Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည်

၃၁-၅-၂ဝဝ၆ နေ့တုံးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်၊ ဒီစီ မှာ ကျန်းမာရေးဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။ ခေါင်းစဉ်က “Counterfeit Drugs and China ဆေးအတုနဲ့တရုပ်ပြည်” ဖြစ်ပါတယ်။

“William Sutton (ဝီလီ-ဆူတန်) ကို FBI “မင်းဘာလို့ ဘဏ်တွေကိုဓါးပြတိုက်သလဲလို့ မေးတော့ “ဟာ ပိုက်ဆံက အဲဒီမှာဘဲ ရှိတာကိုး” လို့ဖြေတယ်။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် ကနေ့ကာလမှာ ဆေးအတုသာထုတ်ပါလိမ့်မယ်” လို့ FDA အစားအသောက်နဲ့ဆေးဝါး အာဏာပိုင်အဖွဲ့ရဲ့ ဆေးဝါးအတုနှိမ်နင်းရေးတာဝန်ခံ Peter Pitts (ပီတာ-ပစ်) က နိဒါန်းပျိုးလိုက်ပါတယ်။ (ဝီလီ-ဆူတန်) ဟာ အမေရိကန် သမိုင်းဝင်ဘဏ်ဓါးပြတယောက်ပါ။ သူ့အသက် (၁၉ဝ၁-၁၉၈ဝ) ၄ဝ အတွင်း တဝက်လောက်က ထောင်ထဲမှာသာ နေခဲ့ရပေမဲ့ ဒေါ်လာ သန်း ၂ဝဝဝ လောက် ဓါးပြတိုက်ပြီးရခဲ့ပါတယ်။

သတင်းဆိုးကတော့ ဒီလိုဆေးဝါးအတုစီးပွါးရေးလုပ်ငန်းက တိုးသထက်တိုးလာနေတာပါဘဲ။ သူ့တွက်ချက်မှုအရ တကမ္ဘာလုံးမှာ ၁၃% တိုးနေပါသတဲ့။ တရားဝင်ဆေးဝါး ရောင်းဝယ်ရေးထက် နှစ်ဆတိုးနေတာဖြစ်ပါတယ်။ ၂ဝ၁ဝ ထဲမှာ တရားမဝင် ဆေးရောင်းဝယ်ဖေါက်ကားမှုကနေ ဒေါ်လာ ၇၅ ဘီလျန်တန်ဘိုးရှိပြီး၊ ၂ဝဝ၅ ထက် ၉၂% တိုးတာဖြစ်တယ်။ "အမြတ်ကများ၊ စွန့်စားရတာကနည်းလို့ မိစ္ဆာ နဲ့ ဒိဌိ တွဲတားသလိုပါဘဲ။"

ဆေးဝါးအတုရဲ့ ပင်ရင်းက အာရှကနေလာပါတယ်။ ပြီးတော့ အာရှတိုက်၊ အာဖရိကတိုက်တွေထဲရော၊ အမေရိကားနဲ့ ဥရောပတိုက်အထိပါ ရောက်တယ်။ တရုပ်က အချက်အခြာ ဌာနချုပ်ဖြစ်ပါတယ်။ ၂ဝဝ၁ ခုနှစ်မှာ တရုပ်အာဏာပိုင်တွေက ဆေးစက်ရုံပေါင်း ၁၃ဝဝ ကို ပိတ်ပြစ်ရပါတယ်။ နောက်ပြီးဆက်စပ်နေတဲ့ ဒေါ်လာ ၅၇ သန်းတန်ဘိုးရှိတဲ့ အမှုပေါင်း ၄ သိန်း၊ ၈ သောင်းကို စစ်ဆေးရခဲ့ပါတယ်။

တရုပ်ဆေးဝါးအာဏာပိုင်အဖွဲ့ State Food and Drug Administration (SFDA) ကနေ ၂ဝဝ၅ ဇန္နဝါရီနဲ့ နိုဝင်္ဘာလ အတွင်း ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ပေါင်း ၁၁၄ဝဝ ကို ဖျက်လိုက်တယ်လို့ ကြောညာခဲ့ပါသေးတယ်။ သူများနိုင်ငံတော့ စာရင်းမရှိသေးပါ။ တရုပ်ပြည်မှာ ဆေးအတုနဲ့ အရည်အသွေးမမီတဲ့ဆေးတွေကြောင့် သေဆုံးရသူပေါင်း တနှစ်မှာ ၂ သိန်း ကနေ ၃ သိန်းအထိရှိပါတယ်။ ၂၉-၄-၂ဝဝ၆ နေ့က တရုပ်ကျန်းမာရေးဌာန ကြောညာချက်ထဲမှာ အရင်နှစ်ထဲ ဆီးချိုဆေး (အတု) ကြောင့် သွေးအဆိပ်သင့်ဖြစ်ရတာ လူနာ ၃ ယောက် ရှိတယ်လို့ပါတယ်။ ဆေးနာမည်က Glucobay ဖြစ်ပါတယ်။

တိုင်ဝမ် မှုခင်းဌာန Criminal Investigation Bureau (CIB) ကနေ ဆေးအတု ဒေါ်လာ ၉ သန်းဘိုး ဖမ်းဆီးရမိတယ်လို့ ကြောညာချက်ထုတ်ထားပါတယ်။ ဆေးတွေထဲမှာ Cold treatments အအေးမိပျောက်ဆေး၊ Gastrointestinal medicines အစာလမ်းအတွက်ဆေး၊ Sedatives စိတ်ငြိမ်ဆေး၊ Anti-obesity လူပိန်ဆေး၊ Erectile dysfunction drugs ပန်းသေ-ပန်းညှိုးဆေးတွေအပြင် အမျိုးအမည်မသိနိုင်တဲ့ ဆေးအလုံးပေါင်း ၂ သိန်း ၁ သောင်းပါတယ်။ အားလုံးဟာ တရုပ်ကနေလာတာပါ။

မကြာသေးခင်က (ဟောပြောချက်လုပ်တဲ့ကာလ) နယူးယောက် နဲ့ မိုင်ယာမီလေဆိပ်တွေမှာ ရှောင်တခင်စစ်ဆေးရာကနေ တားမြစ်ဆေး ၂၅ မျိုး ဖမ်းဆီးရမိတယ်။ Diazepam, Codeine, Valium, and Anabolic steroids ဆေးတွေဖြစ်ပြီး အများစုက တရုပ်ကနေ လာတယ်။

သူ့ရဲ့ တင်ပြချက်ကို တရုပ်စကားပုံလေးတခုနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
“An ant may well destroy a whole dam ပုရွက်ဆိပ်လေးတကောင်ကနေ တာတမံတခုကို ကောင်းကောင်းကြီး ဖျက်ဆီးပြစ်နိုင်တယ်။”

ပုရွက်ဆိပ်နှိမ်နင်းရေး အရေးကြီးနေပြီ။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး