မည်သူ တယူသန်သနည်း
ဆရာဒေါက်တာတင့်ဆွေ ထောက်ပြနေခဲ့တဲ့ တ ရေးထုံးတွေက အရင်ကအသုံးပြုခဲ့တဲ့ ရေးထုံးအမှန်တွေပါ။ ဒီ တ နဲ့ တစ် အပေါ်မှာ အစဉ်တစိုက် ထောက်ပြပြောဆိုနေခဲ့တဲ့ ဆရာရဲ့ စေတနာကိုလည်း အသိအမှတ်ပြုမိပါတယ်။ ဒါပေမဲ့လည်း ကျနော်ကတော့ တစ် ဘက်ကပဲ ရပ်တည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာပညာရှင်တွေ စုစည်းတည်းဖြတ် ပြုစုထားတဲ့ မြန်မာစာအဘိဓာန် တို့၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတို့၊ ခွဲထားတို့အရ ဘယ်နေရာမှ တ ရမယ်၊ ဘယ်နေရာမှာ တစ် ရမယ်ဆိုတာ အတိအလင်း ရှင်းလင်းပြုစုထားပြီး ဖြစ်လို့ပါ။ ကျနော်တို့လို လူငယ်တစ်ယောက်အမြင်နဲ့ကတော့ တ သည်ဖြစ်စေ၊ တစ်သည်ဖြစ်စေ အားလုံးက တညီတညွတ်တည်း အသုံးပြုကြတာကိုပဲ ဖြစ်စေချင်ပါတယ်။ သက်ဆိုင်ရာပညာရှင်တွေက ပြုစုတည်းဖြတ်ထားပြီး ဖြစ်ခဲ့ရင် အဲဒါကိုပဲ အားလုံးက အသုံးပြုစေချင်ပါတယ်။ သက်ကြီး ဝါကြီး ဆရာတွေအနေနဲ့လည်း ဒီ ဘုံပြဌာန်းစာအုပ်ပါ ရေးထုံးတွေကိုပဲ ညွှန်ပြပြီးတော့ မြန်မာစာ ညီညွတ်ရေးကို ရှေးရှုစေချင်ပါတယ်။ မြန်မာစာ မှန်ကန်ရေးမှာ ဆရာဒေါက်တာတင့်ဆွေကို ကျနော် အတိုက်အခံ မငြင်းလိုပါဘူး။ ဆရာ ပြောဆိုထောက်ပြခဲ့တာတွေက မမှားခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာစာညီညွတ်ရေးအတွက်လည်း ဆရာကို ရှေးရှုလုပ်ဆောင်စေချင်ပါတယ်။ အရင်က ရေးထုံးရှိခဲ့သမျှတိုင်းကို အမှန်တရားဦးတည် ရေးသားကြမယ်ဆိုရင် ပုဂံခေတ်၊ အင်းဝခေတ် စသဖြင့် ခေတ်အဆက်ဆက်က ရေးထုံးတွေကလည်း အမှန်တရားတွေပါပဲ ဆရာ ခင်ဗျာ။ အဲဒီရေးထုံးတွေကို အခုအခါမှာ ကိုယ်သန်ရာသန်ရာ သုံးစွဲနေကြမယ်ဆိုရင် မြန်မာစာညီညွတ်ရေးဟာ အကျိုးထက် အဆိုးပဲ ပိုများနေမယ်လို့ ထင်မြင်မိပါတယ် ဆရာခင်ဗျာ။
ဆရာကြီး (၉) လုံးကို ဆရာလို့သာပြင်ပါရစေ။ ဦးနေဝင်းကလည်း အဲလိုလုပ်ခိုင်းတယ်။
တကနေ တစ်ပြောင်းခြင်း သမိုင်း
၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ - ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။
၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။့ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။့ မူကိုဦးစွာချပါ။့
မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။ လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။ စကားတစ်လုံးနှင့် မဟုတ်ပါ။ တစ်ခုခုကို မဟုတ်ပါ။
တစ်ကိုသဘောမတူတဲ့ စာရေးဆရာကြီးတွေ အထင်ကရကဗျာဆရာတွေက သူတို့မှန်တယ်လို့ယူဆတဲ့အတိုင်း ဆက်ရေးကြတယ်။ နဝတစစ်အစိုးရလက်ထက်ရောက်တော့ တစ်မရေးရင် ထုတ်ဝေခွင့်မပေးလုပ်လိုက်တယ်။ အခုတော့ ဆင်ဆာအဖွဲ့လည်းမရှိတော့ပါ။ အမှားနဲ့ အမှန် မူလနဲ့ အမိန့်ရသတ်ပုံတွေ မတူတာကို သတိထားမိလာကြတယ်။ ကနေ့လက်ရှိက အဲလိုအခြေအနေဖြစ်တယ်။
ဆဋ္ဌသံဂါယနာတင် ပါဠိမြန်မာပြန်စာအုပ်တွေထဲမှာ တစ်လုပ်ထားပါ။ မြန်မာ့စွယ်စုံကျမ်း ၁၅ အုပ်တွဲမှာလည်း တစ်တွေ မဟုတ်ပါ။
မြန်မာစာမှာ ဟိုရှေးကတည်းက မူကွဲရှိတယ်။ ဥပဒေနဲ့ သတ်မှတ်တာ နည်းလမ်းအမှန် မဖြစ်သင့်ပါ။ ပညာကို ပညာနဲ့သာ သန့်စင်အပ်ပါတယ်။
ဆရာရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်စေတနာကို သိပါတယ် ခင်ဗျာ။ ကိုယ့်ထမင်းကိုယ်စားပြီး ထောက်ပြနေရတာကိုလည်း သိပါတယ်။ ကျနော့်သဘောကတော့ မြန်မာစာဟာ မူကွဲအမျိုးမျိုး၊ ရေးထုံးအမျိုးမျိုး၊ ငါအမှန်၊ ငါ့ဆရာအမှန်တွေဖြစ်မှာကို မလိုလားတာ တစ်ခုပါပဲ။ တစ် ကနေ ပြန် တ ကြမယ်ဆိုရင်လည်း ပညာရှင်တွေတိုင်ပင်ညှိနှိုင်း ထုတ်ပြန်ကြမယ်ဆိုရင်လည်း ကန့်ကွက်မှာ မဟုတ်ပါဘူး။ အားလုံးညီညာစေချင်တာပါပဲ ခင်ဗျာ။
ကျွန်တော့် သူငယ်တန်းနဲ့ အလယ်တန်း မြန်မာစာဆရာမတွေနဲ့ အထက်တန်းဆရာ ဘုတလင်ချစ်လေးတို့က မှန်တယ်လို့ တယူသန်စွဲနေမိတယ်။ တစ်ကနေ တ ဖြစ်တာမဟုတ်။ တကနေသာ တစ်ဖြစ်မိန့်ပေးထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်က ဆဋ္ဌသံဂါယနာတင် ပါဠိမြန်မာပြန်စာအုပ်တွေကလည်း မှန်တယ်လို့ တယူသန်စွဲနေတယ်။
ခေတ်အရ ပြောင်းလာတွေ အထင်အရှားရှိတယ်။ ပုဂံခေတ်ကတည်းက ပိုပြီး လွယ်ကူရှင်းလင်းစေအောင်ရေးလာတာ။ တချို့ အဆင့်စာလုံးတွေ မသုံးတော့ပါ။ လေ့လာဆန်းစစ်ပြီး စာတပုဒ် ရေးထားတယ်။ တ ကို တစ်ခိုင်းတာ၊ သမတ မ နှစ်လုံးဆင့်ခိုင်းတာ စတာတွေက လွယ်နေတာကို ခက်အောင်ခိုင်းတာ။ မှားနေလို့ ပြင်ခိုင်းတာ မဟုတ်ပါ။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်ခြင်းစာ ရေးထားတယ်။
ဘလော့မှာ စာပုဒ်ရေ တရာကျော်ပြီ။ ဓါတ်ပုံတွေနဲ့ တင်ပြထားတယ်။ အခုလိုစာလေးတပုဒ်နဲ့တော မလုံလောက်ပါ။ အခုမှ တွေ့သူကမေးတိုင်း ပြန်ပြန်ရေးနေရတယ်။ အတော်တော့ မောပြီ။
ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

Comments
Post a Comment