အဘခေတ် ကျဆုံးပါစေ
သား သမီး အဘရောဂါစာ
အခုတလော လူသစ်တွေများလာတယ်။ အရင်က အကြိမ်ကြိမ်တင်ပြထားတဲ့ စည်းကမ်းတွေကို သိကြပုံမရ။ ပြန်ပြောရပါဦးမယ်။
ကျွန်တော့်ကို အကို၊ ဦးလေး၊ အဘ၊ ဘဘလို့ မခေါ်စေလိုပါ။ ရေးတဲ့သူတွေက သားလို့၊ သမီးလို့လည်း မရေးစေလိုပါ။ ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ရေးရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့မြေးမလား။ သားရဲ့ ကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုရင် သူ့သားမက်။ နမူနာစာတွေ အများကြီးရှိတယ်။
ဆရာဝန်ကို တကယ်အမျိုးမတော်ဘဲ အမျိုးစပ်မခေါ်အပ်ပါ။ စာအဆုံးမှာလည်း နော် မထည့်သင့်ပါ။ အစမှာလည်း ဟိုင်း မလုပ်သင့်ကြပါ။ တည်တည်တန့်တန့် အပိုအလို မပါရေးသင့်ကြပါတယ်။ ဆရာဝန်နဲ့ လူနာကြားမှာ တွယ်ကပ်မှုကို အထူးသတိထားရပါတယ်။ ဆရာလို့သုံးတာက လေးစားရာကျတယ်။ ယဉ်ကျေးတယ်။ ဆရာကြီးဆိုရင်တော့ မမှန်ပါ။ ဒေါက်တာဆိုတာ နားယဉ်နေကြပါပြီ။
ပရိုဖိုင်းလ်မှာ အားလုံးအမှန်အတိုင်းရေးထားလို့ အသက်ငယ်ချင်လို့ပြောတာမဟုတ်ပါ။ အဘလို့ရေးတာ မသတီပါ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူက ထောင်ကနေ လွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဘလို့ မခေါ်ကြပါနဲ့။ အဘလိုလည်း မလုပ်ကြပါနဲ့။ အဘခေတ် ကျဆုံးပါစေ။
စတစ်ကာတွေ၊ GIF ဖိုင်တွေ၊ ရုပ်ပုံတွေလည်း တခုမှ မပို့ကြစေလိုပါ။ သူများလုပ်ထားပြီးသားတွေ လာလာပို့တာ အီနောက်လာတယ်။ ကိုယ့်လက်နဲ့ကိုယ် ကောင်း ဆိုးရေးတာက ပိုတန်ဖိုးရှိတယ်။ တရားစာတွေ၊ ဆုတောင်းစာတွေလည်း မကို့စေလိုပါ။ သတ်ပုံအမှားတွေက များတယ်။ အမှား သူများ မဝေသင့်။ ကိုယ်တိုင်လည်း မရေးသင့်ကြပါ။
ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၈

Comments
Post a Comment