Saturday, October 24, 2015

Health System ကျန်းမာရေးစနစ်အတွက် မဲပေးကြပါရန်

ဆရာရှင့် WHO က ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့ ကျန်းမာရေးအဆင့်သတ်မှတ်ချက်မှာ နိုင်ငံပေါင်း ၁၉ဝ မှာ မြန်မာနိုင်ငံက အဆင့် ၁၉ဝ မှာ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့သဘောထားအမြင်ကို သိချင်ပါတယ်။ နောက်ပြီး ဒီသတ်မှတ်ချက်က ဘယ်လိုအချက်တွေအရ သတ်မှတ်လိုက်တာလဲဆိုတာ ဆရာပြောပြနိုင်မယ်ဆိုရင် ပြောပြပေးပါရှင့်။ လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းအခြေအနေ၊ လိုအပ်ချက်တွေကိုလည်း ဆရာ သုံးသပ် ပြောကြားပေးပါရှင့်။ (တချို့ကိစ္စတွေမှာ နာမည်မသုံးစေချင်ရင်လည်း မသုံးပါဘူးရှင့်) အခုနောက်ပိုင်းမှာဆိုရင် အစိုးရဆေးရုံတွေအပိုင်းက အရမ်းတိုးတက်ကောင်းမွန်လာတယ်ဆိုပြီး ပြောကြတာတွေလည်းရှိသလို ပုဂ္ဂလိက ဆေးရုံတွေအပိုင်းမှာတော့ စိတ်ချရမှုမရှိ ငွေကုန်ကြေးကျများပြီး အဆင်မပြေတာတွေ များနေတယ်ဆိုတဲ့ အသံတွေ သမီးတို့ပတ်ဝန်းကျင်မှာကို ကြားသိနေရပါတယ်ဆရာ။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ့ရဲ့အမြင်ကိုလည်း သိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးနော်။ ဆရာ့ရာထူးကို ဘယ်လိုသုံးရမလဲဆိုတာလဲ သိချင်ပါတယ်ရှင့်။

မြန်မာနိုင်ငံရဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးသတ်မှတ်ချက် အဆင့် (၁၉ဝ) ဆိုတာ ကျန်းမာရေးစနစ်ဖြစ်တယ်။ အဆင့်အတန်းမဟုတ်ပါ။ စနစ်ဆိုတာ ပေါ်လစီဖြစ်တယ်။ ပေါ်လစီချတာ အစိုးရတာဝန်ဖြစ်တယ်။

Health system ကျန်းမာရေးစနစ်ကို Health care system ကျန်းမာရေးစောင့်ရှောက်မှုစနစ်လို့လည်းခေါ်တယ်။ တိုင်းပြည်တခုမှာ လူဦးရေ၊ ကျန်းမာရေးဆိုင်ရာနေရာဌာနတွေနဲ့ တိုင်းပြည်မှာရှိတဲ့ ရင်းမြစ်တွေကို ဘယ်လိုဘယ်နည်းနဲ့ စီမံခန့်ခွဲသလည်းကိုပြောတာဖြစ်တယ်။ လူဦးရေလိုအပ်ချက်ကိုပြည့်မီအောင် ဘယ်လိုရည်မှန်းပြီး ပေါ်လစီတွေ ချလုပ်သလည်းကို ဆိုလိုတာပါ။ WHO အဓိပ္ပါယ်ဖွင့်ဆိုချက် = (အဖွဲ့အစည်းတွေ + လူတွေ + လုပ်ဆောင်ချက်တွေ) ကနေ တိုင်းပြည်နေလူတွေ ကျန်းမာနေစေဘို့နဲ့ တိုးတက်စေဘို့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ကျန်းမာရေးစနစ်တွေက အမျိုးမျိုးရှိတယ်။ ရည်မှန်းချက်ပန်းတိုင်ထားရတယ်။ ဥပမာ အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ။

ကျန်းမာရေးအတွက် ဆောင်ရွက်ပေးသူတွေ (ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး) ရှိမယ်။ ငွေဘယ်ကရမလည်းရှိတယ်။ ရံပုံငွေရရှိနည်း အဓိက ၅ မျိုးရှိတယ်။
၁။ အခွန်အမျိုးမျိုး (ဖက်ရယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်)၊
၂။ လူမှုဖူလုံရေးကျန်းမာရေးအာမခံ၊
၃။ စေတနာ့ဝန်ထမ်းနဲ့ ပုဂ္ဂလိက အာမခံ၊
၎။ ကိုယ်တိုင်ပေးစနစ်၊
၅။ အလှူငွေ။

နိုင်ငံကတာနှိုင်းယှဉ်ချက်ကို မကြာသေးခင်နှစ်တွေကသုံးလာတယ်။ တနိုင်ငံနဲ့တနိုင်ငံ အတော်မတူကြပါ။ WHO ကနေ ၂ဝဝဝ ခုနှစ်မှာ နှိုင်းယှဉ်ချက်ထုတ်လာပါတယ်။ တစုံးလုံးလွှမ်းခြုံသုံးသပ်ထားတဲ့ ကိန်းဂဏန်းတွေကို အခြေခံပါတယ်။ လူထုတခုလုံးဆီရောက်ရှိနိုင်တဲ့ အဆင့်အတန်းနဲ့ သင့်တင့်မျှတတဲ့ငွေကြေးရရှိမှု ပါဝင်တယ်။

တိုင်းတာတဲ့အချက်အလက်တွေရှိတယ်။
၁။ Life expectancy အသက်ရှင်နိုင်တဲ့အသက်၊
၂။ IMR မွေးကင်းစကလေးသေနှုန်း၊
၃။ လူ ၁ သိန်းမှာ ကာကွယ်လို့ရတဲ့ရောဂါကြောင့်သေနှုန်း၊
၎။ လူ ၁ဝဝဝ မှာရှိတဲ့ ဆရာဝန်ဦးရေ၊
၅။ လူ ၁ဝဝဝ မှာရှိတဲ့ သူနာပြုဦးရေ၊
၆။ Per capita expenditure on health (USD PPP) ကျန်းမာရေးအသုံးစရိတ်၊
၇။ ကျန်းမာရေးကုန်ကျစရိတ်ဟာ GDP ရဲ့ % ဘယ်လောက်လည်း၊
၈။ အစိုးရအခွန်ရငွေထဲက ကျန်းမာရေးအတွက် ဘယ်လောက်သုံးနိုင်သလည်း၊
၉။ ကျန်းမာရေးကုန်ကျစရိတ်အတွက် အစိုးရထည့်ဝင်ငွေ၊

မြန်မာပြည်မှာ ကျန်းမာရေးအပါအဝင် ဝန်ကြီးဌာနတိုင်းမှာ လွတ်လပ်ခွင့်မရှိ၊ ပညာပိုင်းအသိနဲ့ လုပ်မဖြစ်တာ ၁၉၆၂ ကတည်းကဖြစ်တယ်။ သုတေသနတွေ လေ့လာဆန်းစစ်မှုတွေကို အသုံးချတာအလွန်နည်းပါတယ်။ WHO, UNICEF လို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးတွေအပါအဝင် INGO, NGO အဖွဲ့တွေက မြန်မာပြည်မှာ ရုံးထိုင်ကွင်းဆင်းလုပ်နေကြလို့ သူတို့ တရားဝင် တင်ထားတဲ့ ကိန်းဂဏန်းတချို့မှာ သံသယရှိစရာတွေပါတတ်သေးတယ်။ အစိုးရမျက်နှာကို ကြည့်ကြရသေးတယ်။ ပြောချင်တာက ကျွန်တော့်အခြေအနေဟာ စာရွက်ပေါ်မှာထက် ပိုဆိုးပါတယ်။

ဥပမာ ကျွန်တော်တို့ ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာသင်ရတုံးက လူမှု-စီးပွါးရေးညံ့တဲ့အကြောင်းခံကြောင့်ဖြစ်တဲ့ ရောဂါတွေကို အဲလိုကြောင့်ဖြစ်တယ်လို့ ပြောခွင့်မရှိဘူး။ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အဲလိုရောဂါတွေ သိပ်များတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်၊ ကာလဝမ်း၊ တိုက်ဖွိုက်။ အသက်ရှူလမ်းအပေါ်ပိုင်း ကူးစက်ရောဂါတွေ။ အသက် ၅ နှစ်အောက်ကလေးတွေမှာဖြစ်တဲ့ ကူးစက်ရောဂါတွေ၊ မီးတွင်းသေဆုံးမှု၊ မွေးကင်းစကလေးသေဆုံးမှု စတာတွေ အဖြစ်များတယ်။

မြန်မာပြည်မှာ သုတေသနကို အစိုးရကအားမပေးတာက အမှန်တွေကို လူသိမှာစိုးလို့ထင်ရတယ်။ ဒါ့ပြင်  ငွေရှိတဲ့သူတွေက အဲတာကိုငွေထောက်ပံ့ပေးပြီး ကူညီဘို့ အသိတောင်မရှိကြဘူး။ အခုအစိုးရလက်ထက်မှာ NGO တွေပေါ်လာတာ ကောင်းပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်းပြောပါရစေ။ တချို့က NGO နိုင်ငံရေး လုပ်ကြတယ်။ တချို့က စီးပွါးရေးလို လုပ်ကြတယ်။ တခြားတိုင်းပြည်တွေမှာလည်း အဲလိုပါပဲ။ နောက်တချက်က နိုင်ငံတကာကနေ ဆေးသုတေသနတွေ လာလုပ်တာကို အကျိုးရှိပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာမကောင်းပါ။ အစမ်းသပ်ခံရတာလို့ပါ သိရမယ်။

အဆင့် (၁၉ဝ) ကိုကြည့်ရင် မြန်မာပြည်မှာ အစိုးရအမျိုးမျိုးပြောင်းပေမယ့် စနစ်ကမပြောင်းလို့ ကျန်းမာရေးစနစ်က ကောင်းမလာတဲ့အပြင် ကမ္ဘာမှာ နောက်ဆုံးနေရာ ရောက်နေတာဖြစ်တယ်။

အုပ်စိုးသူတွေက အဝတ်အစားပြောင်းဝတ်ယုံနဲ့ မသိတဲ့လူတွေကို လှည့်စားလို့ရပေမယ့် ရောဂါပိုးအမွှားတွေကို ယူနီဖေါင်းပြောင်းဝတ်ပေးလို့မရပါ။ မြန်မာပြည်မှာ ကျန်းမာရေးကောင်းလာအောင် နိုင်ငံရေးစနစ်ကိုသာ ပြင်ရမယ်။ စီးပွါးရေးမဟုတ်ဘူးဆိုတာကြည့်ပါ။ ဦးနေဝင်းလက်ထက်မှာ (မဆလ) ပါတီဝင်တွေ ချမ်းသာတယ်။ စစ်အစိုးရခေတ်မှာ ခရိုနီတွေ ကျိကျိတက် ချမ်းသာကြတယ်။ အခုအစိုးရလက်ထက်မှာ ဘီလီယန်နာတွေ ပေါ်လာတယ်။ စစ်တပ်နဲ့ စစ်တပ်နဲ့ဆိုင်သူတွေသာရတဲ့ ကျောက်စိမ်းစီးပွါးရေး အမြတ်ငွေ ၃၁ ဘီလီယန်ဒေါ်လာရှိသတဲ့။ အဲဒီငွေတွေရနေသူပေါင်း ၅၃ ယောက်သာဆိုရင်၊ လူဦးရေ သန်း ၅၃ အတွက် ကျန်းမာရေးသုံးငွေဟာ သူတို့ ၅၃ ယောက်ရဲ့ စီးပွါးရေးလုပ်ငန်း တခုတည်းကနေရတာရဲ့ ၄၆ ပုံ ၁ ပုံသာရှိပါသတဲ့ဗျာ။

မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေးလုပ်လို့ နစ်နာမှု အကြီးမားဆုံးနှစ်ခုကတော့ အကျင့်စာရိတ္တအဆင့်အတန်းနဲ့ ကျန်းမာရေး အဆင့်အတန်း အောက်ဆုံးရောက်နေတာဖြစ်ပါတယ်။ ပြင်ဘို့အချိန်ဆိုတာ နောက်ကျတယ်လို့မရှိပါ။ လာမယ့် ရွေးကောက်ပွဲဟာ အဲဒီအခွင့်အလမ်းသာဖြစ်ပါစေ။ ကျန်းမာရေးစနစ်အတွက် မဲပေးကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၅
ကျွန်တော့်မှာ ရာထူးမရှိတော့ပါ။ ၁၉၇၂ မှာ ဆေးပညာဘွဲ့ရတယ်။ ၁၉၈၈ အထိ ၁၅ နှစ်အစိုးရဆရာဝန်အမျိုးမျိုး လုပ်ခဲ့တယ်။ နိုင်ငံရေးလုပ်ဘို့ လျှောက်လွှာတင်ပြီး အလုပ်ကထွက်တယ်။ နယူးဒေလီမှာ မြန်မာဒုက္ခသည်တွေအတွက် ယမုန်နာဆေးခန်းဖွင့်ခဲ့တယ်။ အခုတော့ ကျန်းမာရေး အွန်လိုင်း အမေး-အဖြေတွေ လုပ်နေတယ်။ ဆေးပညာစာတွေ အများကြီးရေးနေတယ်။ ဒါပါပဲ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဖူးပွင့်ကြတဲ့ ပန်းမာလာ သင်းရနံ့ကဖြာ

ဆရာ ရနံ့ နဲ့ အနံ့ကို ဘယ်လိုသုံးပါလဲ ရှင်းပြပေးပါ။ ရနံ့ထုံသင်းလို့ ကဝိဓဇသတ်ပုံကျမ်းမှာပါတယ်။ အနံ့ကတော့ အ ထည့်လို့ နာမ်စာလုံးဖြစ်လာတဲ့ အနံ...