One-man show တယောက်အားနဲ့တားသော်ရ၏

၂ဝ၁၅ ရွေးကောက်ပွဲကို သည်အတိုင်းသာကျင်းပမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလဲ တပြားသားမှမလျှော့၊ အပြောင်းအလဲ ဆိုတာလဲ တပဲသားထက်မပိုသေး၊ ဒီတော့ အာဏာဆက်လက် ဆုပ်ကိုင်ထားနေခြင်းကို တရွေးသားထက်ပေါ့မဲ့ပုံမရှိပါ။

ကြိုတင်မဲတွေ၊ ဖယောင်းသုတ်ချင်တာတွေ မလုပ်တော့ဘူးလို့ အာမခံမှာပါပဲ။ တရားမျှတပါမယ်လို့ အရင်ကလိုပဲ ထပ်ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေက ထူးပြီးကောင်းလာတာမရှိ၊ ကော်မရှင်ဥက္ကဋ္ဌလည်း အပြောင်းအလဲမရှိပါ။ ဒီလိုထိပ်ဆုံးကနေရာတွေမှာ အပြောင်းအလဲမရှိတဲ့သဘောဟာ အစုံလိုက် တဆင်စာလုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်။ လာမဲ့ကာလအတွက် နောက်တဆင်စာအစုံကိုလဲ ပန်းတိမ်အပ်ထားပြီးပုံရတယ်။

အမတ်နေရာ ၇၅% ကိုသာ မဲပေးကြရမဲ့သူတွေအတွက် မျော်လင့်ချက်တွေနည်းစေပါတယ်။ ဒို့ရွေးနိုင်တာက သမတလဲမဟုတ်၊ ဝန်ကြီးတွေလဲမဟုတ်၊ ယိုင်နဲ့နေတဲ့ တရားရေးမဏ္ဍိုင်ထဲက တရားသူကြီးတွေလဲမဟုတ်၊ ဒါကြောင့် ဥပဒေပြုရေးလုပ်ခွင့်ရကြမဲ့ အမတ်တွေကိုတော့ တို့ကြိုက်တာပေးကြမယ်လို့ အားသွန်ခွန်စိုက်ရှိလာနိုင်လို့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နင်လားငါလား အဖြေရစရာအကြောင်းရှိနိုင်ပါတယ်။

လူထုကမရွေးသူတွေအရေအတွက် အပြောင်းအလဲမရှိသေးလို့ လွှတ်တော်အသံက လူထုကိုရောင်ပြန်မဟပ်သေးတာက ဆက်ပြီးမဟပ်ပဲရှိနေပါမယ်။ ပြီးခဲ့တဲ့ ၃-၄ နှစ်ကိုကြည့်ရင် အသံသာရှိအဆံဆိုတာ ကျည်ဆံသာဖြစ်ပါတယ်။

သူများတိုင်းပြည်တွေမှာ ဖွဲ့စည်းပုံကနေ သမတလုပ်ခွင့်ကို ကန့်သတ်ထားတဲ့အခါ ဆက်လုပ်ချင်သေးတဲ့သမတက အဲဒီဖွဲ့စည်းပုံကို မရရအောင်ပြင်ကြတယ်။ ၁၉၉၅ တုံးက အာဂျင်တီးနာမှာလုပ်ခဲ့တယ်။ ရုရှားသမတ ဗလာဒီမာ ပူတင် ကတော့ တကိုယ်တော်သမား။ သူ့အတွက်ပဲသူကြည့်တဲလူ။ မြန်မာပြည်မှက အုပ်စုလိုက်။ သူ့အုပ်စုအတွက်သူ ကြည့်ကြတယ်။ နောက်လူတက်မလာအောင် ပြင်မဖြစ်အောင်ပိတ်ထားကြတယ်။

သမ္မတက ဖွဲ့စည်းပုံကို လွှတ်တော်ကသာပြင်နိုင်လို့ သမ္မတရော ကာချုပ်တို့မှာပါ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးတဲ့။ သမတက စာအုပ်ကြီးအတိုင်းပြောနေတာပါ။ စာအုပ်ကြီးကိုရေးခဲ့တဲ့ရည်ရွယ်ချက် မရိုးသားတာကို မသိချင်ယောင်ဆောင်ထားတယ်။ ကာချုပ်ဟာ ၂၅% ကိုကိုင်ထားသူဖြစ်လို့ ကာချုပ်မှာ ၄ ပုံ ၁ ပုံတာဝန်ရှိတယ်။ အမှန်က ၂၅% သာမကပါ။ ဗီတိုအာဏာကို ထုတ်သုံးလိုက်ပါပြီ။

နိုင်ငံရေးနည်းနဲ့ဖြေရှင်းမရတာမျိုးကို စစ်ရေးနည်းနဲ့ဖြရှင်းရတတ်လို့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ဆက်နေသင့်တယ်လို့ ပြောတယ်။ ကနေ့ကမ္ဘာမှာ သူများနိုင်ငံတွေဆီ တခုပြီးတခု စစ်သွားတိုက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ ဖွဲ့စည်းပုံအရကို သူ့နေရာမှန်မှာသာရှိပါတယ်။ မြန်မာ့တပ်မတော်ကတော့ ကိုယ့်နိုင်ငံထဲက နိုင်ငံရေးပြဿနာမှန်သမျှကို စစ်ရေးနည်း၊ စစ်ရေးအမြင်နဲ့သာ ဖြေရှင်းနေခဲ့တာ နှစ်ပေါင်း ၅၂ နှစ်ရှိနေပြီ။ ဘယ်ဟာတွေအောင်မြင်ခဲ့ပါသလဲ။ ပြည်တွင်းစစ်လဲ မရှင်းနိုင်ခဲ့ပါ။ တိုင်းပြည်တိုးတက်လာပါသလား။ စစ်တပ်ပါတာ နည်းနည်းလျှော့တော့ နည်းနည်းကောင်းလာသလိုရှိလာတာ မဟုတ်လား။

ကနေ့အခင်းအကျင်းတွေဟာ စစ်အစိုးရကနေ အကွက်ချထားတဲ့ ပုံစံသာဖြစ်တယ်။ လူတွေက ဒေါ်စု သမ္မတဖြစ်ရဘို့ ပြင်ချင်နေကြတာမဟုတ်ပါ။ အဲလိုဖြစ်ချင်သူတွေလဲ အများကြီးရှိတာတော့ မငြင်းပါ။ နိုင်ငံရေးအသိ ရှိသူတွေကတော့ အဲလိုအကွက်ချစီစဉ်ထားမှုကို ဖျက်ချင်ပြင်ချင်ကြာတာဖြစ်တယ်။ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံဆိုတာ လူထုကနေ အကွက်ချရတာဖြစ်ရပါတယ်။

သမ္မတကပဲပြောပါတယ်။ လွှတ်တော်နဲ့ ပြည်သူလူထုက အရေးအကြီးဆုံးပဲတဲ့ဗျာ။ ဖွဲ့စည်းပုံပြင်ပါလို့ လက်မှတ်ပေါင်း ၅ သန်းကျော် ထိုးထားတယ်။ ငါးသန်းအားနဲ့ယူသော်မရ ဆိုရိုးစကားသစ်ပေါ်လာပြီပေါ့ဗျာ။ တယောက်အားနဲ့ တားသော်ရ၏လို့ပါ ဆက်ပြောရတော့မယ်။ ဘယ်တယောက်လဲ။ ကာချုပ်က မဟုတ်ပါဘူးငြင်းရင်တော့ ကာချုပ်အထက်ကလူ ဖြစ်မယ်ပေါ့။ သေချာတာတော့အုပ်စုတခု။ စစ်တပ်မဟုတ်ရင် စစ်ထွက်အုပ်စု။

One-man show ဆိုတာ တကိုယ်တော် Solo ဖျော်ဖြေတာပါ။ Comedian လူရွှင်တော်က အသုံးတော်ခံတာမျိုး မြန်မာ့နိုင်ငံရေးမှာတော့ Villain လူကြမ်းကဇာတ်လိုက်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး