An open letter of a nurse
သူနာပြုဆရာမဝတ်စုံနဲ့ပုံ (အခုပုံမဟုတ်ပါ) နဲ့အတူတင်ထားတဲ့ ပြည်သူ့ထံပေးစာကို အစအဆုံးဖတ်ပါတယ်။ ကရုဏာ သတ်ပုံတခုကို ပြင်ရတာကလွဲရင် စာရေးလည်းကောင်းတယ်။ အကြောင်းအချက်လည်း ကောင်းမွန်သင့်မြတ်ပါတယ်။
ခေါင်းစဉ်နဲ့ အသုံးအနှုံးတော့ နည်းနည်းလိုတယ်။ အာလုံးကိုခြုံပြီးပြောလိုတဲ့ သတင်းစကားကို ရှင်တို့လို့ဆိုတဲ့ နာမ်စား သုံးတားတယ်။ အဲတာလည်း နားလည်နိုင်ပါတယ်။ လူငယ်လူရွယ်တွေက လူငယ်လူရွယ်ချင်းကို စကားပြောသလို ပိုစဉ်းစားလေ့ရှိကြတာကိုး။ ကျယ်ပြန့်တဲ့ ပရိတ်သတ်အထိရောက်စေချင်တယ်။
ကျွန်မတို့ကို သူနာပြုလို့ခေါ်နိုင်ပါတယ်။ ဆရာမလို့ခေါ်နိုင်ပါတယ် နာ့စ်လို့လည်းပြောနိုင်ပါတယ်။ အပြာမ၊ အနီမ၊ နာ့စ်မ၊ ဆိုတဲ့ ကိုယ့်အဆင့်အတန်းကိုဖော်ပြတဲ့စကားလုံးမျိုးကို ကြမ်းတမ်းတဲ့ ပါးစပ်ကထွက်နိုင်ပေမယ့် နားမခံသာလို့ပါရှင်။ ရှင်တို့ ဘယ်လောက်ငွေတွေပေါနေပေါစေ၊ အထက်တန်းကျကျဝတ်ထားပါစေ၊ အဆင့်အတန်းဆိုတာ စကားလာရာက မြစ်ဖျားခံစမြဲမို့ပါ။ ကိုယ်ချင်းစာလေးစားပြီး အခေါ်ခံကြည်းစမ်းကြပါဦး။ ဒါကအစဆုံးစာပိုဒ်ပါ။
ဆေးထိုးဖို့ ပုလင်းတွေခွဲတိုင်း ရှရာတွေနဲ့ A မသိ၊ B မသိ၊ C မသိတဲ့ရောဂါပေါင်းစုံကြားထဲမှာ၊ သွေးညှီပြည်ပုပ်ကြားထဲမှာ အချိန်မှန် ဆေးလိုက်ထိုးတဲ့ဆရာမတွေကို ရှင်တို့ကတော့ ဒါ့ နင်တို့အလုပ်နင့်ဘာသာ နင်တို့ပေါ့ဆတာပဲဆိုပြီး ပြောဆိုနေပေမယ့် အပြုံးမပျက်ခဲ့ပါဘူး။ လူနာကိုမစောင့်ရှောက်လို့ ညစ်ပတ်နေလို့ ကရုဏာဒေါသနဲ့ အော်မိတဲ့ အချိန်ကျတော့ မျက်နှာမဲ့ကြပါလားနော်။
အသက်နဲ့ရင်းရတဲ့ အသက်မွေးဘဝကို ဒီအလယ်ပိုဒ်နဲ့ အတိုခြုံးရေးထားပါတယ်။
အဆုံးပိုဒ်ကတော့ လူဆိုတာ တနေ့ ဒီလမ်းပဲသွားရတာပါ။ ရှင်တို့အတွက် ကျွန်မတို့အပြုံးတွေရှိနေမှာပါ နွေးထွေးမှုတွေ ပေးနေမှာ ရှင်တို့ကိုပြုစုပေးတဲ့ ကျွန်မတို့လက်တွေက နူးညံ့နေဦးမှာပါ။ စိုင်းစိုင်းဆိုသလို သူနာပြုလေးလို အပြုအစုကောင်းလား သိချင်သေးရဲ့ဆိုတဲ့အတွေးမျိုးတော့ လူမဆန်စွာ မတွေးကြနဲ့ပေါ့ရှင်။
ဆရာဝန်တွေ၊ သူနာပြုတွေနဲ့၊ သားဖွားဆရာမတွေဘဝ ဒိအရင်ကနည်းနည်းရေးဖြစ်ပါတယ်။ ဘက်လိုက်တယ်ပဲပြောပြော ကျွန်တော်က ဒိုးတူဘောင်ဖက်လုပ်ကိုင်ကြတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးအကြောင်း အတော်အသင့်သိလို့ သူတို့ဖက်က လိုက်တတ်ပါတယ်။ ပြောစရရာရှိလည်းပြောပါတယ်။
အခုနေတဲ့တိုင်းပြည်ကို မလာရခင်နဲ့ ရောက်ကာစမှာ ဆေးစစ်တာတွေအပြည့်အစုံလုပ်ရတော့ လူနာတွေနဲ့ နှစ်ပေါင်း လေးဆယ်ကျော်နေခဲ့ပေမယ့် ဘယ်လူနာ့ဆီကမှ ဘယ်ကူးစက်ရောဂါမှ မရခဲ့တဲ့ကိုယ့်အဖြစ်ကို ကျေနပ်နေမိတယ်။ ရောဂါဗေဒကိုစသင်ရတုံးက ရောဂါပိုးတွေများတာက အံသြစရာမဟုတ်၊ အဲလိုပိုးတွေများပေမယ့် ရောဂါမရတာကသာ အံ့စရာလို့ သိလာရပါတယ်။
သူနာပြုတွေ ကျန်းမာချမ်းသာ၊ ရောဂါပိုးတွေ ဝေးကြပါစေ။ စိတ်ထားစေတနာကောင်းတွေ ကူးစက်ပါစေ။
ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၅
Sourse = Shwe Mintamee
Photo from Ye Hla

Comments
Post a Comment