တိုက်နယ်ဆရာဝန်






ကျွန်တော်က မဆလ ခေတ်က မြို့သာမှာ တိုက်နယ်ဆရာဝန်ဖြစ်တယ်။ မန္တလေး မင်္ဂလာလမ်းမှာရှိတဲ့ ဆေးသိုလှောင်ရုံကို ဆေးသွားသွားထုတ်ရတယ်။ တောင်းတာ မရပါ။ ရှိတာရတယ်။ ခွဲတမ်းနဲ့သာရတယ်။ ဘီပီအိုင်ထုတ်ဆေးတွေသာရတယ်။ မေမြို့စစ်ဆေးရုံမှာ အလုပ်သင်ဆရာဝန် လုပ်ရတော့ မမြင်ဘူးတဲ့ဆေးတွေတွေ့ရတယ်။ တိုက်နယ်ဆရာဝန်မှာတော့ အရေးပေါ် သွေးထုတ်စရာ ဒိုနာဆက်ကို မိုင် ၂ဝ ဝေးတဲ့ တံတားဦးဆေးရုံလူလွှတ် ချေးငှားရတယ်။ ကိုလေး (အင်းဝဂုဏ်ရည်) သက်သေရှိတယ်။ မြို့သာနယ်မှာ မြွေကလည်းပေါလွန်းလို့ ဆေးဂိုဒေါင်ကလူတွေနဲ့ ခင်အောင်မင်အောင် လုပ်ထားရတယ်။ ခုခေတ်ကို မသိပါ။ ဆောရီးပဲ ခေတ်သစ် တိုက်နယ်ဆရာဝန်တို့ရေ။

စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ
ကျွန်တော် ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဖို့ သွားဖြေရတာက စစ်တက္ကသိုလ် DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက အမျိုးတယောက် (သည်စာရေးစဉ်က အမျိုးတော်မှန်းမသိသေးပါ) အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ဝန်ကြီးအစစ် ဖြစ်လာတယ်။ ကျွန်တော်က ပြည်ပအစိုးရမှာတော့ ဝန်ကြီးလို့ အခေါ်ခံရသူဖြစ်လာတယ်။ သူက အတော့်ကို စစ်ထဲဝင်ချင်တဲ့လူ၊ အရင်နှစ်ကလည်းသွားဖြေတာ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး။ နောက်နှစ်တော့ ဦးလေးတယောက်ကပေးတဲ့နည်း တွေ့သွားလေရဲ့။

စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့ဆိုတာက ဒီလို။ မေမြို့စစ်ဆေးရုံမှာ ဟောက်စ် လုပ်တဲ့သူထဲကနေ စစ်မှုထမ်းဥပေးဒအရ သုံးနှစ်စစ်ထဲဝင်လုပ်ဘို့ ခေါ်တယ်။ ကျွန်တော်က မလုပ်ချင်ပါ။ စစ်တပ်ကို မုန်းတာလည်းမဟုတ်။ ကျွန်တော်က အိမ်ထောင်ကျနေပြီ။ ဟိုသွားသည်သွား မသွားချင်။ အဓိကတော့ လွတ်လွတ်လပ်လပ်သာ နေချင်တာ။

တိုက်နယ်ဆရာဝန်
ကျွန်တော်မွေးတဲ့ မင်းရွာက ကသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈ဝ လောက်ပဲရှိမယ်။ တောင်ယမားလို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်းကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေလောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နားတတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်းနှစ်တွင်းတော့ ရှိကြတာချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင်နှစ်အစိတ်လောက်ကြာတော့ ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသားရေဆိုးမတွေ့ဆိုတဲ့အရပ်မှာ ၆ နှစ် တာဝန်ကျတယ်။ တိုက်နယ်ဆရာဝန်။ မြို့သာဆိုတာ ရေအင်မတန် မကောင်းတာကလား။ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်တဖေါင်နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီးသုံးရတာ။ ခေါင်းလျှော်ချင်ရင် မိုးရေလေးတပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာအကြောင်းမမေ့စရာတွေတပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံးနှစ်ယောက်ဖွါးမြင်ခဲ့တာ မြို့သာ။ ရေသာမကောင်းတာ အမှတ်ရစေဘို့ ရေစက် ဖြစ်ပါတယ်။ အခုတော့ မြို့သာ အတော်တိုးတက်စီပင်နေပြီတဲ့။ ကျွန်တော့်မှာ ဆင်းရဲဇာတာပါလို့ အခုလို တိုးတက်နေတာကို အဝေးကနေသာ မုဒိတာပွါးနိုင်ပါတယ်။ ရေလည်းကောင်း၊ လမ်းလည်းကောင်းပြီတဲ့။ ကျန်းမာရေးလည်း ကောင်းကြပါစေ။

နိုင်ငံရေးဆရာဝန်
မင်းရွာက ပုလဲမြို့နယ် တောင်ဘက်အစွန်ဆုံးရွာ။ သူ့တောင်ဘက်ဆို မြိုင်နယ်ထဲရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေးပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ်မျက်စိလည်တယ်။ ကျွန်တော် နှစ်ပတ်တိတိ ပုန်းအောင်းနေနိုင်ခဲ့တယ်။ နေရာအတည်တကျမနေပါ။ လွတ်တယ်။

ပုန်းရပြေးရတာက ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တာ။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာ။ နောင် ၁ဝ နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေခံနေကြရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတော့ ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှုမဖြစ်သင့် Being elected should not be a Crime ဆိုတဲ့ ခေါင်းစည်းစာတမ်းရိုက်သွားပြီး လော်ဘီလုပ်ခဲ့ရတယ်။

အမေ့ရွာ
မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ အရင်က မုံတိုင်ပင်လို့ ရာဇဝင် စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁ဝ တန်း ကဗျာလေး စာလေး စပ်တုံးရေးတုန်းက ကင်းဝန်နွယ် ဘာညာဆိုပြီး ကလောင်နာမယ်ခံယူခဲ့ဘူးတယ်။

နောင် နှစ် ၄ဝ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး၊ နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ်ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်ပါတယ်။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီးလို့ ကယား၊ ကယန်းတွေက သူများတွေထက်သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ်ဆိုတာပါ၊ အမွေခံရမှာပါပဲ။ ကင်းဝန်မင်းကြီး မွေးနေ့ နှစ် ၁၄ဝ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

မနေ့က ကွန်မင့်ကနေ ဦးကောင်းနာမည်ကို ကာတွန်းတခုမှာပါလို့ ကျွန်တော့်ကို ထင်မြင်ချက်ပေးခိုင်းတယ်။ မပေးလိုပါ။ ပေးစရာလည်း မလိုပါလို့သာရေးလိုက်တယ်။ သန်းဝင်းလှိုင်ရေးတဲ့ လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီးဦးကောင်း အကြောင်းကို သမိုင်းအမှန်သိစေချင်မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ဆရာမြသန်းတင့် ရေးထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

တောနယ်ဆရာဝန်
တိုက်နယ်ဆရာဝန်လုပ်ခဲ့စဉ်က ပုလိပ်ရောဂါနဲ့ကြုံရတယ်။ ကာလဝမ်းရောဂါနဲ့လည်းကြုံရတယ်။ မြွေကိုက်လူနာပေါတယ်။ ထန်းလျှောလူနာလည်းများတယ်။ မန္တလေး ဆေးသိုလှောင်ရုံကမရတာကို ဈေးချိုကရတယ်။ ခွဲစိတ်ခန်းသုံး တိုလီမုတ်စ ရန်ကုန်လဟာပြင်ဈေးကရတယ်။ ဆိုရှယ်လစ် ငါးနှစ်စီမံကိန်းတွေ အောင်မြင်နေတယ်လို့ ရေဒီယိုကကြားနေရတယ်။ ခုခေတ်တောနယ်ဆရာဝန်တွေ ကြုံနေရာမျိုးကနေတော့ လွတ်ကင်းခဲ့ပါတယ်။ မဆလဝန်ကြီးတွေကတော့ အောင်မြင်နေတာပဲလို့သာ ပြောကြတယ်။ Smile!

မြို့သာဆေးရုံကို တခေါက်ပြန်ရောက်စဉ်ကပုံတွေကို တင်လိုက်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး