ရွေးကောက်ပွဲ ကမ်ပိန်း

ရွေးကောက်ပွဲကမ်ပိန်းခေါ်တဲ့ ရွေးကောက်ပွဲနိုင်အောင် စည်းရုံးရေး ဘယ်လိုလုပ်မလဲကို စာတွေ့ ရေးရမလား၊ ကိုယ်တွေ့ ရေးရမလား။ နှစ်မျိုးလုံးပါမှရမယ် ထင်တယ်။ ဒါပေမယ့် ၁၉၉ဝ ပြည့်နှစ်တုန်းက မဲဆွယ်ခဲ့ရတာက ၂ဝ၁၅ နဲ့ မတူပါ။ အရင်တုန်းက အဖြူနဲ့ အမည်း။ အခုဟာက တက်ကနီကာလာ။ တက်ကနော်လော်ဂျီပါမှ ရမယ်။ အရင်က ရိုးစဉ်းတယ်။ အခုက ဆန်းပြားတယ်။ စိတ်မချရတာကတော့ သိပ်မကွာလှဖူး။ ယုံကြည်မှုဆိုတာ ဖွဲ့စည်းပုံအသစ်ရေးရုံနဲ့ မရပါ။

ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစည်းရုံးရေးကာလ သတ်မှတ်ပေးပေမယ့် အမှန်ကတော့ ကမ်ပိန်း လုပ်ငန်းတွေက လပေါင်းများစွာကတည်းကနေ စရတယ်။ အာဏာရပါတီ ကတော့ အခု အစိုးရတက်ကတည်းက ရွေးကောက်ပွဲ ကမ်ပိန်းကို အုံနဲ့ကျင်းနဲ့ စထားပြီးသား တွေ့ရတယ်။ (ကမ်ပိန်း) လို့ မပြောချင်နေပါ၊ အနိုင်ရရေး (ပလင်) အရ လုပ်နေတာ ဖြစ်တယ်။

ရွေးကောက်ပွဲကမ်ပိန်းဆိုတာ ရွေးကောက်ပွဲမတိုင်ခင် ခွင့်ပြုကာကလတိုအတွင်းမှာ ကိုယ့်ပါတီကို၊ ကိုယ့်ကို၊ ကိုယ့်အမတ်လောင်းကို မဲပေးမဲ့သူတွေက မဲပေးချင်လာအောင် စည်းရုံးသိမ်းသွင်းရတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အုပ်စုတခုကို ပစ်မှတ်ထားပြီး လုပ်ကြရတယ်။ အရွေးခံမယ်လို့ ဆုံးဖြတ်ချက်က အရင်ဆုံး ချရတယ်။ အလားအလာ တွက်ချက်ရမယ်။ တိုင်ပင်သင့်သူ မှန်သမျှကိုတိုင်ပင်ပြီး အတွက်အချက် လုပ်ကြရတယ်။ ကိုယ့်အားကိုယ်တွက်ဆ နိုင်ရမယ်။ လူသိရှင်ကြား ကြေညာရမယ်။ ခရီးတွေ ထွက်ရမယ်။ စကားတွေ ပြောရမယ်။ မေးတာတွေ ဖြေရမယ်။ မီဒီယာ သုံးရမယ်။ နောက်ပိုင်းမှာ ငွေကုန်ကြေးကျများတဲ့ နည်းတွေပါ သုံးရမယ်။ အမတ်လောင်း ရွေးရတာကိုက အနိုင်ရရေး အလားအလာ မပါလို့ မရပါ။ စံသတ်မှတ်ထားတာ ကောင်းပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို မတွက်ဆရင် ကျောင်းသားလူရည်ချွန် ရွေးသလိုပဲ နေမယ်။

(ကမ်ပိန်း-မက်ဆေ့ခ်ျ) ဆောင်ပုဒ်က အရေးကြီးတယ်။ လူထုအကြိုက် ဖြစ်ရမယ်။ ပြိုင်ဖက်ကို ထိုးနှက်စရာ ဖြစ်နိုင်တယ်။ ပေါ်ပြုလာ (စလိုဂင်) သတင်းစကား ဖြစ်ရမယ်။ လာမယ့် ၄-၅ နှစ်အတွက် ရည်မှန်းချက် ဖြစ်နိုင်တယ်။ ရေရှည်မျှော်မှန်းချက် ဖြစ်နိုင်တယ်။ (ပေါ်လစီအစ်ရှူး) ဖြစ်သင့်တယ်။ ဆွဲဆောင်မှု ရှိရမယ်။ ဘောင်မကျဉ်းရပါ။ ၂ဝဝ၈ တုန်းက ဂျွန်မက်ကိန်းရဲ့ ဆောင်ပုဒ် (တိုင်းပြည်ပထမ) ဆိုတာ သူ့ရဲ့ တိုင်းပြည်အတွက် မျိုးချစ်စိတ်အရ ဆောင်ရွက်ချက်တွေနဲ့ သူ့အတွေ့အကြုံကို ထင်ဟပ်စေဖို့ ဖြစ်တယ်။ နောက်ပိုင်း (မူလကတည်းက လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူ) လို့ ပြောင်းလိုက်တယ်။ အိုဘားမားကတော့ (ချိန်း) အပြောင်းအလဲကိုပဲ တချိန်လုံး ကိုင်စွဲခဲ့တယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ နောက်ဆုံးကျင်းပတဲ့ ၁၉၆ဝ ရွေးကောက်ပွဲကို ငယ်သေးပေမယ့် မီခဲ့တယ်။ နံရံတွေ၊ တံတိုင်းတွေမှာ (ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့) လို့ ဦးနုပါတီကနေ ကပ်ထားတဲ့ အဝါရောင် ပိုစတာတွေ မြင်ဖူးခဲ့ပါတယ်။ တခြားပါတီတွေကလည်း ရှိပေမယ့် မမှတ်မိပါ။ အသက် ၁၂ နှစ်သားအရွယ်၊ ချင်းတွင်းမြစ် ကူးတို့ဆိပ်က သစ်ပင်ကြီးမှာ ကပ်ထားတဲ့ အဲဒီပိုစတာကို ခုထိမမေ့သေးပါ။ အဲတာဟာ ဆောင်ပုဒ်ရဲ့ စွမ်းအားဖြစ်တယ်။

ကမ်ပိန်းဖွဲ့စည်းပုံ ကျကျနန လုပ်ရမယ်။ ကမ်ပိန်း-မန်နေဂျာက အခရာကျတယ်။ ကမ်ပိန်း-အော်ပရေးရှင်းအားလုံးကို သူက ထိန်းညှိပေးရတယ်။ မဟာဗျူဟာကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ သူ့အလုပ်။ မဟာဗျူဟာချဖို့ မဟုတ်။ ကျနော် ကိုယ်ပိုင်အမြင်က မန်နေဂျာဟာ ပါတီဗဟိုကောက်မတီဝင် ဖြစ်စရာမလိုပါ။ ပိုင်ရှင်သူဌေးတွေက (စီအီးအို) ကို လခ ကောင်းကောင်းပေးခိုင်းပါတယ်။

နိုင်ငံရေးအတိုင်ပင်ခံတွေ ထားရမယ်။ မဟာဗျူဟာအောင်မြင်အောင် ဘယ်လိုလုပ်ပါ ဆိုတာတွေကို အကြံပေးမယ်။ သုတေသနလုပ်ငန်းတွေ ပါမယ်။ မဲပေးသူတွေနဲ့ ပြိုင်ဖက်တွေကို လေ့လာရေး လုပ်ရတယ်။ နိုင်ငံရေးအကြံပေးတွေဆိုတာ အတတ်ပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေသာ မဟုတ်ပါ၊ စီးပွားရေး လုပ်ငန်ရှင်တွေ၊ မီဒီယာသမားတွေ၊ အနုပညာရှင်တွေ၊ ဆယ်လီဘရစ်တီတွေ ဖြစ်နိုင်တယ်။

(ပလင်) ကို ရည်ရွယ်ချက်၊ (မက်ဆေ့ခ်ျ)၊ ရည်မှန်းပရိသတ်၊ ရှိတဲ့ရင်းမြစ်တွေကို တွက်ချက်ပြီး ချရမယ်။ နည်းနာတွေ သုံးရမယ်။ ကမ်ပိန်းအဖွဲ့ထဲမှာ တဦးချင်းအရည်အချင်းရှိသူတွေနဲ့ အရင်းမြစ်ကြွယ်ဝသူတွေ ပါဝင်နေတယ်။ အားလုံးဟာ (ကမ်ပိန်း-မက်ဆေ့ခ်ျ) ကို မဲပေးသူတွေဆီ ရောက်အောင် ဘယ်လိုလုပ်မလဲ၊ လူသစ်စုဆောင်းရေး ဘယ်လိုလုပ်မလဲ၊ ရန်ပုံငွေ ဘယ်လိုရှာမလဲ နည်းနာတွေ သိရမယ်။ ဝါဒဖြန့်ချိရေး နည်းနာအတိုင်း လုပ်ရမယ်။ ဥပဒေစည်းဘောင်ကို လိုက်နာရမယ်။ စီးပွားဖြစ်ကုန်ပစ္စည်း ကြော်ငြာလုပ်သလို လုပ်ရတယ်။

(ကမ်ပိန်း-အက်သစ်) ခေါ် စောင့်ထိန်းစရာ ကျင့်ဝတ်တွေကို အစကတည်းက ချမှတ်ထားရ တယ်။ ဆောင်ရန် ရှောင်ရန်တွေ၊ စည်းကမ်းကလနားတွေ၊ သတ်မှတ်ချက်တွေ ရှိရမယ်။ နေ့စဉ်တဓူဝ လိုက်နာ စောင့်ထိန်းကြရတယ်။ စစ်ရေးလို လုပ်ရတာ ဖြစ်တယ်။ ဆင့်ကဲအမိန့်နာခံမှု ရှိရတယ်။ တချို့အရာတွေမှာ (ဇီးရိုး တောလားရင့်စ်) သည်းခံခွင့်လွှတ်လို့ မရတာတွေ ရှိမယ်။ တနေ့တာ ဘာပြီးအောင်လုပ်မလဲ ရှိတယ်။ ဥပမာ ဖုန်းဘယ်နှခါ ခေါ်တယ်၊ ဘယ်နှအိမ်၊ ဘယ်နှရွာ ရောက်ပြီးပြီ၊ လက်ကမ်းစာရွက် ဘယ်လောက်ကုန်ပြီ၊ အထိမ်းအမှတ်ပစ္စည်း ဘယ်လောက်ရောင်းချပြီးပြီ၊ လူသစ် ဘယ်နှယောက် ရအောင်စုနိုင်တယ်၊ ကိန်းဂဏန်းတွေကို မညာရပါ။

စာရွက်စာတမ်းကမ်ပိန်းဆိုတာ လုပ်ရမယ်။ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မယ်။ သူ့နာမည်ကို လူသိများအောင် လုပ်ရမယ်။ မဲပေးမဲ့သူတွေက သူ့နာမည်နဲ့ပါတီကို မှန်မှန်ကန်ကန် မဲပေးတတ်အောင် လုပ်ပေးရမယ်။ ကုန်ကျစရိတ် တွက်ခြေကိုက်ရမယ်။ မီဒီယာမှာ ပါစေရမယ်။ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပေးရမယ်။ သတင်းစာ၊ ဂျာနယ်တွေမှာ ပါရမယ်။ အင်တာဗျူးပေး ရမယ်။ သတင်းကမ်ပိန်းဆိုတာ လူထု အသိရှိလာစေရေးနဲ့ အမတ်လောင်းကို ထောက်ခံလာစေရေး လုပ်ပေးရတာဖြစ်တယ်။

ကမ်ပိန်းဆက်သွယ်ရေးမှာ ၂ မျိုး ရှိတယ်။ (၁) ကြော်ငြာအတွက် သတင်းစာ၊ ရေဒီယို၊ တီဗွီနဲ့ ဂျာနယ်တွေကို အသုံးချရမယ်။ တန်ရာတန်ဖိုးပေးရမယ်။ ကြော်ငြာတွေကို အတိုင်ပင်ခံ ပညာရှင်တွေက ဒီဇိုင်း လုပ်ပေးမယ်။ (၂) မီဒီယာဆိုတာ ကိုယ်ပိုင် မီဒီယာနဲ့ ငွေပေးသုံးရတာ ရှိမယ်။ မြန်မာပြည်မှာ တီဗွီ၊ ရေဒီယိုနဲ့ သတင်းစာကြီးတွေအားလုံးကို နှစ် ၆ဝ ကျော် အာဏာရယူထားတဲ့ အုပ်စုကသာ ပိုင်လို့ ဘယ်သူမှ ပြိုင်မရပါ။ လူတွေ ရေကြီးလို့ ဆင်းရဲဒုက္ခတွေ ရောက်နေတယ်။ အစိုးရသတင်းစာတစောင်ကို ဆင့်ပွားထုတ်ဖို့ မုံရွာမှာ စက်သစ်ဆောက်နေတယ်။ စက်ကို အိန္ဒိယကနေ ဝယ်ထားပြီးပြီ။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ခုကတည်းက ပြင်ထားတာပဲ။

အစည်းအဝေးတွေ၊ လူစုလူဝေးတွေနဲ့ ပွဲလမ်းတွေ ဖော်ဆောင်ရမယ်။ စင်မြင့်၊ စကားရည်လုပွဲနဲ့ ဟောပြောပွဲနေရာတွေ ဖန်တီးအသုံးချရမယ်။ ဝက်ဘ်ဆိုက်ထောင်တာ၊ အွန်လိုင်းဆက်သွယ်ရေးထူထောင်တာ၊ ခေတ်ပေါ်နည်းပညာတွေ သုံးရမယ်။ (ဖေ့စ်ဘွတ်)က ထိရောက်တယ်။ ဆောင်းပါးရေးတာ၊ လက်ကမ်းကြော်ငြာ စာဝေတာ၊ သတင်းစာ-ဂျာနယ်ထုတ်တာ၊ ပါတီပေးတာတွေ လိုတယ်။

၂ဝ၁၂ တုန်းက အန်အယ်လ်ဒီကနေ အနုပညာရှင်တွေနဲ့ စည်းရုံးခဲ့တာ အင်မတန် အောင်မြင်တယ်။ အာဏာရ အုပ်စုမှာလည်း သူ့ပါတီကို ကြိုက်တဲ့ အနုပညာရှင်တွေ ရှိတာပါပဲ။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအတွက် သက်သက် အခမဲ့ဆေးခန်းတွေ ဖွင့်တာကို မကောင်းဘူးလို့ မပြောအပ်တာ မှန်ပါတယ်။ အဲဒီဆေးခန်းတွေမှာ လုပ်ရတဲ့ဆရာဝန်တွေ ဝင်ငွေကောင်းကောင်း ရတာလည်း အကျိုးရှိပါတယ်။ ဒါပေမယ့် အပေါစား စည်းရုံးရေးလို့တော့ သတ်မှတ်နိုင်တယ်။ မဲပေးသူတွေထဲမှာ အပေါစားတွေပါတာကို သတိပြုပြီး အသုံးချနည်းဖြစ်ပါတယ်။ မဲလည်း ပိုရသွားမှာပါ။

(အက်တစ်ဗစ်) တက်ကြွလှုပ်ရှားသူတွေဟာ အတော်ကိုအရေးပါတယ်။ ခြေလျင်တပ်သား လို့လည်း ခေါ်ကြတယ်။ တာဝန်အပေါ်မှာ သစ္စာရှိကြတယ်။ ပါတီအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်ကြသူတွေဖြစ်တယ်။ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြတယ်။ ခုခေတ်မှာ (အင်တန်း) ခေါ်တဲ့ အတိုင်းအတာတခုအတွက် သင်ယူ-ကူညီသူတွေ ရှိတယ်။ တအိမ်တက်ဆင်း သွားလာပေးကြရ တယ်။ ရွေးကောက်ပွဲ စည်းရုံးကြစဉ်ကာလမှာ ကိုယ့်ပါတီလုပ်သမျှ အကောင်းလို့ပြောသူက တော်တဲ့ စည်းရုံးရေးသမားတွေ ဖြစ်ကြပါတယ်။

နိုင်ငံရေးဆိုတာ သစ္စာတရားရှာတာတော့ မဟုတ်ပါ။ စည်းရုံးရေးမှူးတွေကလည်း သူတို့ကိုယ်သူတို့ သူတော်ကောင်းလို့ စာကပ်မထားကြပါ။ သူတော်ကောင်းယောင်ဆောင်တွေတော့ ရှိတာပေါ့။

မြန်မာပြည်မှာ ရွေးကောက်ပွဲကမ်ပိန်းလုပ်ကြတာက သူများနိုင်ငံတွေနဲ့ မတူပါ။ စံဆိုတာတွေနဲ့ တိုင်းမရသလို ကောင်းပေ့ ဆိုတဲ့နည်းတွေ လုပ်ပေမယ့် နိုင်မယ်လို့ မပြောနိုင်ဘူး။ ပြိုင်ဖက်တွေ လယ်ဗယ်မတူသလို လူထုကိုလည်း ပုံသွင်းယူထားပြီး ဖြစ်နေတယ်။ အဲတာကြောင့် မဲပေးသူတွေက အမျိုးမျိုး ရှိနေတယ်။ အနှစ်နှစ်အလအလ မွေးထား ခွံ့ကျွေးထားသူတွေ၊ ပညာပေးထားသူတွေ၊ သင်ပေးတာကိုသာ သိပြီး မတွေးတတ်သူတွေ များလို့ အာဏာလက်ရှိတွေက မပြိုင်ခင်ကတည်းက တပန်းသာနေပြီးဖြစ်တယ်။ ဒီလို စာရေးတာထဲမှာ ထည့်မရေးကောင်းတဲ့ နည်းနာတွေလည်း လိုကောင်းလိုနိုင်တယ်။

မြန်မာပြည်ကထူးခြားချက်တွေထဲမှာ အရေးပါတဲ့အချက်တွေ ရှိပါတယ်။
(၁) အရေအတွက်အစွမ်းကို ထိရောက်အောင်အသုံးချခြင်း
အရည်အချင်း ဦးစားပေး မဟုတ်၊ အရေအတွက် စကားပြောစနစ်သာ ဖြစ်နေသေးတယ်။ ကိုးကွယ်ရာ ဘာသာဝင်ဦးရေ၊ လူမျိုးစုဦးရေ၊ အသက်မွေးမှု ဦးရေတွေကို တွက်ချက်ပြီး များရာအကြိုက်လိုက်ပြောတာမျိုးက မဲရဖို့ သေချာနိုင်တယ်။ တချို့နေရာတွေရာမှာ အဆင်ပြေပေမယ့် တချို့နေရာတွေရာမှာ ပဋိပက္ခ ဖြစ်လာစေတယ်။ တိုင်းပြည်လုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်။

(၂) ပညာရည်နည်းမှုကို တလွဲအသုံးချခြင်း
မြန်မာပြည်မှာ ပညာရေးစနစ်ကို အားနည်းအောင်လုပ်ထားပြီး ဖြစ်တယ်။ စာဖတ်အား ကျဆင်းနေတယ်။ အတွေးအမြင် ဆွေးနွေးဖလှယ်တာမှာ အားရစရာ မရှိပါ။ အဲဒီအားနည်းချက်တွေကို အခွင့်ကောင်းအဖြစ် အသုံးချတယ်။ နားလည်သူတွေက မဟုတ်မှန်း သိနေတာမျိုးပေမယ့် တခြားလူတွေကို တစ္ဆေခြောက်ပြတယ်။ လူအတော်များများက တစ္ဆေဆို ကြောက်ကြတယ်။

(၃) မြေအောက်နည်း
ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီထဲမှာ ထည့်မထားတဲ့ အစုတွေကို အသုံးချနေတယ်။ ဥပဒေမဲ့ လုပ်တာတွေကိုလည်း အရေးမယူ၊ လွှတ်တော်မှာလည်း မေးတာမတွေ့ရပါ။ လမ်းတွေပေါ်နဲ့ ဆိုရှယ်မီဒီယာမှာတော့ သူတို့ချည်းပဲ။ အပြောခံရတာက အရေးမကြီး၊ မဲရဖို့သာ အရေးကြီးဆိုသူတွေက ဖန်ဆင်းထားတယ်။ အဲလိုမဲတွေလည်း သူတို့က ရကြမှာပါ။

(၄) သတင်းအမှားဝါဒဖြန့်ချိရေး
အဲလိုလုပ်တာက အတော်ထိရောက်ပုံ ရတယ်။ ဘာသာတရားတခုနဲ့ ဆိုင်တာကို သတင်းအမှားတွေ လှိုင်လှိုင်လုပ်ထားလို့ အန်အယ်လ်ဒီကို အစဉ်အဆက်ထောက်ခံခဲ့တာပါ။ ဒါပေမယ့် အဲလိုသာဆိုရင် မဲမပေးနိုင်တော့ဘူးလို့ ရေးလာသူ ၂ ယောက်တိတိ တွေ့ထားတယ်။

အချုပ်ပြောရရင် ဒီမိုကရေစီမှာ ရွေးကောက်ပွဲ ဝင်ရတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုတယ်။ ဒီမိုကရေစီရဲ့ သဘောက အများစု ဦးစားပေးလို့ ညံ့တဲ့သူတွေ များပြီး ညံ့တဲ့သူတွေ အရွေးခံရရင် အဲတာလည်း ဥပဒေအရ မှန်နေတယ်။ ကြောက်စိတ်ရှိသူတွေ များနေရင် ခြောက်နိုင်သူကနိုင်မယ်။ မြန်မာနိုင်ငံသားအများစု တော်ကြတယ်။ ညံ့တာတွေ နည်းလာပြီလို့ ဆိုနိုင်သလို ကြောက်သူများလည်းပါးလာပြီ။ ဒါပေမယ့် အဲဒီအချက်ကို သဘောပေါက်တဲ့ အာဏာယူအုပ်စုက ဖွဲ့စည်းပုံနဲ့ကန့်ထားပြီးဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖလားမရနိုင်သေးပါ။ နောက်တဆင့် တက်နိုင်အောင် အုပ်စုပွဲဖြစ်ဖြစ် နိုင်အောင်တော့ ကန်ကြရမှာပဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ