Pocket politics အိတ်စိုက်နိုင်ငံရေး

နိုင်ငံရေးပါတီတခုက အမတ်လောင်းတဦးအတွက် ပါတီကနေ (၁ဝ) သိန်းစီထောက်ပံ့မယ်တဲ့။

၁၉၉ဝ တုံးက NLD ကနေဝင်အရွေးခံခဲ့တာ ပါတီကလည်းမရပါ၊ ဘယ်ကမှလည်း ထောက်ပံ့ငွေမရခဲ့ပါ။ ကိုယ်က ဆရာဝန်ဖြစ်နေတာ့ တခြားမြို့နယ်တွေက ရံပုံငွေအတွက် အထိန်းအမှတ်ပစ္စည်းရောင်းတိုင်းဝယ်ရတယ်။ အလှူခံရင် ထည့်ရတယ်။

ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပုလဲမြို့နယ်တခွင်ပြဲပြဲစင် ကိုယ့်ကားလေးနဲ့ကိုယ်သွားခဲ့ရတယ်။ တောင်ပေါ်လည်း တက်ရ၊ လယ်ကန်သင်းတွေကိုလည်း ကျော်ရဖြတ်ရ၊ ဘာပြောကောင်းမလည်း ကားကလေး ဖွတ်ဖွတ်ကျေလို့။

တိုင်းပြည်ကနေ ထွက်ပြေးရတော့လည်း ဝရမ်းပြေးကြေညာပြီးမို့ ဘယ်ကားမှငှားမရလို့ ကားလမ်းအဆုံးအထိ ကိုယ့်ကားလေးနဲ့ကိုယ်။ ကားအိမ်ပြန်ရောက်တာနဲ့ ချက်ချင်းရောင်းရတယ်။ မဟုတ်ရင် အိမ်လေးလိုပဲ မနေရ၊ မငှားရ၊ မပြင်ရဖြစ်မှာ သေချာတယ်။

တချို့က စစ်အစိုးရသင်ပေးထားသလို အိန္ဒိယအစိုးရကပေးတဲ့ငွေ၊ စီအိုင်အေကပေးတဲ့ငွေတဲ့။ ဘယ်ကလာ ခြူးတပြားမှ မရပါ။ စင်ပြိုင်အစိုးရမှာလုပ်ရတုံး ရုံးစရိတ်စတာရပါတယ်။ NED နဲ့ နော်ဝေအစိုးရကနေရတာပါ။ ၂ဝဝ၈ မှာ အဲတာတွေ ဖြတ်သွားတော့လည်း နောက်ထပ် ၂ နှစ်ကြာအောင် ကိုယ့်အိပ်စိုက် ဆက်လုပ်ပါသေးတယ်။ စိုက်စရာကုန်တော့မှ ရပ်လိုက်ရတယ်။

၂ဝ၁၅ မှာ အိမ်ပြန်ပြီးအရွေးခံမလား မေးကြတာတွေကို မဖြစ်နိုင်ပါကြောင်းဖြေထားပါတယ်။ ဖြေခဲ့တာထဲမှာ လိုတာ တချက်ကို အခုမှသတိထားမိတော့တယ်။ အမတ်လောင်းလျှောက်လွှာကြေးတောင် ပေးစရာမရှိပါ။ NLD ကလည်း ပေးနိုင်မှာမဟုတ်ပါ။ ဆရာဝန် (၁၅ + ၂) နှစ်လုပ်လို့ရသမျှ နိုင်ငံရေးနဲ့ကုန်သွားပြီ။ စိတ်ကတော့ ကုန်စရာမရှိပါ။ စိတ်နဲ့ နိုင်ငံရေးဆက်လုပ်မယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ