Fifth column ပဉ္စမမဏ္ဍိုင်
ပဉ္စမမဏ္ဍိုင်ဆိုတာ ကြီးမားတဲ့အစုတခုကို ဆန့်ကျင်မှုပြုတဲ့ အစုတခုကိုခေါ်ပါတယ်။ ဥပမာ တိုင်းပြည်တခု၊ မြို့တခုထဲကနေ ဆန့်ကျင်ကြတဲ့အစုတခု။ ဒီအစုရဲ့လုပ်ဆောင်ချက်တွေဟာ ထင်ထင်ပေါ်ပေါ်ဖြစ်ဖြစ် လူသူမသိအောင်ဖြစ်ဖြစ်လုပ်တယ်။ အဖျက်လုပ်ငန်းတွေ၊ မမှန်သတင်းဖြန့်တာတွေ၊ တန်ပြန်ထောက်လှမ်းရေး စတာတွေလုပ်ကြတယ်။
စပိန်ပြည်တွင်းစစ်ကနေစလိုက်တဲ့ ဝေါဟာရဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး (အင်မီလီယို မိုလာ) က စစ်ကြောင်း ၄ ကြောင်းက မဒရစ်မြို့ဆီချီတက်လာနေပြီး၊ ထောက်ခံသူများဖြစ်တဲ့ ပဉ္စမစစ်ကြောင်းကတော့ မြို့ထဲကနေ ရီပတ်ဘလီကင်အစိုးရကို အတွင်းကနေ ဆန့်ကျင်ရေးလုပ်ကြမယ်လို့ ဆိုတာဖြစ်ပါတယ်။
စာရေးဆရာ (အားနက်စ် ဟယ်မင်ဝေး) က သူ့ရဲ့တခုတည်းသောပြဇာတ်ခေါင်းစဉ်ကို ပဉ္စမမဏ္ဍိုင်ကို ရွေးချယ်ခဲ့ပါတယ်။ တခြားစာရေးဆရာတွေကလည်း ဒီအသုံးကို အများအားဖြင့် စစ်ရေးအတွက်သုံးကြတယ်။ အမှန်က စစ်ရေးသာမက ကျယ်ပြန့်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း (မယ်လ်ဒလင်း အောလ်ဘရိုက်) ကလည်း ဒုတိယကမ္ဘာစစ်အတွင်း ချက်ကိုဆလို ဗက်ကီးယားမှာ ဂျာမန်ကို ထောက်ခံသူတွေက အဲလိုလုပ်ခဲ့ကြောင်း ရေးသားဖူးပါတယ်။ ၁၉၄ဝ မှာ ပြင်သစ်နိုင်ငံ မြန်မြန်ဆန်ဆန်ကျခဲ့တာလည်း ဂျာမဏီရဲ့အားသာမှုထက် အဲဒီ ပဉ္စမမဏ္ဍိုင်ကြောင့်လို့ ယူဆကြပါတယ်။ ပုလဲဆိပ်ကမ်း ဗုံးကျဲခံရတာကို အမေရိကန်ရေတပ်ဝန်ကြီး (ဖရင့် နောက်စ်) က ဟာဝိုင်ယီက ပဉ္စမမဏ္ဍိုင်ကြောင့်လို့ ထောက်ပြပါတယ်။ ဖိလစ်ပိုင်ကို ဂျပန်တွေမသိမ်းခင်ကလည်း အဲလိုပါပဲ။
ဒိနောက်မှာ ဒီအသုံးဟာ အမေရိကန်ဖျော်ဖြေရေးလောကထဲရောက်လာပါတယ်။ ကာတွန်းရုပ်ရှင်တွေမှာ သုံးလာတယ်။ ကနေ့ဂျပန်မှာနေကြတဲ့ မြောက်ကိုရီးယားလူမျိုးတွေက Chongryun အဖွဲ့ထူထောင်ပြီး တိုက်ခိုက်ကြတယ်။ အစ္စရေးလ်မှာလည်း ရှိတယ်။ ဒီနှစ်ထဲမှာ ပြင်သစ်မဂ္ဂဇင်းတိုက်ကို မွတ်ဆလင်အစွန်းရောက်တွေက တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ အဲတာလည်း ပြင်သစ်နိုင်ငံသား မွတ်ဆလင်တွေဖြစ်လို့ ပဉ္စမမဏ္ဍိုင်လို့သုံးပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရုရှားကနေ ယူကရိန်းထဲက ရုရှားသွေးပါသူတွေအများစုနေထိုင်တဲ့ ဒေသကိုဝင်စီးတဲ့အခါမှာလည်း ပဉ္စမမဏ္ဍိုင်ကို အသုံးပြုပါတယ်။ အဲလိုမတရားကျူးကျော်မှုကို မထောက်ခံတဲ့ရုရှားလူမျိုးတွေကိုတော့ ဆဋ္ဌမမဏ္ဍိုင်လို့
(အလက်ဇန်ဒါ ဒူဂင်) ခေါ်ရုရှားနိုင်ငံရေးသိပ္ပံပညာရှင်က သုံးလိုက်ပါတယ်။
မြန်မာပြည်မှာ လူအများသိကြတာက (တရားစီရင်ရေး + ဥပဒေပြုရေး + အုပ်ချုပ်ရေး + မီဒီယာ) မဏ္ဍိုင်ကြီးလေးခုပါ။ တကယ်ရှိနေတာက အနည်းဆုံးခြောက်ခု။ ခြောက်ခုလုံးဟာ ယိုင်နဲ့နဲ့ချည်းသာ။
ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၅
ဓါတ်ပုံ = Fifth Column Mouse, a 1943 Warner Bros. animated cartoon

Comments
Post a Comment