သဝေထိုးသွားတဲ့ မြန်မာစာ
သဝေထိုးရေးနည်းတို့ ဘာတို့ ဘယ်မှာလေ့လာရလဲဆရာ။ ငယ်ငယ်ကတည်းက သင်လာခဲ့တဲ့ဟာတွေကို သေချာအောင် လုပ်ပြီးမှ ကိုယ့်ကလေးတွေကို သင်ချင်လို့ပါ။
ကျွန်တော်ကတော့ သူငယ်တန်းဆရာမက သင်ပေးထားတဲ့အတိုင်း အခုထိရေးတယ်။ အလယ်တန်းနဲ့ အထက်တန်းမှာ ဖတ်ခဲ့တဲ့စာအုပ်တွေနဲ့ အတူတူပဲ။ ဆေးကျောင်းပြီးတဲ့အထိလည်း အတူတူပဲ။ ကိုလိုနီခေတ်အကြောင်းစာတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှုစာတွေ၊ ပါလီမန်ဒီမိုကရေစီခေတ်ကစာတွေ သတ်ပုံတမျိုးတည်းသာ ရေးခဲ့ကြတယ်။ နောက်တော့ သတ်ပုံတွေ သဝေထိုးသွားတယ်။
ကျွန်တော်တို့ငယ်ငယ်က သဝေထိုးရေးနည်း၊ မြန်မာလိုခြောက်ဂဏန်းရေးနည်းနဲ့ အင်္ဂလိပ်လို ခြောက်ဂဏန်းရေးနည်းတွေ ကွဲပြားအောင် ရေးရတယ်။ နောက်တော့ ရေးချင်သလိုရေးလာကြတယ်။ ဖတ်လို့တော့ နားလည်ကြမှာပါ။
မနှစ်က ဒီရက်မှာ ရာသီဥတုကောင်းလို့ ဆိုင်ကယ်တွေ လမ်းပေါ်ထွက်နေကြတယ်။ မီးပွိုင့်မှာ ဆိုင်ကယ်တစီး၊ ယောက်ျားကရှေ့က၊ မိန်းမကနောက်က ထိုင်တယ်။ မိန်းမက ဒူးနှစ်ဖက်ကိုထောင် ဘေးကားထားပြီး စီးတယ်။ လိုရာခရီးတော့ ရောက်မှာပါ။
စာရေးတာ နားလည်ပြီးရောတဲ့။ အလွယ်နည်းတဲ့။ အတိုနည်းတဲ့။ ခေတ်တဲ့။ မြန်မာစာ ဆိုင်ကယ်နောက်က ထိုင်လိုက်နေတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈

Comments
Post a Comment