တလှမ်းတက်သောနေ့

၆-၉-၁၉၃၈ နေ့ထုတ် သူရိယသတင်းစာထဲကစာဖြစ်ပါတယ်။

ရဲဘော်တို့ ၁၃ဝဝ ပြည့် တော်သလင်းလပြည့်ကျော် ၂ ရက်နေ့သည်ကား ငါတို့၏ အာဇာနည်ပုဂ္ဂိုလ်ဦးဝိစာရ အသျှင်မြတ်သည် အကျဉ်းထောင်တွင် ၁၆၆ ရက် အစာဘုန်းပေးတော်မမူဘဲ၊ အမျိုးအတွက် အသက်ဇီဝိန် ချုပ်ငြိမ်းသည်တိုင်အောင် ကာယိကဒုက္ခ၊ စေတသိကဒုက္ခ အပေါင်းတို့ကို မတုန်လှုပ်သောသတ္တိ၊ မညိုညင်သော အမြုတေစိတ်ဖြင့် ခံယူသွားရှာသော နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေ၏။ ထိုနေ့ကား ငါတို့ကျွန်ဗမာတွေအတွက် လွတ်လပ်ရေး လောကနိဗ္ဗာန်စခန်းဘက်သို့ တလှမ်းတက်သောနေ့ဖြစ်၏။ ထို့ကြောင့် ထိုနေ့ ထိုရက်တွင် ငါတို့သည် လွတ်လပ်ရေး ကမ္မဌာန်းကို စီးဖြန်းကြကုန်အံ့။ လွတ်လပ်ရေးတိုက်ပွဲအတွက် သွေးစည်းကြကုန်အံ့။ မြို့တိုင်း မြို့တိုင်း နေရာတိုင်း နေရာတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတို့၌ ငါတို့ သမဂ္ဂအသင်းသားများသည် အာဇာနည်အသျှင်ဦးဝိစာရ ဂုဏ်ပုဒ်ကို ဖော်ထုတ်ချီးကျူးကြကုန်အံ့။ အသျှင်ဦးဝိစာရကဲ့သို့သော အမျိုးကို ရှာဖွေကြအံ့။ အသက်ပေး၍ ချစ်မည့်ပုဂ္ဂိုလ်များကို မွေးမြူကြအံ့။ ထိုနေ့ ထိုရက်တွင်း ဗမာတပြည်လုံး လွတ်လပ်ရေးအသံဖြင့် လျှံတက်အောင် ငါတို့ ကြွေးကြော်ကြကုန်အံ့။ အိပ်မောကျနေကြသော ဗမာလူမျိုးများကို ငါတို့ ကြွေးကြော်သံဖြင့် နိုးကြားကြစေအံ့။

မှတ်ချက် = တစ်လှမ်းတက်သောနေ့ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၈
Photo from Aungmyint Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး