Hands up လက်မြှောက်

ကျွန်တော်အခုနေရတဲ့အိမ်ခန်းဘေးမှာ မီးရထားလမ်းရှိတယ်။ တနေ့မှာ ၁ဝ ခါလောက် ရထားအသွားအလာရှိတယ်။ ကုန်တွဲရထားပါ။ ရထားလမ်းနဲ့ အိမ်ခန်းကြားမှာ သစ်ပင်အုပ်တန်းကလေးရှိတယ်။ နွေရာသီမို့ လူငယ်လူရွယ်တွေ မကြာမကြာလာခိုကြတာတွေ့တယ်။ တမြန်နေ့ကတော့ လူငယ်လေးနှစ်ယောက် ရဲကဖမ်းသွားတာကို နောက်ကနေ လှမ်းမြင်လိုက်ရတယ်။ ဆေးခြောက်မှုဖြစ်မလားပဲ။

နောက်တခုက ရထားလမ်းမှု။ အမေရိကမှာ မီးရထားလမ်းတလျှောက် လမ်းလျှောက်ခွင့်မရှိပါ။ ၂ဝဝ၈ ခုတုံးက ၁၁ မိုင် ရှည်တဲ့ ဂိုရှန်နဲ့ အယ်လ်ခတ်ကြားမှာ ရထားလမ်းဖြတ်သန်းမှုနဲ့ လူ ၅ဝ အဖမ်းခံရတယ်။ အဲဒီနှစ်မှာပဲ လူ ၁၃ ယောက် ရထားတိုက်လို့ သေဆုံးခဲ့လို့ရထားလမ်းဥပဒေကို လူတွေသိအောင် လှုံ့ဆော်ရေးလုပ်ရတယ်။ မြန်မာပြည်ကနေ ဒီလာနေသူတွေက ရထားဥပဒေကို အမှုမဲ့ရှိတတ်တယ်။

ဒီကနေ မြန်မာပြည်ပြန်သူတွေလည်း မထူးပါ။ မိတ်ဆွေလင်မယားနှစ်ယောက် မြန်မာပြည်ကိုအလည်ပြန်ကြတယ်။ မပြန်တာ ၂၁ နှစ်ရှိပြီတဲ့။ ရန်ကုန်ကနေ မန္တလေးကို မီးရထားနဲ့သွားမိကြသတဲ့။ နောက်ဆုံးထွဲမှာရတယ်။ ရထားက ခုန်လွန်းလို့ အိပ်လို့မရ။ ထိုင်နေတော့ ခေါင်းပေါ်ကို လက်နှစ်ဖက်နဲ့ အမိုးကိုပင့်ထောက်ထားရတယ်။ ခေါင်းရွက်ဈေးသည် ဈေးဖမ်းကိုကိုင်ရသလိုမလုပ်ရင် ရထားတွဲခေါင်မိုးနဲ့ ခေါင်းနဲ့ဆောင့်မိမှာတဲ့။ မြန်မာပြည်မှာ နေရာတကာ လက်မြှောက်နေရပါကလား။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ