Pacifier ချိုလိမ်

၁။ ကျွန်မအသက် ၂၉ နှစ်ပါ။ သားသမီးနှစ်ယောက် ရှိပါပြီ။ အကြီးမလေးက အသက် ၅ နှစ်ပါ။ ဒုတိယကလေးက အခုမှ အသက် ၆ လပါဆရာ။ အဲ့ဒါကို ကျွန်မမေမေက ချိုလိမ်ပေးထားချင်တယ်။ ကျွန်မက ချိုလိမ်မပေးချင်လို့ ဆရာဝန်တွေက ချိုလိမ်ပေးရင် မကြိုက်ကြဘူးလို့ ပြောမိပါတယ်။ သူကလည်း ဆရာဝန်နဲ့ တိုင်တည်ပြောမှ ရလို့ပါ။ အဲ့ဒါကို သူက နိုင်ငံခြားက ကလေးတွေလည်း ချိုလိမ်တန်းလန်းပေးထားကြတာပဲလို့ပြောလို့ ဆရာ့ကိုရှင်းအောင်မေးတာပါ။ ချိုလိမ်ပေးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေ သိပါရစေရှင့်။

၂။ ဒေါက်တာရှင့် နို့ဘူးနဲ့ချိုလိမ်စို့တဲ့ကလေးက နှုတ်ခမ်းထော်တယ်ဆိုတာ ဟုတ်ပါလားရှင့်။ သားကလက်ရော ခြေထောက်ရောစုပ်ပါတယ် အသက်က (၆) လပါ။ သွားယားလို့ကိုက်တဲ့ပစ္စည်းလည်း ဝယ်ထားပေးပါတယ်။ ကျွန်မသိချင်တာက အဲ့လိုခြေလက်စုပ်ရင်ပါးစပ်ပိုပြဲပြီး သွားတွေမလှတော့တာ ဖြစ်စေတယ်ဆိုလို့ပါ။ နောက်ဆုံး သိချင်တာက အပေါ်နှုတ်ခမ်းမောက်တဲ့ကလေးကို ကလေးနို့စို့ပြီးတိုင်း ဖိပေးရင် သက်သာတယ်ဆိုတာရော မှန်ပါသလားရှင့်။ မေးခွန်းများသွားလို့ အားနားပါတယ်ရှင့်။ အချိန်ရရင်ဖြေပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ ဆရာ အနောက်နိုင်ငံက ကလေးတော်တော်များများကို Pacifier ကိုပေးသုံးတာတွေ့ ရပါတယ်။ အဲ့ဒါ ဘာအတွက်ကြောင့် သုံးတာလည်းဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

၎။ ဆရာရှင့် လသားကလေးငယ် တယောက်က ချိုလိမ်စို့ရင် ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲဆရာ။ ကျွန်မသားက ၃ လခွဲ ရှိပါပြီဆရာ။ ညအိပ်ခါနီးချိုလိမ် ၁၅ မိနစ်ခဲစို့ပါတယ်။ ကလေးငယ်အားလုံးအတွက် ချိုလိမ်ရဲ့ အကျိုးအပြစ်လေး သိပါရစေဆရာ။

Pacifier ဆိုတာ အမေရိကန်သုံးအင်္ဂလိပ်ဖြစ်တယ်။ ဗြိတိသျှလို Dummy ခေါ်တယ်။ တချို့နေရာတွေမှာ Binky ခေါ်တယ်။ တချို့က Soother လို့လဲခေါ်ပါတယ်။ ကလေးပါးစပ်ထဲမှာ ကလေးနေအောင် ထည့်ပေးထားတဲ့ ပလပ်စတ၊ ရာဘာ၊ စီလီကွန်နဲ့လုပ်ထားတာလေးဖြစ်တယ်။ မြန်မာလို ချိုလိမ်ခေါ်တာများတယ်။ ကလေးတွေငယ်ကတည်းက လူကြီးတွေ လိမ်တာ၊ ညာတာခံရတဲ့သဘောဖြစ်တယ်။

တခုမှာ Teat ကလေးပါးစပ်ထဲထည့်တာ၊ Mouth shield ပါးစပ်ကာနဲ့ Handle လက်ကိုင်ဆိုပြီး အစိတ်အပိုင်း (၃) ခု ပါတယ်။ အမေရိကန်ကလေးသွားအကယ်ဒမီရဲ့ လက်မ၊ လက်ချောင်းနဲ့ ချိုလိမ်ဆိုင်ရာ လမ်းညွှန်အရ ကလေးတွေဟာ အသက် ၂ နှစ်ကနေ ၄ နှစ်အတွင်းမှာ လက်မစုပ်တာ၊ ချိုလိမ်စုပ်တာ ရပ်သွားပြီ။ တချို့ကလေးတွေက ပိုကြာတယ်။

ဗြိတိသျှသွားဖေါင်ဒေးရှင်းကလဲ ချိုလိမ်စုပ်တာနဲ့ လက်မစုပ်တာကို အားမပေးပါ။ Mayo Clinic မေးယိုးကလင်းနစ်ကလဲ ထောက်ပြထားတာရှိပါတယ်။ တချို့ကလေးတွေက Sucking reflex စုပ်တဲ့တုန့်ပြန်မှုမှာ ပိုသန်ကြတယ်။ တချို့ကလေးတွေဆိုရင် ဗိုက်ထဲမှာရှိကတည်းက လက်မစုပ်တယ်။

ကောင်းချက်တွေ -
• အဲလိုအကျင့်ကနေ Soothing effect ကလေးကို ငြိမ်စေတဲ့အစွမ်းနဲ့ Calming effect အငိုတိတ်စေတာ ဖြစ်စေနိုင်တဲ့ အကျိုးရပါမယ်။ ဒါကြောင့်လဲ မိဘတွေကသုံးတာဖြစ်တယ်။
• ကလေးကို ယာယီအားဖြင့် အာရုံပြောင်းပေးမယ်။ ကာကွယ်ဆေးထိုးတာ၊ သွေးဖေါက်တာလုပ်ကာနီးမှာ သုံးနိုင်တယ်။
• ကလေးကို အိပ်စေနိုင်တယ်။
• ကားစီး၊ လေယာဉ်စီးတဲ့အခါမှာလဲ ကလေးကို စိတ်အေးစေမယ်။
• SIDS ခေါ်တဲ့ ရုတ်တရက်အသက်သေနိုင်တဲ့ရောဂါကိုလဲ နည်းစေနိုင်မယ်လို့ ယူဆသူရှိသေးတယ်။

မကောင်းတဲ့အချက်တွေ -
• ကလေးငယ်ငယ်လေးကတည်းက ချိုလိမ်တပ်ပေးရင် နို့စို့တာကို ခက်စေနိုင်တယ်။ မိခင်နို့ထက်ပိုလွယ်လို့ ကလေးကအလွယ်ကြိုက်မယ်။
• ကလေးက အဲတာကိုသာ မှီခိုချင်စိတ်ရှိလာမယ်။ အဲတာမပါရင် မအိပ်ချင်တာဖြစ်နိုင်တယ်။
• နားအလယ်ပိုင်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ % နည်းပါတယ်။
• သွားဒုက္ခ္ခပေးနိုင်တယ်။ ကြာနေရင် ကလေးအပေါ်ရှေ့သွားလေးတွေက နှုပ်ခမ်းဆီငေါထွက်နိုင်တယ်။ သိပ်ကြာနေရင် ကိုက်ဝါးရာမှာ ထိခိုက်စေနိုင်တယ်။ မေးရိုးဖွံ့ထွားမှုကိုလဲ သက်ရောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး