ ၁၉၄ဝ မှာ ပြင်သစ်နိုင်ငံ နာဇီလက်အောက် မြန်မြန်ဆန်ဆန်ကျရောက်ခဲ့တာဟာ ဂျာမဏီရဲ့စစ်ရေး အားသာမှုထက် အဲဒီပဉ္စမမဏ္ဍိုင်ကြောင့်လို့ ယူဆကြပါတယ်။ ပုလဲဆိပ်ကမ်း ဗုံးကျဲခံရတာကိုလည်း ဟာဝိုင်ယီက ပဉ္စမမဏ္ဍိုင်ကြောင့်လို့ အမေရိကန် ရေတပ်ဝန်ကြီး (ဖရင့် နောက်စ်) ကထောက်ပြပါတယ်။ ဖိလစ်ပိုင်ကို ဂျပန်တွေ မသိမ်းခင်ကလည်း အဲလိုပါပဲ။

အင်အားစု
မြန်မာပြည်မှာ ပထမအကြိမ်အာဏာသိမ်းတဲ့ ၁၉၆၂ ကနေစရင် အင်အားစုဆိုတာ စစ်တပ်တခုတခုလို့သာ ခေါ်ဆိုနိုင်ပြီး၊ လူထုဟာ အင်အားစုရယ်လို့ စုစုစည်းစည်းမရှိခဲ့ပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီဝင်အစုနဲ့ ပါတီဝင်မဟုတ်သူလို့ ရှိပေမယ့် ပါတီဝင် မဟုတ်သူတွေမှာ စုဝေးခွင့်၊ စုစည်းခွင့်မရှိပါ။ ၁၉၈၈ မှာ ဒုတိယအကြိမ် အာဏာသိမ်းပြီးနောက်မှာ စစ်အင်အားစုသာမကတော့ပဲ နောက်အင်အားစုပါရှိလာတယ်။ နောက်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တယ်လို့ အားလုံးလိုလိုက နှစ်ပေါင်း ၂ဝ လောက်နီးပါး လက်ခံခဲ့ကြတယ်။

ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကြာလာပြီး ဘာမှဖြစ်မလာတော့ တတိယအင်အားစုဆိုတဲ့အသုံးကို ပြောလာကြပြန်တယ်။ သူတို့ကိုယ်သူတို့သာ ပြောကြတာများတယ်။ NLD ကို မနှစ်သက်သူတွေက ဒေါ်စုတို့လုပ်မရ ဒို့မှဒို့ဆိုတဲ့ နိုင်ငံရေး မျှော်ကိုးချက်နဲ့ ကိုယ့်ဖါသာဆိုင်းဘုတ်ထောင်တာလို့ ယူဆပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အသံအသစ် ထွက်လာပြန်ပါတယ်။ သမတကိုနောက်ခံပြုမလိုလို။ အဲဒီ အစုအဖွဲ့မျိုးကတော့ စစ်အုပ်စိုးရေးစနစ်ကို ထုံးအသစ် သုတ်ပေးဖို့ထက်မပိုပါ။

အပွင့်
အင်အားစုကို အပွင့်လို့တင်စားခေါ်တာရှိပါသေးတယ်။ တိုင်းရင်းသားအစုကိုပါထည့်ပြီး သုံးပွင့်ဆိုင်လို့ ပြည်ပနိုင်ငံရေး လှုတ်ရှားမှုကနေ စသုံးလာခဲ့ပါတယ်။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တစိုက်မတ်မတ်တောင်းဆိုခဲ့ကြတာ မဖြစ်ခဲ့ပါ။ အရပ်သားတပိုင်းခေတ် ပထမ ၅ နှစ်အတွင်းမှာတော့ အပွင့်တွေကို ယူနီဖေါင်းပခုံးပေါ်ကနေ ဖြုတ်လိုက်ကြပြီး၊ နေပြည်တော်မှာ ပွင့်လာလိုက်ကြတာ မရေမတွက်နိုင်အောင်ပါ။ ၄ ပွင့်၊ ၆ ပွင့်၊ ၁၂ ပွင့်။ နေပြည်တော်မှာပွင့်တဲ့ မမွှေးသောပန်းများလို့ တင်စားခေါ်ပါတယ်။ အခုတော့ အဲဒီပန်း မျိုးတုံးသွားပြီ။

ဒေါက်တိုင်
မြန်မာပြည်မှာရှိလာတဲ့ ပဉ္စမမဏ္ဍိုင်က သူများတိုင်းပြည်တွေဟာနဲ့ မတူပါ။ သူများဆီမှာ အာဏာရနေသူတွေကို ဆန့်ကျင်ဖို့ရာ အာဏာမရှိသူတွေကနေ ကြိုးပမ်းရတာမျိုးဖြစ်တယ်။ မြန်မာပြည်မှာက ပြောင်းပြန်။ အဏာရှိနေသူတွေက အာဏာဆက်ယူနိုင်ရေး မွေးထားတဲ့ ဒေါက်တိုင်ဖြစ်တယ်။ လက်ရဲဇက်ရဲရှိတဲ့အပြင် အုပ်စိုးသူတွေရဲ့ အကာအကွယ်ကို ကောင်းကောင်းကြီးရထားတယ်။ အဲဒီ ဒေါက်တိုင် ခေါ် (ကော်လမ်) က အုပ်စိုးသူတွေအတွက်မဟုတ်ပဲ လူထုအတွက် အန္တရာယ်တကယ်ရှိပါတယ်။ လွှတ်တော်မှာလည်း မေးခွန်းထုတ်မရ။ မဲခွဲရင်လည်း သေချာပေါက်ရှုံးမယ်။

ဒီနှစ်ထဲမှာ ပြင်သစ်မဂ္ဂဇင်းတိုက်တခုကို မွတ်ဆလင်အစွန်းရောက်တွေက တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ အဲတာလည်း ပြင်သစ်နိုင်ငံသား မွတ်ဆလင်တွေဖြစ်လို့ ပဉ္စမမဏ္ဍိုင်လို့သုံးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းထဲက ရုရှားသွေးပါသူတွေ အများစုနေထိုင်တဲ့ဒေသကို ရုရှားကဝင်စီးတဲ့အခါမှာလည်း ရုရှားသမတ ဗလာဒီမာပူတင်က ဒေသခံပဉ္စမမဏ္ဍိုင်ကို အသုံးပြုတယ်လို့ မီဒီယာကသုံးပါတယ်။ အဲလိုမတရားကျူးကျော်မှုကို မထောက်ခံတဲ့ ရုရှားလူမျိုးတွေကိုတော့ ဆဋ္ဌမမဏ္ဍိုင်လို့ (အလက်ဇန်ဒါ ဒူဂင်) ခေါ် ရုရှားနိုင်ငံရေးသိပ္ပံပညာရှင်က သုံးလိုက်ပါတယ်။

မဟာမိတ်
၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ပေါ်လာတဲ့ လွှတ်တော်ထဲမှာ စစ်ထွက်ပါတီနဲ့အတူ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအစုရယ်လို့ နှစ်ခု တိုးလာတယ်။ ၂ဝ၁၂ ကြားဖြတ်ပြီးလို့ NLD ကပါ လွှတ်တော်ထဲရောက်လာတော့ ဒီမိုကရေစီဆိုတဲ့ပါတီတချို့က NLD ကို မဟာမိတ်ပြုဖို့နေနေသာသာ ပြိုက်ဖက်ဆိုတာထက် ရန်သူလိုဆက်ဆံလာကြတာတွေ့ရတယ်။ တိုင်းရင်းသားအစုကလည်း အာဏာရကို ဖေးဖေးမမပြောကြသူချည်းကများတယ်။ လာမယ့်ရွေးကောက်ပွဲမှာ NLD က CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကောက်မတီနာမည်ကို ပြန်ပြီးဂုဏ်တင်လိုက်တယ်။ NLD အလူးအလဲခံနေရချိန်မှာ နိုင်ငံရေးအရ အတူ ရပ်တည်ပေးခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဖြစ်ကြတယ်။ အရင်ကတော့ ထောင်ကျတာမှာမဟာမိတ်နဲ့ ကြေငြာချက်နဲ့ စာအုပ်ထုတ်တာမှာသာ မဟာမိတ်ဖြစ်ခဲ့ရပြီး မကြာခင်လွှတ်တော်ထဲမှာ NLD ရဲ့ မဟာမိတ်ဆိုတာ ရလာပါတော့မယ်။

တတိယအင်အားစုဆိုသူတွေဟာ အလိုတော်ရိတွေသာဖြစ်တယ်။ ဒီမိုကရေစီဖက်က အရံအင်အားစု မဟုတ်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပထမနဲ့ ဒုတိယနေရာတွေကို ယူနီဖေါင်းဝတ်နဲ့ ယူနီဖေါင်းချွတ်တွေကရယူထားပြီး ကျန်လူတွေကိုသာ တတိယတို့ စတုတ္ထတို့နေရာပေးပါတယ်။ ရွေးကောက်ပွဲဆိုတာ တတိယနဲ့ စတုတ္ထနေရာလုပွဲသာ ဖြစ်တယ်။

တရားမဝင်ရှိနေတဲ့ (ကော်လမ်) ခေါ် ဒေါက်တိုင်ဟာ ပဉ္စမမဏ္ဍိုင် ခေါ် အစိုးရကိုဆန့်ကျင်သူလည်းမဟုတ်၊ ဆဋ္ဌမမဏ္ဍိုင် ခေါ် ကျူးကျော်သူကိုဆန့်ကျင်သူလည်း မဟုတ်ပါ။ ပဉ္စမံတပ်သားဆိုတာ သူ့လူကိုယ့်ဘက်သားလို့ ပြောဆိုကြတယ်။ ကိုယ့်လူသူ့ဘက်သားက များနေသလားမသိပါ။ မြန်မာပြည်မှာ ဟာဝိုင်ယီလို ပဉ္စမမဏ္ဍိုင်လည်းမရှိပါစေနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး