Rangoon University Students’ Union building ယူနီယံဟောင်းတနေရာ

လေးနှစ်တိတိကရေးတဲ့စာ

၇-၇-၂ဝဝ၉ ဆဲဗင်း-ဇူလိုင်နေ့ နယူးဒေလီက ဆန္ဒပြပွဲပုံကိုတင်စဉ်က ကွန်မင့်တွေရတယ်။ ဘာအတွက့့် တဲ့။ ဘာကြောင့်ပါလဲတဲ့။ မေးခွန်းတွေက ဘာကြောင့် ဆဲဗင်းဂျူလိုင်မှာ ဆန္ဒပြရသလဲကို မေးကြတာပါလား။ မဟုတ်ပါစေနဲ့။

နောက်တယောက်ကတော့ Encyclopedia မှာရှာကြည့်လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုက်နမိုက်နဲ့ ခွဲတယ်။ ကျောင်းသား ၁၅ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရကြတယ်လို့တော့ တွေ့ရတယ်။ ဟုတ်လားဆရာတဲ့။

၁၉၆၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းအပြီး ၆ ရက်အကြာမှာ ကျောင်းသားအခွင့်အရေးတွေ တောင်းဆိုနေခဲ့ကြတဲ့ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး၊ ရန်ကုန်တက္ကသိုလ် အတွင်းရှိတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦကို သူဌေးကြီးဦးညိုရဲ့ လှူဒါန်းမှုနဲ့ ၁၉၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရှေ့တန်းကပါဝင်ခဲ့တယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စတဲ့ ကျောင်းသားခေါင်းဆောင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တယ်။

၁၉၆၂ စစ်အာဏာသိမ်းရာမှာ ဗိုလ်ချုပ်နေဝင်းရဲ့ ဒုတိယလူဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ကြီးကနေ ၈၈ အရေးအခင်းအစပိုင်းမှာ ၄၁ စာမျက်နှာပါစာထွက်ပြီး ဆဲဗင်းဇူလိုင်မှာ သူမပါတဲ့အကြောင်းရေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းကသာ တစ်တရားခံလို့ ပြောချင်ပုံရတယ်။ ဆဲဗင်းဇူလိုင် ဖြစ်တဲ့နေမှာ အဲဒီအဖြစ်အပျက်တွေကို လက်တွေ့ကွပ်ကဲနေတဲ့ အဖွဲ့တဖွဲ့က ပြည်လမ်း အသံလွှင့်ရုံမှာ ထိုင်တယ်။ ဗဟိုလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးဗစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဘနီ၊ ပညာရေးဝန်ကြီး ဒေါက်တာလှဟန်၊ ရန်ကုန်တက္ကသိုလ် ပါချုပ် ဦးကာ ရှိတယ်။ အဲဒီအထဲမှာ ဒုတိယဗိုလ်မှူးကြီးစိန်လွင် ပါတယ်။ တက္ကသိုလ်ဝန်းထဲမှာ ပစ်တဲ့ခတ်တဲ့ တပ်ရင်းမှာ ဗိုလ်စိန်လွင်က တာဝန်ယူတယ်။ သူဟာ ၈၈ အရေးအခင်းမှာ ဘူချာ ခေါ် သားသတ်သမားအဖြစ် နိုင်ငံတကာမီဒီယာမှာ နာမည်ဆိုး တွင်ခဲ့သူဖြစ်တယ်။ ဒါလဲ သမတ ဖြစ်ခဲ့သေးတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက ကျနော်တို့ကတော့ ဒါး ဒါးချင်း၊ လှံ လှံချင်ချင်းပဲလို့ ဆဲဗင်းဇူလိုင် ညမှာ ၈ နာရီ ၁၅ မိနစ်မှာ မြန်မာ့အသံရေဒီယိုကနေ မိန့်ခွန်းမှာ ပြောခဲ့တယ်။ သူကဘဲ ၈၈ အရေးအခင်းတုန်းကလည်း တပ်မတော်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်လို့ ထပ်ပြောခဲ့သေးတယ်။ ဆဲဗင်း ဇူလိုင်အရေးအခင်းမှာ ကျောင်းသားပေါင်း ဘယ်လောက်သေဆုံးသလဲဆိုတာ ဘယ်သူမှအတိအကျ မသိနိုင်ပါ။ ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့လဲ ဖတ်ရပါတယ်။ ၇-၇-၁၉၆ မှာ ပစ်ခတ်နှိမ်နင်းမှုသာလုပ်ပြီး နောက်နေ့မနက်မှသာ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ခဲ့ပါတယ်။

၁၉၆၂ တုံးက ကျွန်တော်ဟာ မုံရွာမြို့ အထက (၂)၊ စတိတ်တူးမှာ ရှစ်တန်းကျောင်းသားဘဲရှိပါသေးတယ်။ ကျောင်းခန်းထဲကို ဗလာစာအုပ်က ဆုတ်ယူထားတဲ့ မျဉ်းကြောင်းပါ စာရွက်ပေါ်မှာ ယူနီယံဟောင်းတနေရာ သီချင်း စာသားကို ကိုယ်တိုင် ဖတ်ရတယ်။ အဲသည်ခေတ်မှာ လူကြိုက်များတဲ့ အဆိုတော်တင်တင်မြဆိုတဲ့ ပုဂံမြို့ဟောင်းတနေရာ သီချင်းစားသားနဲ့ အလိုက်အတိုင်း စပ်ဆိုထားတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး