Fake Medicines come from Neighbors ဆေးအတုတွေ ဘယ်ကနေလာသလဲ

ဆေးအတုတွေ ထုတ်လုပ်ရောင်းချတာနဲ့ ဆက်စပ်ပြီး တရုပ်ပြည်မှာ လူပေါင်း ၁၉ဝဝ ကို ဖမ်းဆီးလိုက်တယ်လို့ ၅-၈-၂ဝ၁၂ သတင်းအရ သိလာရတယ်။ ဒါကို တရုပ်အစိုးရရဲ့ Ministry of Public Security ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနကလဲ တရားဝင် ထုတ်ပြန်ပါတယ်။ တန်ဘိုးနဲ့တွက်ရင် အမေရိကန်ဒေါ်လာ ၁၈၂ သန်း ရှိပါတယ်။

- ဒါလောက်ထိ ဖမ်းမိပေမဲ့ ပြဿနာအရင်းအမြစ်ကို ရှင်းပြစ်ဘို့ရာ အဝေးကြီးလိုပါသေးတယ်
- တရုပ်ပြည်မှာ စစ်တပ်ဆိုရင် လူတွေကယုံကြသတဲ့
- အိမ်နီးချင်းများ ဆေးဝါးအတု ထုတ်ကြသည်
- မိတ်ဆွေစစ်ဆိုတာ ဆေးအစစ်တွေသာ ထုတ်တဲ့ နိုင်ငံတွေကိုသာ ခေါ်ချင်ပါတယ်။

ဖမ်းမိပေမဲ့ ပြဿနာအရင်းအမြစ်ကို ရှင်းပြစ်ဘို့ရာ အဝေးကြီးလိုပါသေးတယ်” လို့ အာဏာပိုင်တွေက ဝန်ခံပါတယ်။ နာမည်ကြီး ရောင်းကုန်တံဆိပ်တွေနဲ့ ဆေးတွေလဲ ပါနေတယ်။ သွေးတိုးကျဆေး၊ ဆီးချိုဆေး၊ အရေပြား လိမ်းဆေးတွေ နဲ့ ကင်ဆာဆေးတွေ ပါတယ်။ ဆေးဝါးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ State Food and Drug Administration ကနေ ပြောတာက တရားဝင် ခွင့်ပြုမထားတဲ့ ဓါတုပစ္စည်းတွေ တွေ့ရတယ်။ ဆေးအတုတွေထဲမှာ Sedatives စိတ်ငြိမ်ဆေးတွေ နဲ့ Hallucinogens စိတ်ကိုပြောင်းလဲစေနိုင်တဲ့ဆေးတွေ ပါနေနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“ဆေးဝယ်ရင် စိတ်ချရတဲ့ ဆေးရုံတွေ၊ ဆေးဆိုင်တွေကနေသာ ဝယ်ကြဘို့နဲ့ (အွန်လိုင်း)၊ (တီဗွီ) နဲ့ မဂ္ဂဇင်းတွေ ကနေ ကြော်ညာပြီး ရောင်းတာတွေကို သတိထားပါ” လို့ အကြံပြုထားတယ်။ ဒါကြောင့် ၂ဝ၁၁ ဒီဇင်္ဘာ ၂ ရက် သတင်းမှာ တရုပ် (ဝက်ဘ်ဆိုက်) ၃၁ ခုကို ဆေးအတုကြော်ညာမှုနဲ့ ပိတ်လိုက်ပါတယ်။

၂ဝ၁၁ ဒီဇင်္ဘာလ ၃၁ ရက်သတင်းအရ တရုပ်ပြည် အနောက်တောင်ပိုင်းမှာ ဆေးအတုလုပ်လို့ လူပေါင်း ၃၉ ယောက်ကို ဖမ်းခဲ့ပါသေးတယ်။ ဒေါ်လာ ၇့၃ သန်း တန်ဘိုးရှိတယ်။ တရုပ်ပြည် အနောက်တောင်ပိုင်းဆိုတာ မြန်မာပြည်နဲ့ ကပ်နေတဲ့ ဒေသ ဖြစ်ပါတယ်။ (ယွန်ဇီ-ဇောင်း) ဒေသမြို့တော် (နန်နင်း) ဟာ ဆေးအတုထုတ်ရာ ဌာနချုပ် ဖြစ်ပါတယ်။ Tramadol ဆိုတဲ့ အနာသက်သာဆေး၊ Amoxicillin (အမောက်ဆာစလင်) ပဋိဇီဝဆေး၊ Indigestion pills အစာကြေဆေး နဲ့ Male enhancement supplements ယောက်ျား အားတိုးဆေးတွေ ပါဝင်တယ်။ ဒီဆေးအတုတွေကို ကော်မှုံ့နဲ့ ဝက်အသဲတွေကနေ ထုတ်တယ်၊ ရောဂါတွေကို မပျောက်စေပါ။ တချီမှာ လူပေါင်း ၁၇၇ဝ ကို ဖမ်းခဲ့ပါတယ်။ ၂၆-၁ဝ-၂ဝ၁၁ သတင်းမှာ (ဂေါက်) ဆေး Meke Guzhibao ဟာ ဆေးအတု ဖြစ်တယ်လို့ သိရတယ်။

တရုပ်ပြည်မှာ စစ်တပ်ဆိုရင် လူတွေကယုံကြသတဲ့
၅-၂-၂ဝ၁၂ နေ့က သတင်းတခုမှာ တရုပ်စစ်တပ် (ဝက်ဘ်ဆိုက်) ကနေ ဆေးအတုတွေ ရောင်းနေလို့ လူ ၁၄ ယောက်ကို နေရာ ၃ ခုကနေ ဖမ်းခဲ့တယ်။ နောက်ပြီး ကမ္ဘာ့အကြီးဆုံး တပ်မတော်ကြီးဖြစ်တဲ့ People's Liberation Army (PLA) ရဲ့ (ဝက်ဘ်ဆိုက်) ၇ ခုကိုလဲ ပိတ်လိုက်တယ်။ အဖမ်းခံရသူတွေက “၂ဝဝ၈ ကတည်းကနေ ဆေးအတု ၁ဝ မျိုးကို (ဟူဘိုင်း) ဒေသကနေ ရောင်းနေတယ်” လို့ ဝန်ခံပါတယ်။ စစ်ဆေးရုံနာမည်သုံးပြီး လူတွေကိုအယုံသွင်းတာဖြစ်ပါသတဲ့။ ဒါကြောင့် စစ်တပ်ဆိုရင် ဟုတ်လှပြီထင်သူပေါင်း တသောင်းကနေ ဒေါ်လာ တသိန်းခွဲဘိုးနီးပါး (၁၄၆,၄၈၈) ဆေးအတုတွေ ဝယ်ခဲ့ကြပါတယ်။

အိမ်နီးချင်းကောင်းများ ဆေးဝါးအတု ထုတ်ကြသည်
၁၆-၈-၂ဝ၁၁ နေ့ကသတင်းမှာ China and India battle fake drugs “ဆေးအတုထုတ်တဲ့ နေရာမှာ တရုပ်နဲ့ အိန္ဒိယတို့သည် အပြိုင်ဖြစ်ကြသည်” လို့ ပါရှိတယ်။ ၁၈-၄-၂ဝ၁၂ နေ့ကသတင်းအရလဲ တရုက်ပြည်မှာ Pharmaceutical industry ဆေးဝါးစက်ရုံတွေကို မသမာမှုတွေနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။ (ခရိုမီယမ်) ဓါတ် များတဲ့ဆေးတွေ ထုတ်လုပ်တာကြောင့် လူ ၂၂ ယောက်ကို ဖမ်းခဲ့တယ်။ ဒီဓါတ်က ကင်ဆာကို ဖြစ်စေနိုင်တယ်။

“တကမ္ဘာလုံးမှာ ရောင်းချနေတဲ့ ငှက်ဖျားဆေးတွေထဲက ၃ ပုံ ၁ ပုံဟာ ဆေးအတုတွေဖြစ်တယ်” လို့ ၂၁-၅-၂ဝ၁၂ နေ့ ဘီဘီစီ သတင်းမှာ ပါခဲ့ပါတယ်။ သုတေသီတွေက ငှက်ဖျား ထူပြောရာ အရှေ့တောင်အာရှ (၇) နိုင်ငံမှာ ရောင်းနေတဲ့ ငှက်ဖျားဆေး နမူနာ ၁၅ဝဝ ယူပြီး စစ်ဆေးခဲ့တာပါ။ ဆာဟာရ အောက်ပိုင်း ၂၁ နိုင်ငံမှာလဲ ဆေးနမူနာ ၂၅ဝဝ ကို စစ်ဆေးတဲ့အခါ ဆေးယဉ်တာတွေ၊ ဆေးမတိုးတာတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ်။ ပုံထဲမှာ ညာဘက်ဆေးကအစစ်၊ ဘယ်ဘက်ဆေးက အတုဖြစ်ပါတယ်။

ပိုဆိုးတာက ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံနေထိုင်ရာ တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ စစ်ဆေးမှုတွေ ကြီးကြီး ကျယ်ကျယ် မလုပ်တာမို့ တကယ်ဘယ်လောက်အထိ ဆိုးနေသလဲ မသိနိုင်ပါ။ China selling fake 'Made in India' drugs တရုပ်ပြည်မှာ အိန္ဒိယကလာတဲ့ ဆေးအတုတွေ ရောင်းနေတယ်လို့ သတင်းတွေလဲ ရှိတယ်။

“အိမ်နီးချင်းကောင်းတွေပါ” “ပေါက်ဖေါ်တွေဖြစ်တယ်” “ဗျူဟာမြောက် မိတ်ဆွေဖြစ်ပြီ” စသဖြင့် သံတမန်စကားနဲ့ ဆက်ပြောနေကြရအုံးမှာပါ။

“မိတ်ဆွေစစ်ဆိုတာ ဆေးအစစ်တွေသာ ထုတ်တဲ့ နိုင်ငံတွေကိုသာ ခေါ်ချင်ပါတယ်။”

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၂

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး