Albuminuria ဆီးထဲ အနည်ပါခြင်း

ဆရာ ကျွန်တော့်အမေ အသက် ၆၃ နှစ်၊ အိမ်ထောင်ရှိ၊ ဆီးသွားရင် အနည်တွေပါတယ်။ နှစ်နဲ့ချီပြီးကြာပါပြီ။ အရင် ဆီးချို စစ်ကြည့်တာ ၁၀၀ ကျော်ရှိတယ်။ ဘယ်လိုကုသရန်လိုကြောင်း အကြံဉာဏ်တောင်းခံအပ်ပါသည်။ ပထမတစ်ခါ ဖောရောင်ခြင်းအကြောင်း ပြန်လည်ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။

ဆီးထဲအနည်ဆိုတာ ဆီးစစ်ရင် Albumin + ve တာကိုပြောတယ်လို့ မှန်းဆရတယ်။ အဲလိုဖြစ်စေတဲ့အကြောင်းတွေ များတယ်။ အရင်ဖေါရောင်တာနဲ့လည်း ဆက်စပ်နေနိုင်တယ်။

Albumin အယ်လ်ဗျူမင်စမ်းတွေ့တာဖြစ်တယ်။ အဲတာက လူတိုင်းသွေးထဲမှာအမြဲရှိကြတယ်။ ပရိုတင်းလို့လည်းခေါ်တယ်။ ဆီးကို အပူပေးလိုက်တာနဲ့ ပွက်လာချိန်မှာ အနည်တွေတွေ့ရမယ်။ အေးရင်အောက်ထိုင်လာမယ်။ ကြက်ဥကိုပြုတ်သလိုပဲ။ စမ်းသပ်တံလေးနဲ့စမ်းလည်းရတယ်။ မှန်ဘီလူးနဲ့ကြည့်ရင်တွေ့မယ်။ ACR (albumin-to-creatinine ratio) ဆိုတာက အချိုးအစားဘယ်လောက်လဲသိစေမယ်။

ကျောက်ကပ်ထဲကို သွေးတွေဝင်လာရင် အစစ်လို စစ်ပေးတယ်။ မကောင်းတာတွေကို စစ်ထုတ်ပေးလို့ ဆီးဖြစ်စေတယ်။ ရောဂါရနေသူမှာ အဲလိုကောင်းတာကိုစစ်ပြီး ထိန်းမထားနိုင်လို့ ဆီးထဲပါကုန်ရတယ်။ မကောင်းတဲ့၊ မလုံတဲ့ရေစစ်လို ဖြစ်နေလို့။ ကျောက်ကပ်မကောင်းတာဖြစ်တယ်။ ရက်တိုဖြစ်တာနဲ့ နာတာရှည်ရှိတယ်။

လိုအပ်ရင် GFR (glomerular filtration rate) စစ်မယ်။ Ultrasound နဲ့ CT scan ရိုက်မယ်။ ကျောက်ရှိရင်သိမယ်။ တခြားရောဂါတွေသိမယ်။ Kidney biopsy လည်းလိုရင်လုပ်မယ်။

ဆီးချိုရှိနေသူတွေနဲ့ သွေးတိုးရှိနေသူတွေက ဂရုစိုက်ရတယ်။ မိသားစုထဲမှာ ကျောက်ကပ်မကောင်းတာဖြစ်ဘူးသူ ရှိရင်လည်း ဂရုစိုက်သင့်တယ်။ အသက် ၆၅ နှစ်ကျော်သူတွေလည်းပါတယ်။

ရောဂါအမည်တိတိကျကျရှာပြီး ဆေးဝါးတွေနဲ့ကုသပေးမယ်။ လူနေမှုပုံစံပြောင်းရမယ်။ ကိုယ်အလေးချိန်ထိန်းပါ။ ဆေးလိပ်၊ အရက်မသောက်ပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အငန်လျှော့စားပါ။

Albuminuria ဆီးထဲ အနည်ပါခြင်း https://doctortintswe.blogspot.com/2016/10/albuminuria.html
Microalbuminuria ဆီးထဲ အယ်လ်ဗျူမင်များနေခြင်း https://doctortintswe.blogspot.com/2016/02/microalbuminuria.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး