Forecast ထင်ကြေး

• နက်ဖြန်ညမှာ ရေဒီယိုတခုကနေ ဆွေးနွေးဖို့ရာပြောထားတယ်။ သမတ ဘယ်သူဖြစ်မလည်းတဲ့။
• ဖြစ်သင့်သူလား၊ ဖြစ်ချင်သူလား၊ ဖြစ်သင့်တာဖြစ်ချင်တာအသာထား၊ ဖြစ်သွားမဲ့သူလား။

• မြန်မာပြည်မှာ အရည်အချင်းတွေ စံသတ်မှတ်ချက်ကို ဘေးချထားရတာကြာပြီ။
• များတာကိုလိုက်တာလည်းမဟုတ်။ ပြောတော့ဒီမိုကရေစီ။ ထောက်ခံမှုနည်းတာက အနိုင်ရတဲ့ကာလ။

• သူများတိုင်းပြည်တွေမှာ လူထုကနေတိုက်ရိုက်ရွေးတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံကရွေးတယ်။ ဖွဲ့စည်းပုံကို အလိုကျ ရေးထားတယ်။
• သန်း ၅ဝ ရှိရှိ၊ ၆ဝ ရှိရှိ၊ လူ (၃) ယောက်ကနေသာ လူ (၃) ယောက်ကိုရွေးမယ်။ (၃) ဆိုတာ (၁) နဲ့ (၁ + ၁)။ အဲတာလည်း ပထမ (၁) ကို ဆစ်ထား၊ ကန့်တား၊ တားထားသေးတယ်။ ဆွေးနွေးခန်းမှာ အဲဒီလူ ၃ ယောက်နဲ့လုပ်ရင် အဖြေမှန်ရမယ်။ အမှန်က (၂) ယောက်ဆို လုံလောက်နေပြီ။

• ဖြစ်မှာမဖြစ်မှာအသာထား (ဆတ်ချင်းဖိုင်းယား) တော့လုပ်ကြရတာပေါ့။ NLD ကအနိုင်ရရင် ဘယ်သူ့ကိုတင်မှာလည်း။ သူများဆီမှာ ပါတီအနိုင်ရရင် တင်မယ့်ဝန်ကြီးချုပ်လောင်းနာမည်နဲ့ ရွေးကောက်ပွဲဝင်ကြတယ်။ အဲတာကြည့်ပြီး မဲပေးတာ များတယ်။
• ခက်တာက မလိုတာကို ကြိုပြောထားရင် ပိုပြီးဒုက္ခရောက်နိုင်တာမျိုးရှိတတ်တယ်။

• NLD ကအများစုနိုင်ပြီး ပါတီဥက္ကဋ္ဌကလည်းလုပ်မရရင် သမတလောင်းအမည် ဘယ်သူ့တင်မလည်း။ ထင်ကြေးနဲ့ပေးစားတဲ့ တခြားပါတီကလူမဖြစ်နိုင်တာကို အစကတည်းပြောထားပါတယ်။
• လက်ရှိသမတကလည်း ဘာမှမပြောသေး၊ လွှတ်တော်ဥက္ကဋ္ဌတယောက်သာ နာမည်ထွက်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိတ်ပင်ထားတဲ့အနေအထားမှာ ဘယ်သူဖြစ်လာမလည်းလို့ မှန်းရတာ ကန်မဲ့အသင်း မသိသေးပဲ ဘယ်ကပ္ပတိန်က ဆုဖလားတက်ယူမလည်း မှန်းရသလိုပါပဲ။ ကပ္ပတိန်ကိုတော့ ဖေါင်းလ် မလုပ်ပေမယ့် အနီကပ်ပြထားတယ်။ နောက်ထပ် ဘယ်နှစ်ပွဲမကန်ရဆိုတာရှိအုံးမယ်။ ဖီဖါဥက္ကဋ္ဌတော့ ထွက်သွားရပြီ။

• NLD မှာ ကစားသမားကောင်းတွေရှိတယ်။ တိုက်စစ်၊ ခံစစ်နဲ့ အလယ်တန်းစုံပါတယ်။ နည်းပြချုပ်ဆိုတာ တဖက်သင်းကို သိတဲ့အခါမှသာ သူ့ကစားသမားစာရင်းကို နောက်ဆုံးမိနစ်မှာထုတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး