Daw Tint Tint ဒေါ်တင့်တင့်

ဆရာ့စာထဲမှာ သူ့ဇနီးဒေါ်တင့်တင့်ဆိုတော့ သမတကြီးကတော်က မြန်မာလားဆရာ။

ဒေါ်တင့်တင့်က ရမည်းသင်းသူဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကနေ BA ဘွဲ့ရခဲ့တယ်။ မြန်မာစာဌာနမှာ ကျူတာ လုပ်ခဲ့တယ်။ MA ရတယ်။ ရန်ကုန်မှာ သံအရာထမ်းလုပ်နေသူ ကေအာရ် နာရာယန်းနဲ့တွေ့ဆုံပြီး ၈-၆-၁၉၅၁ မှာ လက်ထပ်တယ်။ သူတို့လက်ထပ်တာ တရားဝင်ဖြစ်ဖို့ ဝန်ကြီးချုပ်နေရုးကနေ အထူးဥပဒေကိုချွင်းချက်လုပ်ပေးရတယ်။ Usha Narayanan အူရှာ နာရာယန်းနာမည်နဲ့ အိန္ဒိယနိုင်ငံသူဖြစ်လာတယ်။ Delhi School of Social Work ကနေ စကောလားရှစ်ပ်ရပြီး MA ဘွဲ့ ထပ်ရတယ်။ ဒေါ်တင့်တင့်က အိန္ဒိယမှာ ဆိုရှယ်လုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအတွက်လုပ်ပေးတယ်။

၁၉၉၈ မှာ Sweet and Sour စာအုပ်နာမည်နဲ့ သိန်းဖေမြင့်ရဲ့ဝတ္ထုတိုတွေကို အင်္ဂလိပ်လိုဘာသာပြန်ထုတ်ဝေခဲ့တယ်။ ဒေါ်တင့်တင့်ဟာ အသက် ၈၆ နှစ်အရွယ် ၂၄-၁-၂ဝဝ၈ နေ့မှာကွယ်လွန်တယ်။ ဒေလီ ခရစ်ယန်ဘုရားကျောင်းမှာ ကျင်းပတဲ့ သူ့ဈာပနကို တက်ရောက်ခဲ့ပါတယ်။

သူတို့မှာ သမီး ၂ ယောက်ကျန်ရစ်တယ်။ Amrita နဲ့ Chitra Narayanan တို့ဖြစ်တယ်။ (ချီထရာ နာရာယန်း) က ဆွစ်ဇာလန်နဲ့ The Holy See မှာ အိန္ဒိယသံအမတ်ကြီးဖြစ်တယ်။ ဒေါ်တင့်တင့်မကွယ်လွန်ခင်မှာ ဇရာသဘောအရ ကျန်းမာရေးခြူခြာလာတယ်။ စကားနည်းပြီး သိပ်မမှတ်မိတော့ဘူး။ သူ့သမီးတွေက မြန်မာပြည်က အငွေ့အသက်လေးတွေ ပြန်ရစေချင်လို့ ကျွန်တော့်ဇနီးအပါအဝင် မြန်မာအမျိုးသမီးတွေကို သူတို့အိမ်ဖိတ်ပြီးခေါ်တွေ့ပေးတာ ၂-၃ ကြိမ်ရှိတယ်။ မြန်မာအမျိုးသမီးတွေတွေ့ရင် ဒေါ်တင့်တင့်ကပြုံးနေပါတယ်။

မစ္စတာ နာရာယန်းက ၁၉၉၇-၂ဝဝ၂ မှာ အိန္ဒိယသမတဖြစ်ခဲ့တယ်။ သူအထက်လွှတ်တော်အမတ် ဘဝမှာ ကျွန်တော့်ကို ဦးမောသီရိကနေ မိတ်ဆက်ပေးတယ်။ သမတကြီးတို့လင်မယားကနေ ကျွန်တော့်ကို ဥပဒေဘောင်အတွင်းကနေ အကူအညီပေးပါတယ်။

မစ္စတာ နာရာယန်း ဒုသမတဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၃ အတွက် Nehru Award for Internal Understanding ဆုချီုးမြှင့်ရေးဘုတ်အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်တယ်။ ဒေါ်စုကို အဲဒီဆုချီးမြှင့်တဲ့ မနက်ခင်းမှာကျင်းပတဲ့ သမတအိမ်တော်က အခမ်းအနားကို ကျွန်တော့်ကိုဖိတ်တယ်။ အိန္ဒိယဝန်ကြီးချုပ်နဲ့ မြန်မာသံအမတ်ကြီးတို့ မတွေ့ရဘူးလို့ မီဒီယာက ထောက်ပြပါတယ်။ မီဒီယာတွေကပဲ သမတကြီးကို Son-in-law of India အိန္ဒိယရဲ့သားမက်တော်လို့ သုံးစွဲလေ့ရှိတယ်။

ဒေလီမြို့ Hyderabad House မှာကျင်းပတဲ့ အစိုးရတရားဝင်ညစာစားပွဲကို ဖိတ်လို့တက်ရပါတယ်။ ဒေါ်စုကိုယ်စား ဆုလာယူတဲ့ ဒိုရာသန်းအေးကလွဲရင် မြန်မာပြည်ကဆိုလို့ ကျွန်တော်ပဲတက်ခွင့်ရပါတယ်။ မစ္စတာနာရာယန်းနဲ့ ဒေါ်တင့်တင့်တို့ကျေးဇူးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၅
၁၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ