ပျောက် နဲ့ ပြောက်

၁။ ဆရာမင်္ဂလာပါ။ ကျွန်တော်အသက် ၃၁နှစ်ပါ။ Acyclovir 200mg တနေ့ ၁-၂ ကြိမ် ရက်အကြာကြီးဆိုတာ ဘယ်နှစ်ရက်လောက်လည်းဆရာ။ ၃-၄ လစွဲသောက်ရင်ရော Virus ကပြောက်သွားလားဆရာ။ 

၂။ မင်္ဂလာပါ ဒေါက်တာ ကျနော့် အသက် ၃၂ နှစ်ပါ။ ရောဂါဝေဒနာခံစားနေရတာ ၅နှစ် အထက် ရှိပါပြီ။့ ဘယ်လိုကုသရင် ပြောက်နိုင်မလဲ ဒေါက်တာ။ လေးစားလျက်

၃။ မင်္ဂလာပါဆရာ ကျွန်မ သားလေး အသက်က ၁နှစ်နဲ့ ၅လပါ။ လည်ပင်းမှာ မိတ်လိုလို အနီအစက်လေးတွေ ပေါက်နေလို့ပါ။ ၁ လလောက်ရှိပါပြီ။ ဆေးလိမ်းလိုက် ပြောက်လိုက် ပြီးရင် ပြန်ပြန် ဖြစ်ပါတယ်။့

၎။ အခုပြောက်သွားပြီ။ သူ့ဟာသူ ပြောက်တာလားတော့ မသိဘူး။ ဘယ်တော့ပြန်ဖြစ်မလဲပဲ စိတ်ပူနေရတယ်။

ပျောက်
ကျပျောက်သွားသည်
အနာပျောက်ပြီ
နေ့ကွယ် ညပျောက်
နေလုံး ကွယ်ပျောက်ပြီ
ပျောက်ကွယ်သွားသည်
ပျောက်ဆုံးသည်
ပျောက်ပျက်သည်
ပျောက်ခြင်းမလှပျောက်
ပျောက်ပြယ်
ပျောက်ရှသည်
ပျောက်နိုင်သည်
ရောဂါပျောက်ပြီ
သေပျောက်နှုန်း

ပြောက်
ပန်းပြောက်
လက်ခုပ်တပြောက်ပြောက်
နေပြောက်ထိုးသည်
ပြောက်ကျားတပ်
ပြောက်တိပြောက်ကျား
ပြောက်အိုးဖောက်
ပြောက်ပြောက်ကျားကျား

အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း၊ ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ မိဘအားကို ဘာများမှာခဲ့လိုသနည်း၊ မွေးသည့် မိခင်၊ မွေးဖခင်ကို ဦးတင် ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း၊ ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။

ရောဂါလည်း ပျောက်ပါစေ။ သတ်ပုံအမှားတွေလည်း ပျောက်ပါစေ။

Dr. တင့်ဆွေ
၁၁-၁၂-၂ဝ၁၆
၁၉-၉-၂ဝ၁၇
၁၄-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး