Bogyoke Statue မုံရွာ ဗိုလ်ချုပ်ကြေးရုပ်နားမှာ
ရေးထားတာ ငါးနှစ်ရှိပါပြီ။ နှစ်ပတ်လည်ပို့စ်အဖြစ်ပြန်ပေါ်လာတော့ မတင်သေးပါ။ ဆရာမုံရွာကနေ နေရပ်စွန့်ခွာတဲ့အချိန် လှည်းနဲ့ဆရာ့ကို ခေါ်ထုတ်သွားရတယ်လို့ ဆရာ့အကြောင်းသိတဲ့ ဆရာ့မိတ်ဆွေဟောင်းက ပြောပြတယ်ဗျ။ ဆရာ့သားကို ကြိုးနဲ့တွဲလောင်းချည်ခံရသေးတယ်လို့လဲ ပြောပြခဲ့တယ်ဗျ ဆရာရေ။ အဲဒီကွန်မင့်ရလို့ ပြန်တင်ပါရစေ။
• ဆရာရှင့် ကျမပုလဲကနေ အမြဲဖြတ်ပြီး ထောင်ဝင်စာတွေ့ရတိုင်း ဆရာ့မြို့လေးကို ကားပေါ်ကနေ တွေးရပါတယ်။ ဆရာ့ဇာတိမြေကို လွမ်းနေမှာပဲလို့လေ။
• ဘာလိုလိုနဲ့ နှစ်တွေအတော်ကြာခဲ့ပြီ။ အန်တီအေ့း့ ဆရာဝန်ကတော်လဲ ဆရာဝန်ကတော်၊ ပြီးတော့ သူပုန်မယား သားနှစ်ယောက် သမီးတယောက်ရဲ့မိခင် အိမ်ရှင်မ တယောက်၊ အမတ်ကတော်လဲဖြစ်ဖူးခဲ့။ ဝရန်းပြေး လင်နဲ့ သားငယ်အတွက် သောကဝေဒနာတွေနဲ့ ကြံ့ကြံ့ခံ ချိပ်ပိတ်ခံအိမ်က ပစ္စည်းချရောင်း မုံရွာကိုပြောင်းပြီး လက်ဘက်ရည် ရောင်းခဲ့ရ၊ ဂွမ်းဖတ်စက်ကို နဝလီကြိတ်ခွဲ၊ သမီးနေနေ (နေမြမြဆွေ) အတွက် ပညာရေးကိုအလေးပေး၊ ဝမ်းရေးတဘက် ပြည်တွင်းရေးတဘက် နိုင်ငံရေး လုပ်ဖော်တွေရဲ့လူမှုဘဝကလ တဘက်နဲ့ပေါ့။ နောက်တော့ အမိမြေက စွန့်ခွာ လင်ရှိရာ လိုက်သွားပြီး၊ အဝေးရောက် တနေရာက မြန်မာအမျိုးသမီးများအတွက် အားမာန်တွေ ပေးဆက်သူ။ အော် ဘာလိုလိုနဲ့ နှစ်တွေတောင် အတော်ကြာခဲ့ပေါ့။ အန်တီဒေါ်မြမြအေးနဲ့ အန်တီဒေါ်နန်းသိန်းမေတို့ကို သတိရ အောင့်မေ့လျှက့့်။
• ကျုပ်တို့မိတ်ဆွေ၊ အဲ့ ဆရာစုံတွဲဟာ အတိတ်ကံတရားရဲ့ သက်ရောက်မှုဒဏ်ကိုခံခဲ့ကြရတာ ပြီးလောက်ပြီလို့ ထင်ပါတယ်။ ခုဘဝရဲ့ သူတို့စေတနာ (ကံသုံးပါး အပြုတွေ) ဟာ ဇော ၇ တန်အဖြစ်နဲ့ သူတို့ကို ကောင်းကျိုး တလှည့်ပြန်ပေးဦးမှာပါ။ အဲသည်အချိန်ကိုသာ ကျွန်တော်တို့ စောင့်ကြိုပေးလျှက်ပါ။ မြန်မြန် အလှည့်ပေးနိုင်ပါစေ။
• အန်တီအဖမ်းခံရချိန် ကျွန်တော်လည်းထောင်ထဲမှာဆရာ။ တောင်ယာဆောင်မှာ။ ဆရာ့ကို ကားမောင်းပို့တဲ့ ကားဆရာနဲ့ဆုံတော့ အန်တီကို ခိုးရာပါပစ္စည်းလက်ခံမှုဆိုပြီး မော်တာတလုံးဝယ်တာနဲ့ အဖမ်းခံရတယ်လို့ ပြောတယ်ဆရာ။ ဆရာ့ညီ ဆရာဦးတင်လေးနဲ့အတူတူနေခဲ့ရတယ်ဆရာ။ တခန်းထဲမှာက အချုပ်ပုံစံခန်းမှာ။ နောက်ထောင်ကျတော့ ကျွန်တော်က ထောင်ကျပုံစံခန်း၊ ဆရာဦးတင်လေးက ရဲဘက်ခန်ုး။ နောက် ကျွန်တော်က တောင်ယာဆောင် (၂)။ အခန်းအမျိုးမျိုးပြောင်းပေမဲ့ ဆရာဦးတင်လေးကတော့ ရဲဘက်ခန်းမှာပါပဲ။ ခုမြင်နေရတဲ့ထောင်ရဲ့ ညာဘက်ခြမ်းမှာ အန်တီတို့နေရတာ။ တောင်ယာဆောင်က ဘယ်ဘက်ခြမ်းမှာတည့်တည့်မှာက အချုပ်ပုံစံခန်း၊ ထောင်ကျပုံစံခန်း၊ (၂) ခန်း (၃) ခန်း၊ ရဲဘက်ခန်း၊ ညမီးခန်း၊ ညာဘက်အရှေ့ဘက်မှာ တိုက်၊ အရှေ့တောင်ဘက်မှာ အလုပ်ရုံဆရာ။
ဆရာမနှင်းပန်းအိမ် ရေဒီယိုကနေ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေရဲ့ တကယ့်ဘဝတွေအစီအစဉ်ထဲ ထည့်ပေးစေချင်လို့ မဟုတ်ပါ။ မှတ်တမ်းလေးတခု ကျန်ရစ်အောင်အတွက်သာ ဒီစာကိုရေးပါတယ်။ ကျွန်တော် ထွက်ပြေးရတာနဲ့ဆက်ပြီး အဖမ်းခံရ၊ ထောင်ကျရသူတွေဟာ နိုင်ငံရေးအကျဉ်းသားစာရင်းတွေထဲမှာ ပါ-မပါလဲ မသိပါ။ တတိယမြောက်သား၊ ပြည်တွင်းမှာ ပုန်းပြေးနေရတာလဲ ပုန်းပေးခဲ့သူကလွဲရင် မသိပါ။
ကျွန်တော့မိသားစုက NLD ထဲဝင်လုပ်တဲ့နိုင်ငံရေးနဲ့ စစ်အစိုးရရဲ့ဒဏ်တွေခံနေကြရချိန်မှာ၊ ရင်းနီးနေခဲ့တဲ့ အမျိုးတွေ၊ မိတ်ဆွေတွေထဲက တချို့ဟာ ရှဲသွားကြပေမဲ့ အရင်တုံးက ခပ်လှမ်းလှမ်းမှာနေခဲ့ကြတဲ့ အမျိုးတွေ၊ မိတ်ဆွေတွေက ပြည်တွင်းမှာ ကျန်ရစ်တဲ့ အန်တီအနားကို ရောက်လာကြတယ်။ တခါမှမတွေ့ဘူးသူတွေက အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်လာတာဟာ တသက်တာ မမေ့နိုင်စရာတွေပေါ့ဗျာ။ သူတို့နာမည်တွေကို အန်တီအေးက ပြန်ပြန်ရွတ်ပြနေဆဲပါ။ တချို့ဆိုရင် ကျွန်တော်နဲ့ လူချင်းတခါမှ မတွေ့ဘူးကြပါ။
ဆုံးသွားပြီဖြစ်တဲ့ သားအကြီးက မုံရွာအချုပ်ထဲရောက်ဖူးတာ သူ့အမေရဲ့ အရင်ပေါ့။ ကျွန်တော်ကတော့ မုံရွာဆေးရုံမှာ တာဝန်ကျရင်း ထောင်ဆရာဝန်ဆိုပြီး အလှည့်ကျသွားရဘူးတာနဲ့ ကျိန်းကျေသွားလား မသိဘူး။ အကိုလွတ်ပြေးသွားလို့ (၄) နှစ်အချခံရတဲ့ညီအရင်းကလဲ မုံရွာထောင်မှာဘဲ။ ညီက အစိုးရဝန်ထမ်းမို့ ကျွန်တော်တို့ကင်းရှင်းအောင်ကို အတော် သတိထားနေကြတာပါ။ တချက်ကလေးပြောစရာတော့ ရှိသွားတယ်။ သူကနေ ကျွန်တော့်ဆီကို အမေရိကန် သမတ ဘွတ်ရှ် (စီနီယာ) ရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ် လှမ်းပို့ဘူးတယ်။ သူ့ကိုစွဲချက်တင်တော့ ကွန်မြူနစ်တဲ့ဗျာ။ ဗခ ခင်ညွန့်ရဲ့ သတင်းစာရှင်းလင်းပွဲက ဇယားထဲမှာ ညီဖြစ်သူက (ယူဂျီ) တဲ့။ တူတယောက်ကနေ ဖေ့စ်ဘွတ်မှာ ဓါတ်ပုံတင်ပေးတယ်။ အဲဒီ (ယူဂျီ) က ဘုရားတဆူမှာ မီးလှူထားတယ်တဲ့။
တဖက်နိုင်ငံကနေ သိထားရသလောက် ဇနီးနဲ့ အမျိုးတွေ၊ မိတ်ဆွေတွေ အဖမ်းခံရတယ်။ ညီအရင်းကို ထောင် (၄) နှစ် ချတယ်။ နေအိမ်နဲ့ ဆေးခန်းကို ချိပ်ပိတ်ထားတယ်။ အိမ်ကို မနေရ၊ မပြင်ရ၊ မရောင်းရ၊ အငှားထားရ။ ဆရာဝန်လိုင်စင် (ဆမ) လဲ သိမ်းသွားတယ်။ ဒါလောက်သာ သိခဲ့ရတယ်။ ဇနီးက အဲဒီခါးသီးဘွယ်ရာ ဘဝဒဏ်ရာကြီးကို ပြောမထွက်လို့ တစစီတစစီသာ ပေါင်းစုနေရတယ်။ အနှစ် (၂ဝ) ကျော်ပေမဲ့ ခုထိ လုံးစေ့ပတ်စေ့ ဇာတ်စုံမခင်းနိုင်သေးပါ။
အန်တီကို မဖမ်းသေးခင် လွယ်အိတ်လေးလွယ်ထားတဲ့ အရပ်ဝတ်နဲ့လူတွေ ပုလဲအိမ်မှာ တပါတ်ခါ လာလာစစ်ကြတယ်။ ဟိုဟာရှာ။ ဒီဟာမေး။ မုံရွာကိုလဲ နှစ်ခါခေါ်စစ်သေးတယ်။ နောက်တော့ လွယ်အိတ်လွယ်တယောက်က အမကြီး ခုလို ခေါ်စစ်တာ မခံရအောင် ဒေါက်တာတင့်ဆွေကိုကွာရှင်းကြောင်း လက်မှတ်လေးထိုးပေးလိုက်ရင် အားလုံးရှင်းသွားမယ်၊ မလုပ်ချင်ဘူးလား။ အခုခေတ် ပုလဲမှာ သစ်ကွက်တွေနဲ့ ချမ်းသာနေကြတာတွေ မြင်တယ်မဟုတ်လား။ အမကြီးလဲ ဒီလို ဖြစ်လာမှာပေါ့၊ ဟဲဟဲဟဲ့။
ကျမနဲ့ကွာရှင်းပြီးမှ ဆရာကထွက်သွားတာမှ မဟုတ်တာ။ နိုင်ငံရေးခံယူချက်နဲ့ သစ်ကွက်မလဲခဲ့ပါ။ အကြင်လင်မယားဘဝနဲ့ အကျဉ်းသားဘဝမလဲခဲ့ပါ။
ဒေါ်မြမြအေးခင်မြာ သားသမီးလေးယောက်ကို ကျောင်းဆက်ထားရမှာမို့ အရောင်းအဝယ်လေး လုပ်ကြည့်ပါတယ်။ ဈေးဝယ်တွေ ဖေါက်သည်တွေကိုပါ ထောက်လှမ်းရေးဆိုသူတွေက ခြိမ်းခြောက်တာ ခံကြရတော့ ဘာစီးပွါးရေးမှ လုပ်မရပါ။ စုထားတာလေးတွေ ထုတ်ရောင်းပြီး၊ လေးနှစ်ကြာ အသက်ဆက်ခဲ့ရတယ်။ မုံရွာအထက်တန်းကျောင်း အမှတ် (၃) မှာ တက်နေရတဲ့ (၁ဝ) တန်းကျောင်းသူသမီးကို စစ်တပ်ကဘောလုံးပွဲလုပ်ရင် ပန်းစီးဆက်ဘို့ရာ လူရွေးပါတယ်။ ကွမ်းတောင်ကိုင်တွေလို ရုပ်ရည်ကြောင့် မဟုတ်ပါ။ (အင်နယ်လ်ဒီ) အမတ်ကို နာမ်နှိမ်တာသက်သက်ဖြစ်ပါတယ်။ အဲလိုနေ့များမှာ သမီးကျောင်းမသွားတော့ပါ။
ဒေါ်မြမြအေးကို မုံရွာထောင်ကနေ ရုံးထုတ်တော့ (၃၈ဝ) လို့ရေးထားတဲ့ စာရွက်တခုကို အကိုင်ခိုင်းသတဲ့။ ဘာလဲမသိ။ ကိုယ်ပိုင်နံပါတ်လားပေါ့။ ရှေ့နေကပြောမှ အဲဒါ ခိုးမှုတဲ့။ ဟာ့ ဘာခိုးလို့လဲ။ စက်ဘီးတဲ့။ သားသမီးနဲ့ ကူတဲ့သူတွေကလဲ များတော့ အိမ်မှာ စက်ဘီးဘယ်နှစ်စီးရှိလဲ ကျွန်တော်တကယ်မသိပါ။
နောက်တခေါက် ရုံးထုတ်တော့ (၆/၁) ရော ပါပြန်သတဲ့။ အဲတာတော့သိတယ်။ ဟာ့ ဘယ်ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစားလို့လဲ။ ထောက်လှမ်းရေးဆိုသူက ဘုတလင်က ရေစုပ်စက်၊ နောက်ထပ်ဘာမှ မမေးနဲ့တော့။ ဒါဘဲ့။ အမျိုးတွေကနေ စက်ဘီးအခိုးခံရသူ၊ ရေစုပ်စက်ပျောက်သူလို့ဆိုတာ လိုက်မေးတော့ ဘယ်မှာရှာမတွေ့ကြပါ။
ထောင်ထဲမှာ ခိုးတာရော ပြည်သူပိုင်ပစ္စည်းဆိုတာပါ ဘာတခွန်းမှ မမေးပါ။ ကျွန်တော် ဘယ်လိုဘယ်ပုံထွက်ပြေးသလဲ။ ဘယ်သူတွေက ကူညီသလဲသာ မေးတယ်။ မေးဘို့ရာ၊ စစ်ဘို့ရာ ညဥ့်နက်သန်းခေါင်မှာ ခေါ်တယ်။ အရပ်ဝတ်နဲ့ ရဲလား၊ ဘာလား၊ မိန်းတယောက်တော့ရှိပါရဲ့၊ သူများတွေက ဘာထင်ကြမလဲ။ အဲဒီတုံးက အသက် (၄ဝ) ဝန်းကျင်လောက်၊ အရွယ်ရှိပါသေးတယ် ပြောရမလား။ ဒီအမျိုးသမီး ညကြီးသန်းခေါင် တယောက်တည်း ခေါ်ခေါ်ထုတ်သွားတယ်၊ ဘာလဲ့ တွေးစေဘို့ တမင်တကာ လုပ်ကြံတာပေါ့။
ဆရာဝန်ကတော်ကိုထားတော့လဲ (အိတ်ခ်ျအိုင်ဗွီ) ရှိလောက်မဲ့ ကိုယ်ခန္ဓာရောင်းစားရရှာသူတွေနဲ့ တွဲထားတယ်။ ထောင်ထဲမှာ အဲဒီမိန်းကလေးတွေက အမကြီးက ဘယ်ရပ်ကွက်ကလဲ့။ မသိသူတွေက အန်တီကို (ကန်တော့ပါ) ခေါင်းပဲထင်နေကြတယ်။ ရောဂါပိုးတော့ ပါမလာပါ။ ဂုဏ်သိက္ခာကျစေအောင် နှိပ်စက်လိုက်တယ်ဆိုတာကို နှစ်တွေ အတော်ကြီးကြာမှ ကိုယ့်အဖြစ်ကိုသိလာရတယ်။
ကိုယ့်စစ်မေးတဲ့သူတွေကို နာမည်လဲမသိချင်၊ လူလဲမှတ်မထားဘူး၊ ခေါင်းထဲမှာကို မထားချင်၊ အသိအမှတ်ကို မပြုချင်တာပါလို့ နှစ်တွေအတော်ကြီးကြာတော့ ထွက်လာပါသေးတယ်။ ဗိုလ်ကြီး-ဗိုလ်မှူး ဘယ်သူကနေ မတရားမှု၊ ညစ်ပတ်မှုတွေ လုပ်တာမဟုတ် စစ်အုပ်စုကနေလုပ်နေတာသာဖြစ်တယ်ဆိုတာ သိထားလို့ပါ။
မုံရွာက ဗိုလ်ချုပ်ကြေးရုပ်နားမှာ အဲဒီတကယ့်အဖြစ်အပျက် ရှိခဲ့ပါတယ်။ လွှတ်ခါနီးတော့ မန္တလေးအိုဘိုထောင် ကြိုက်လား၊ အင်းစိန်ထောင်ကြိုက်လား။ အဲဒီမှာ ခင်များတို့လို နိုင်ငံရေးသမားတွေ အများကြီးရှိတယ့့်။ လွှတ်မဲ့ဟာတောင် စိတ်ကို နှိပ်စက်သေးတာ။ ကားကိုလှည့်ပတ်မောင်းပြီး၊ မုံရွာမြို့လည်ခေါင် ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကားပေါ်ကအဆင်းခိုင်းတယ်။ ထောင်ထဲမှာ တလနီးပါး ဝတ်စားထားရတဲ့ ဟောင်းနွမ်း ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ လူရုပ်ကို သူများတွေ အမြင်မခံချင်တာမို့ ယောက္ခမအိမ်အထိ အပို့ခိုင်းရတယ်။
ကျွန်တော့်အမှုနဲ့ဆက်ပြီး အန်တီနဲ့အတူ သူ့အမျိုးကိုယ့်အမျိုးနဲ့ မိတ်ဆွေ (၇) ဦးကိုလဲ မုံရွာထောင်ကြီးချုပ်မှာ ထားတယ်။ မိန်းမသားလဲဖြစ် ယောက်ျားနဲ့ သားတယောက်ကလဲ တိုင်းပြည်ကနေထွက်ပြေးကြရပြီဆိုတော့ အန်တီဟာ တရားဓမ္မ ဘယ်မှာသတိရနိုင်မလဲ။ ငိုယိုတယ်။ ဒေါသထွက်တယ်။ သောကမီးလောင်ပါတယ်။ ဒါပေမဲ့ သတ္တိလား၊ မာနလား၊ ဇာတိပြတာလား မပြောတတ်ပါ၊ အတူအချုပ်ခံနေရသူတွေက ဖြောင့်ချက်ပေးကြပြီ၊ တယောက်ကို (၂) နှစ်စီချမယ် ဆိုတော့ အန်တီက ငိုရင်းနဲ့ပြန်ပြောလိုက်တယ်။ အေ့း့ အဲဒီ (၇) ယောက်စာ (၁၄) နှစ်လုံးကို ငါတယောက်တည်း ကျခံမယ်ဟေ့
ဒီမိုကရေစီရေးအတွက် အကျဉ်းကျခဲ့ရသူတိုင်း၊ အချုပ်ကျခဲ့ရသူတိုင်း၊ ပုန်းရှောင်ခဲ့ရရသူတိုင်းကို လေးစားလျက့့်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment