Banyan tree ညောင်ကုသိုလ်

နယူးဒေလီကနေ အခုနေရာအထိ မရရအောင်သယ်ယူလာပြီး၊ အင်ဒီယာနာပိုးလစ်က ဘုန်းကြီးကျောင်းပို့ထား ကိုးကွယ်တဲ့ မဟောဗောဓိညောင်ပင်နှစ်ပင် ရှင်နေပါတယ်။ ညောင်ပင် အမေရိကားကို ရောက်စရက်က ရေးထားခဲ့တဲ့စာ ပြန်တင်ပါရစေ။

ဒေလီကနေ အင်ဒီယာနာပိုးလစ်အထိ သိုသိုသပ်သိပ် တကူးတက ယူလာခဲ့ရတဲ့ ညောင်ပင်လေးဟာ နှစ်လသားအရွယ် ရှိလာပါပြီ။ သယ်ယူဘို့ရာ ထုပ်ပိုးတာမှာ နေရာကျဉ်းအောင် ပင်စည်ကနေဖြတ်၊ ကိုင်းတွေလဲဖြတ်၊ အရွက်တွေပါ သတ်လိုက်တယ်။ နာရီနှစ်ဆယ်လောက်ခရီးကို ပစ္စည်းထားသိုခန်းမှာထားရမှာမို့ အနည်းဆုံးတော့ ညောင်ပင်လေးခင်မြာ လေရပါစေဆိုပြီး၊ ပလပ်စတစ်ပုံးအဖုံးကို အပေါက်ဝိုင်းလေးတွေ စီစီညီညီဖေါက်ပေးရတယ်။

ခရီးဆုံးရောက်တဲ့နောက်နေ့မှာ သမီးနဲ့သူ့ခင်ပွန်းတို့က ဝယ်လာပေးတဲ့ ပန်းအိုးထဲမှာ မြေဆွေးနဲ့စိုက်လိုက်တယ်။ နေ့တိုင်း အရိပ်ကြည့်နေရတယ်။ အခန်းကကျဉ်းလို့ အပြင်မှာသာထားရတာ ကိုယ့်သားသမီးကို တခြားနေရာမှာ သိပ်ထားရသလိုပဲ။ စိတ်မချနိုင်ပါ။ တလနေတော့ အခန်းထဲသွင်းလိုက်ပါတော့တယ်။ မကြာခင်မှာ သရဏမဉ္စူကျောင်းကို ပို့လိုက်ပါတယ်။

တလခွဲအရမှာ အစို့အညှောက်လေးတွေ စထွက်လာတယ်။ ကနေ့တော့ ထွက်လာကြတဲ့အရွက်လေးတွေဟာ ရွှန်းစိုလဲ့နေကြတယ်။ စိမ်းစိုမှည့်နေကြတယ်။ မြင်တဲ့သူကို အားသစ်တွေဖြစ်စေတယ်။ ညောင်ပင်ရဲ့ မျိုးဗီဇကလဲ မှန်တယ်။ ဗုဒ္ဓဂါယာ၊ မဟာဗောဓိညောင်ပင်ကနေ ဦးဇင်းတပါးက ပျိုးစိုက်ပေးတာပါ။ ဆရာဝန် ဆိုတာမျိုးက ဘုန်းကြီးတွေဆီကနေ အလှူခံတတ်တယ်။ ဂယာကကိုယ်တွေကနေ ဒေလီအရောက်ပို့ပေးတာပါ။

Banyan tree ညောင်ပင်ကို ရှေးကတည်းက ယဉ်ကျေးမှုအမျိုးမျိုးမှာ အယူအဆနဲ့ အယူအစွဲတွေရှိခဲ့ပါတယ်။ ဟင်ဒူ ဘာသာမှာ ညောင်ရွက်ပေါ်မှာ ခရှစ်ရှနာဘုရားက နားနေပါသတဲ့။ ဘဂဝါဗတ်ဂီတထဲမှာ ခရစ်ရှနာကနေ စောက်ထိုး ဖြစ်နေတဲ့ ညောင်ပင်ကို မြင်သူဟာ ဝေဒကို သိသူဖြစ်တယ်လို့ ပြောတယ်။ ဖိလစ်ပိုင်မှာ ညောင်ပင်ကို မကောင်းဆိုးဝါး ဝိဥာဉ်တွေစုဝေးနေတယ်လို့ ယုံကြည်ကြတယ်။ ကျွန်တော်တို့တတွေ ညောပင်တစ္ဆေ ဝေလေလေ လုပ်ကြသလိုနေမယ်။ ဝီကီပီးဒီးယားထဲမှာတော့ ဗုဒ္ဓဘာသာပါဠိတော်မှာ ညောင်ပင် = နိဂြောဒ (Nigrodha) လို့သာ ပါပေမဲ့ ဘုရားဖြစ်တော်မူရာလို့ ထည့်မထားပါ။ ဖြည့်နိုင်သူက ဖြည့်လိုက်စေချင်ပါတယ်။

ဗောဓိညောင်ပင်အတွက် အဆင့်ဆင့်ကောင်းမှုပြုပေးကြသူတွေအားလုံး ညောင်ပင်ကြီးတမျှ ကုသိုလ်တွေ ရကြပါစေသောဝ်။     ။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄
၎-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး