Down syndrome ဒေါင်းန်-ဆင်ဒရုမ်း
(ဒေါင်းန်-ဆင်ဒရုမ်း) ကို ၁၈၆၂ ခုနှစ်တုံးက အင်္ဂလိပ်ဆရာဝန် John Langdon Down ကနေ စသိခဲ့တာမို့ ဂုဏ်ပြုပြီး၊ ဒီနာမယ် ပေးတာပါ။ (ခရိုမိုဇုန်း) နံပါတ် ၂၁ မှာ ပြဿနာ ဖြစ်တာလို့ သိလာရတယ်။ (၁) ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်၊ (၂) ရုပ်ပိုင်း-တည်ဆောက်မှုနဲ့ (၃) မျက်နှာ-အသွင်တို့မှာ ကွဲလွဲနေလိမ့်တယ်။ ဗိုက်ထဲမှာ ရှိကတည်းက ရေမြွှာရည်ကို စစ်ဆေးတာ Amniocentesis ရေမြွာရည်စစ်နည်းနဲ့ သိခဲ့နိုင်တယ်။ သိရင် တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပြုတယ်။
ရောဂါနဲ့မွေးလာတဲ့ ကလေးတွေမှာ Cognitive ability ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်ဟာ သိပ်မဆိုးသူနဲ့ ပိုဆိုးသူ ရှိတယ်။ တယောက်နဲ့ တယောက် မတူဘူး။ ဥာဏ်ရည်ကို နဲ့ IQ တိုင်းရင် အများအားဖြင့် ဒီကလေးမျိုးတွေက ၃၅-၅ဝ-၇ဝ သာရှိကြတယ်။ Mosaic Down syndrome ကလေးဆိုရင် Chromosome #21 မှာ အပိုတခု ပါနေလို့ ပေါင်း ၄၇ ခု ရှိနေမယ်။ သူတို့က ဥာဏ်ရည်သာတယ်။ IQ ၁ဝ-၃ဝ ပိုမယ်။ ကလေးအကောင်းက ၁ဝဝ ပါ။
ကလေးကို မြင်တာနဲ့ သိနိုင်တယ်။ မေးရိုး သေးပြီး မျက်နှာဝိုင်းကြတယ်။ လည်ပင်း တိုတယ်။ လျှာထွက်နေတာ များတယ်။ မျက်လုံးကလည်း မက်မွန်သီးအစေ့လိုနဲ့ ခပ်စောင်းစောင်းနေတယ်။ မျက်ဝန်း ကျဉ်းတယ်။ ခြေတံ-လက်တံ တိုတယ်။ လက္ခဏာကြည့်ရင် လက်ဝါးမှာ ကန့်လန်းစဉ်း ၂ခု အစား၊ ၁ ခုထဲဘဲ ရှိတယ်။ ကြွက်သားတွေက အားပြော့တယ်။ ခြေမနဲ့ ခြေညှိုး ဝေးနေတယ်။ ဒီကလေးမျိုးမှာ တခြား ချို့ယွင်းချက်တွေပါ ရှိနေတတ်တယ်။ မွေးရာပါ နှလုံးရောဂါ၊ အစာမြို ခက်ခဲတာ၊ နားပိုးဝင်တာ၊ လည်ပင်းကြီးအလုပ် ထိခိုက်တာ၊ အိပ်ရင် ခက်ခဲတာတွေ ဖြစ်တတ်တယ်။ တချို့ကလေးမှာ အတက်ရောဂါ (ဝက်ရူးပြန်)၊ (လူကီးမီးယား) တခုခု ရှိနေတတ်တယ်။
စကားအရာမှာ နားလည်တာနဲ့ ပြန်ပြောတတ်တာ မတူဘူး။ အများအားဖြင့် နှေးကြတယ်။ လမ်းလျှောက်တတ်တာ တချို့ ကလေးက ၂ နှစ်၊ တချို့ ၄ နှစ်။ အနုစိတ်-ကြွက်သား အလုပ်တွေမှာလဲ နှေးတယ်။ ငယ်တုံးရော ကြီးတဲ့အခါပါ (ကျား = ၅ ပေ ၁၊ မ = ၄ ပေ ၉) အရပ်ပုတယ်။ ကြီးရင် ဝလာတာ များတယ်။ ယောက်ျားလေးဆိုရင် အိမ်ထောင်ကျပြီး ကလေး မရတာ ဖြစ်တတ်တယ်။ ကလေး တဝက်လောက်မှာ မျက်လုံး နှစ်ဖက်က ပြိုင်တူ မလှုတ်ရှားဘူး။ မျက်မှန် တပ်ရမှာ များတယ်။
ကလေး ငယ်စဉ်ကတည်းက ဂရုစိုက်ပေးသင့်တယ်။ ဆေးကုတာအပြင် မိသားစု၊ ပါတ်ဝန်းကျင်၊ အထူးသင်ကြားမှုတွေ လုပ်ရမယ်။ ရုပ်ပိုင်း-ချို့ယွင်းနေတာတွေကိုတော့ လုံးဝ ပျောက်သွားအောင် လုပ်မရပေမဲ့ ပညာပိုင်းမှာ ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကံတရားဘဲ ထပ်ပြောရအုံးမှာဘဲ။ လုပ်ပေးဘို့ လိုတာတွေရှိတဲ့ တိုင်းပြည်မှာ၊ လုပ်ပေးနိုင်တဲ့ မိဘတွေ ကနေ မွေးသူတွေဆိုရင် ကံဆိုးထဲက ကံကောင်းသူတွေလို့ ပြောရမှာပါ။
တကယ်တော့ သူတို့တတွေထဲမှာ ထူးချွန်လို့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သူတွေ ရှိတယ်။ ၁၉၉၆ တုံးက မင်းသား Pascal Duquenne နဲ့၊ ၂ဝဝ၃ မှာ မင်းသမီး Paula Sage တို့ဟာ ဆုတွေတောင် ရခဲ့ကြတယ်။
နာဇီခေတ်က Action T4 (Aktion T4) ဆိုတာ ဂျာမန်-ဆရာဝန်တွေကနေ ကုလို့မရတဲ့ ဝေဒနာလို့ သတ်မှတ်ပြီးသကာလ၊ စနစ်တကျ ထောင်နဲ့ချီပြီး သတ်ပြစ်ခံရသူတွေထဲမှာ ဒီရောဂါရှိသူတွေလည်း ပါတယ်။ ဟစ်တလာ နဲ့အတူ နာဇီဝါဒ ကျဆုံးမှသာ သိကြရတယ်။ အဲလိုဘဲ စနစ်ဆိုးတွေ ကျဆုံးမှ သိကြရအုံးမှာတွေရှိတာ သေခြာတယ်။
(ဒေါင်း-ဆင်ဒရုမ်း) ဘယ်လိုလူတွေမှာ လာဖြစ်တတ်သလဲ
ကလေး ၁ဝဝဝ မွေးရင် ၁ ယောက်လောက် ရှိနိုင်တယ်။ မိခင်က အသက်ကြီးရင် ပိုဖြစ်တာ တွေ့ရတယ်။ မအေ အသက် ကြီးတိုင်း ဖြစ်မယ်လို့ ပြောချင်တာတော့ မဟုတ်ပါ။ ၂၅ နှစ် အမျိုးသမီးတွေမှာ ၁၂၅ဝ ယောက်မှာ ၁ ယောက်၊ အသက် ၃ဝ တွေမှာ ၁ဝဝဝ ယောက်မှာ ၁ ယောက်၊ ၃၅ နှစ်ကျော်ရင် ၄ဝဝ မှာ ၁ ယောက်အထိပိုလာမယ်။ ၄ဝ ကျော်ရင် ၁ဝဝ မှာ ၁ ယောက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်တာက အသက် ၃၅ နှစ်အောက် မိခင်တွေကနေ ဖြစ်တယ်။ ဒါကလည်း ကလေးဖွါးဘို့ အကောင်းဆုံး အရွယ်တွေ ဖြစ်နေလို့ ဖြစ်မယ်။
(ဒေါင်း-ဆင်ဒရုမ်း) ကလေး တယောက် မွေးဘူးထားတဲ့ မိဘတွေကနေ အဲလိုကလေး ထပ်မွေးဘို့ အခွင့်အလမ်း ပိုများတယ်။ ဆောရီး။ နောက်ပြီး (ခရိုမိုဇုမ်း) မူမမှန်တာ ရှိသူတွေမှာလဲ အခွင့်အလမ်း ပိုများတယ်။ ဘယ်ဆရာဝန်ကမှ (ဒေါင်း-ဆင်ဒရုမ်း) ဘာလို့ဖြစ်ရသလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။ ဒါကြောင့် ဘယ်လို ကာကွယ်ရမယ်ဆိုတာလဲ အတိအကျ ပြောမရပါ။
မိဘတွေကို ဆေးစစ်တာတွေလုပ်သင့်တယ်။ (၂) နည်း သုံးတယ်။ ဖြစ်နိုင်ခြေကို စစ်တဲ့နည်းနဲ့ အထဲကကလေးမှာ ရှိနေတာသေခြာဘို့လုပ်တဲ့ နည်းတွေဖြစ်တယ်။ ၉၉% သေခြာတယ်။ ခက်တာက ကိုယ်ဝန်ဆောင်နေတဲ့ သားအိမ်ထဲကို စမ်းရတာမို့ သတိထားရတယ်။ ဒါကြောင့် (၁) အသက် ၃၅ နှစ်ကျော်ပြီး၊ (၂) မိသားစုထဲမှာလဲ ရာဇဝင်ရှိသူ (၃) စမ်းလို့ အပြစ်တွေ့သူ မိခင်လောင်းတွေကိုသာ ဒီနည်းကို လုပ်သင့်တယ်။
Screening tests စမ်းသပ်နည်းတွေ
1. Nuchal translucency testing နည်းကို ကိုယ်ဝန် ၁၁-၁၄ ပါတ်မှာလုပ်တယ်။ (အာလ်ထွာဆောင်း) သုံးပြီး အထဲက ကလးရဲ့ လည်ပင်းအရစ်မျာရှိတဲ့ (တစ်ရှူး) တွေကြားနေရာ အကျယ်ကိုတိုင်းတယ်။ ရောဂါရှိနေရင် ကျယ်တယ်။
2. Triple screen or Quadruple screen (Multiple marker test) နည်းကို ကိုယ်ဝန် ၁၅-၁၈ ပါတ်မှာလုပ်တယ်။ မိခင်ရဲ့သွေးကို စစ်တယ်။
3. Integrated screen နည်းကို ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာလုပ်တယ်။ သွေးစစ်တာနဲ့ Nuchal translucency testing နည်းနဲ့ တွဲလုပ်ချင်လုပ်မယ်။ ဒုတိယ ၃ လထဲမှာ ၄ မျိုးတွဲလုပ်ရင် ပိုသေခြာမယ်။
4. Genetic ultrasound နည်းကို ကိုယ်ဝန် ၁၈-၂ဝ ပါတ်မှာလုပ်တယ်။ သွေးလဲစစ်မယ်။ ကလေးမှာ physical traits abnormalities ရုပ်ပိုင်းဆိုင်ရာ မူမမှန်တာကြည့်မယ်။
Diagnostic tests သေခြာအောင်လုပ်တဲ့ စမ်းသပ်နည်းတွေ
1. Chorionic villus sampling (CVS) အချင်းအပိုင်းအစလေးကို ထုတ်ယူစစ်ဆေးတယ်။ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်မှာ လုပ်တယ်။ Miscarriage ကိုယ်ဝန်ပျက်မှာကို စိုးရိမ်ရတယ်။
2. Amniocentesis ကိုယ်ဝန် ၁၅-၂ဝ ပါတ်မှာ လုပ်တယ်။ ရေမြွာရည်ကို ထုတ်ယူစစ်ဆေးတာဖြစ်တယ်။ Chromosomal abnormalities (ခရိုမိုဇုမ်း) မူမမှန်တာရှာမယ်။ Amniocentesis နည်းကြောင့် ကလေးစောမွေးတာ နဲ့ ကိုယ်ဝန်ပျက်တာတွေ ဖြစ်စေနိုင်တာကို သတိထားရတယ်။
3. Percutaneous umbilical blood sampling (PUBS) ကိုယ်ဝန် ၁၈ ပါတ်နောက်ပိုင်းမှာ လုပ်တယ်။ ချက်ကြိုးကနေ သွေးနမူနာယူပြီး စစ်ဆေးတယ်။
မွေးလာပြီး ကလေးကို ရောဂါရှိတာသေခြာချင်ရင် ရုပ်ပိုင်းစစ်ဆေးတာနဲ့ Karyotype ဆိုတာ လုပ်တယ်။ သွေး နဲ့ (တစ်ရှူး) ကိုယူပြီး (ခရိုမိုဇုမ်း) ကိုစစ်ဆေးတယ်။
Dr. တင့်ဆွေ

Comments
Post a Comment