What not to do ပြန်လာဘာလုပ် (၂)

ထပ်မေးတာတွေတော့ မထည့်တော့ပါ။ ပြန်လာဘာလုပ် (၁) ကိုရေးထားတာ ၆-၂-၂ဝ၁၅ ကတည်းကပါ။

Black list အမည်မည်းစာရင်းထဲကနေတော့ ၂ဝ၁၂ ကတည်းကဖြုတ်ပေးခံရလို့ ဗီဇာလျှောက်ရင် ရကောင်းရနိုင်ပြီလို့ ပြောနိုင်လာပါတယ်။

အလည်ပြန်တယ်ဆိုတော့ နိုင်ငံရေးမှာဘာလုပ်လို့ရမှာလည်း။ နောက်ကနေ တကောက်ကောက်နဲ့ အလိုက်ခံနေရမှာ။ ကိုယ်ကတော့ လွတ်ကောင်းလွတ်နိုင်ပါရဲ့။ သူများနိုင်ငံအစိုးရမျက်နှာနဲ့။ ကိုယ့်လာတွေ့သူတွေကို ရန်မရှာဖူးမပြောနိုင်ပါ။ ကိုယ့်နိုင်ငံအစိုးရရဲ့ အာဏာစက်နဲ့။

ပြန်လာရင် မဲလေးတပြားတော့ပေးချင်တယ်။ ဘယ်သူကောင်းသလည်းကိုသိလို့။ ဒါမှမဟုတ် ကြက်ခြေခတ်ရချင်တယ်။ ဘယ်သူဆိုးသလည်း ကောင်းကောင်းသိလို့။ ဒါပေမယ့် အရွေးခံခွင့်လည်းမရ၊ မဲပေးခွင့်လည်းရှိမှာမဟုတ်ပါ။

မရရအောင်လုပ်ပါပြီတဲ့ နိုင်ငံရေးမှာလည်း ဂျင်နရေးရှင်းရှိတယ်။ ကနေ့လူရွယ်တွေက ၁၉၉ဝ ခေတ်လိုမဟုတ်ကြတော့ပါ။ လူကြီးလို့မမြင် လူအို-လူပိုလို့သာ မြင်ကြမယ်။ သူတို့အဆိုးမဟုတ်ပါ။ ဒီမိုကရေစီဆိုတာ ခေတ်ကိုကိုယ်စားပြုရမယ်။

အခုရောက်တဲ့တိုင်းပြည်မှာနေရတာက တရားဝင်။ တရားဝင်နေလို့ အပြင်ထွက်ရင်လည်း တရားဝင်မှရတယ်။ အခုနေရာကနေမြန်မာပြည်ပြန်ရင် ထွက်ပြေးရတုံးကလို နယ်စပ်ကနေခြေလျှင်လျှောက်လို့မရပါ။

၂၅ နှစ် အနှစ်ချုပ်
၁၉၇၃ ကနေ ၁၉၈၈ အထိ အစိုးရအမှုထမ်းဆရာဝန်လုပ်ခဲ့တယ်။ ၂၇-၅-၁၉၉ဝ မှာ NLD ပါတီရဲ့ ပုလဲမဲဆန္ဒနယ် (၂) ကနေ အရွေးခံရတယ်။

စစ်အစိုးရကနေလာဖမ်းတာကို တိမ်းရှောင်ရာကနေ ၂၁-၁၂-၁၉၉ဝ နေ့မှာ အိန္ဒိယမှာကူးပြောင်းနေထိုင်ဖို့ ရောက်တယ်။ နိုင်ငံရေးခိုလှုံခွင့်လျှောက်တယ်။ တရားဝင်ကတော့ UNHCR ဒုက္ခသည်အနေနဲ့နေခဲ့ရတယ်။ NCGUB စင်ပြိုင်အစိုးရမှာ ဖျက်သိမ်းတဲ့အထိ တာဝန်ယူရတယ်။ NLD/LA ပါတီထဲမှာလည်း သက်တမ်းကုန်ကာနီးအထိ တာဝန်ရှိခဲ့တယ်။

၁၈-၈-၂ဝ၁၄ (စစ်အာဏာသိမ်းနှစ်ပတ်လည်) နေ့မှာ ယူအက်စ်ကို ရွေ့ပြောင်းနေထိုင်ခွင့်နဲ့ ရောက်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး