Tagore and Bengali တဂိုး နဲ့ ဘင်္ဂါလီ

ဝေါဟာရကို နိုင်ငံရေးလုပ်နေကြောင်းရေးပါတယ်။ ပြည်တွင်းရောက်တော့ စကားဝိုင်းလေးတခုမှာ ဘင်္ဂါလီလို့သုံးတာ လွဲတယ်လို့ပြောမိတယ်။ ဘယ်လိုခေါ်မလဲ မေးတယ်။ အရပ်သုံးကတော့ ဟိုအရင်ကတည်းက ခေါ်တော။ ရုံးသုံးဆိုရင် နှိမ်ရာကျမယ်။ ဆောရီး။ သူများကိုနှိမ်ပြောတာ မကောင်းပါ။

Bengali ဘင်္ဂါလီ၊ Bengal ဘင်္ဂလား နဲ့ Bangalore ဘန်ဂလို မတူကြပါ။ ဘန်ဂလိုဆိုတာ အိန္ဒိယတောင်ပိုင်း ကနာတာကာ ပြည်နယ်မြို့တော်ဖြစ်ပြီး အိန္ဒိယရဲ့ စီလီကွန်ဗယ်လီလို့တင်စားခေါ်တယ်။ ဘာသာပြန်စာအုပ်တအုပ်မှာ ဘင်္ဂလားနဲ့ မှားပြန်ထားတာ တွေ့ပါတယ်။ မှားတတ်ပါတယ်။ ဘင်္ဂလားမောင်နှမဆိုတဲ့အသုံးအနှုန်းကို တချို့နေရာတွေမှာ သုံးတယ်။ တကယ်မစစ်တဲ့သဘောကို ပြောချင်တာပါ။

ဘင်္ဂါလီဟာ ကနေ့ဘင်္ဂလားဒက်ရှ်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာ နေထိုင်သူတွေပြောနေတဲ့စကားဖြစ်တယ်။ ဘင်္ဂလား၊ ဘင်္ဂေါလ်ဆိုတာ ပြောတဲ့ဘာသာစကားနဲ့ နေရာဒေသကိုပါ ခေါ်တယ်။ ဘင်္ဂေါလ်ဆိုတာက ဒေသ။ အခုက တနေရာတည်းမဟုတ်တော့ပါ။ အိန္ဒိယ အနောက် ဘင်္ဂလားပြည်နယ်နဲ့ အရှေ့ဘင်္ဂလားကနေ ဘင်္ဂလားဒက်ရှ် ဖြစ်သွားပြီ။ မြန်မာပထဝီစာအုပ်နဲ့ မြေပုံတွေမှာ ဘင်္ဂလားပင်လယ်အော်လို့ရေးတယ်။ ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယ အနောက် ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒက်ရှ်မှာနေထိုင်ကြတယ်။ ဒါ့ပြင် အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေမှာသာမက အိန္ဒိယနိုင်ငံထဲက ပန်ဂျပ်၊ ဟာရီယာနားနဲ့ အူတရာပရာဒက်ရှ်ပြန်နယ်တွေမှာလဲနေတယ်။

အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာ နေထိုင်သူတွေက ဟိန္ဒူဘာသာကို အများဆုံးကိုးကွယ်ကြပြီး ဘင်္ဂလားဒက်ရှ်မှာ နေထိုင်သူတွေက မွတ်ဆလင် အများစုဖြစ်ကြတယ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ ဘင်္ဂါလီလူမျိုးဟာ ၉၈% ဖြစ်တယ်။ ဘင်္ဂါလီစကားပြောသူဟာလည်း ၉၈% ရှိတယ်။ ကိုးကွယ်တဲ့ဘာသာမှာ ၈၉့၅% က မွတ်ဆလင်တွေဖြစ်တယ်။ ဟင်ဒူ ၉့၅%၊ ဗုဒ္ဓဘာသာ ဝ့၇% နဲ့ ခရစ်ယန် ဝ့၃%၊ ရှိတယ်။

ဘင်္ဂလားဒက်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှာ တခြားလူမျိုးတွေပါ နေထိုင်ကြပါတယ်။ Chakma (Changhma) ချက်ကမာက အများစုဖြစ်တယ်။ သူတို့က တိဘက်တို-ဘာမင်းနွယ် ဖြစ်ကြတယ်။ ချက်ကမာနဲ့တူတာကို မြန်မာပြည်မှာ Daingnet ဒိုင်းနက်လူမျိုးလို့ခေါ်တယ်။ ထေရဝါရဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ ရခိုင်လူမျိုးကနေဆင်းသက်ပြီး နောက်မှသာ ဘင်္ဂလားကို ရွေ့တယ်လို့လည်း ယုံကြည်ကြတယ်။ သူတို့ကို Saks or Theks သက်လူမျိုးလို့ ခေါ်တယ်။ အိန္ဒိထဲက တရိပူရ၊ မီဇိုရမ် နဲ့ အရူနာချာပရာဒက် ပြည်နယ်တွေမှာလည်း ချက်ကမာတွေနေထိုင်ကြတယ်။

ဘင်္ဂါလီသွေးပါသူတွေထဲမှာ နာမည်ကြီးသူတချို့ကို မြန်မာပြည်ကလူတွေ သိကြပါမယ်။ ကဗျာဆရာကြီး ရာဘန္ဒြာ နသ် တဂိုး နဲ့ နိုဗယ်ဆုရ စီးပွါးရေးပညာရှင် အမာတီယာဆန်တို့က အိန္ဒိယနိုင်ငံသား ဘင်္ဂါလီတွေဖြစ်ပါတယ်။ ဂိုရှယ်က မြန်မာနိုင်ငံသားဘင်္ဂါလီ ဗကပ ရဲဘော်ဘတင်ဖြစ်ပါတယ်။ သူ့တူတော်သူ ပါမောက္ခ ဗီလားဒတ်စ် ဂိုရှယ်နဲ့အတူ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးပွဲပေါင်းများစွာ အတူတက်ခဲ့ရပါတယ်။

တဂိုး (၁၈၆၁-၁၉၄၁) ရှိတုံးက ဘင်္ဂလားဒက် (၁၉၇၁) ဆိုတာ မဖြစ်သေးလို့ သူကဗြိတိသျှအိန္ဒိယနိုင်ငံသားဖြစ်တယ်။

- အကြင်အရပ်၌ စိတ်သည် ကြောက်ရွံခြင်း ကင်း၏။ ဦးခေါင်းကို မော်၍ မော့ထားနိုင်၏။
- အကြင်အရပ်၌ အသိပညာရှာရာတွင် အတားအဆီးမရှိ လွတ်လပ်၏။
- အကြင်အရပ်၌ ကိုယ့်အချင်းချင်း မကြင်မနာ မကျဉ်းမြောင်းသော တံတိုင်း အကာအရံတိုဖြင့် ကမ္ဘာလောကကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ခွဲခြားထားခြင်းလည်း မရှိ။
- အကြင်အရပ်၌ ပြောဆိုသော စကားတို့သည် သစ္စာအနက်မှ စီးဆင်းယိုထွက်၏။

အကြင်အရပ်ဆိုတာ ကျွန်တော်မွေးခဲ့တဲ့ မြန်မာပြည်၊ အနှစ်နှစ်ကျော်ကြာနေဖူးခဲ့တဲ့ အိန္ဒိယပြည်နဲ့ အခုနေရတဲ့ တိုင်းပြည်တွေကို မဆိုလိုပါ။ တဂိုးရဲ့ ဂီတဉ္စလီ စိတ်ကူးထဲကသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆
၂၆-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး