Victims of Era ခေတ်၏သားကောင်များ

ကွန်မင့် = အထက်တန်းမှာ ကျွန်တော်တို့သင်ခဲ့ရတဲ့ သမိုင်းနဲ့ ပထဝီဘာသာတွေကို Bio ဘာသာတွဲယူတဲ့သမီးက မသင်ခဲ့ရဘူး။ တနင်္သာရီကို မြို့ရော တိုင်းပါရှိတာကို သူမသိဘူး။ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့တိုင်းနဲ့ ပြည်နယ်တွေကို မပြောပြတတ်ဘူး။ သမိုင်းကျတော့လဲ အလောင်းဘုရားနဲ့ ဗန္ဓုလကို ညီအကိုလို့ထင်နေတယ်။ ကုန်းဘောင် နောက်ဆုံး မင်းဆက်လို့မေးရင် မသိဘူး။ မန္တလေးကနေ အင်္ဂလိပ်ဖမ်းသွားတဲ့ဘုရင်ကိုတောင် သူ့ကျွန်မခံပြီရုပ်ရှင် ခဏခဏကြည့်ရလို့ သီပေါမင်းလို့ပြောနိုင်တာ။ မြန်မာနိုင်ငံရဲ့သမိုင်းနဲ့ ပထဝီကိုတောင် သေသေချာချာမသိတဲ့ ကလေးတွေအတွက်ကတော့ မြန်မာစာသတ် ပုံမှန်အောင်ရေးဖို့ကတော့ ဝေလာဝေးပေါ့ ဆရာရယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကရေးထားခဲ့တာလေး ပြန်တင်ပါရစေ။

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါးနဲ့ ၁၂-၁၂-၂ဝဝ၈ နေ့က RFA ကလွှင့်တဲ့ ဆေးတက္ကသိုလ်ဘွဲ့များ ဆေးကုသခွင့် လိုင်စင်ရရေးခက်ခဲဆိုတဲ့ သတင်းနှစ်ပုဒ်လုံး တပြိုင်နက်ဖတ်ရတယ်။ နောက်ဆုံးနှစ်ဆေးကျောင်းသားတွေ စာမေးပွဲဖြေတော့ အသည်းနေရာကို မှန်အောင်မပြတတ်ဘူးတဲ့။ ၁၉၇၈ နောက်မှာ မြန်မာပြည်ကအောင်တဲ့ ဆေးပညာဘွဲ့ကို အင်္ဂလန် GMC က အသိအမှတ်မပြုတော့ပါ။ အတော်စိတ်ထိခိုက်မိပါတယ်။ ခံပြင်းလည်း ခံပြင်းတယ်။ ကျောင်းသား လူငယ်တွေကို သနားမိတာရောပါတယ်။ စနစ်တကျဖျက်ဆီးခံနေကြရတာပါ။

သမတသစ်ကနေ သူ့အုပ်ချုပ်ရေးအဖွဲ့အတွက် လူရွေးနေတုံးက အကောင်းဆုံးဦးနှောက်တွေဆိုပြီး အမွှန်းတင်ထာ ကြားလိုက်မိကြမှာပါ။ LDC အဆင်းရဲဆုံးစာရင်းဝင်ဘဝကနေ ရုန်းထွက်နေရချိန်မှာ ဘယ်သူကအုပ်ချုပ်နေနေ၊ တိုင်းပြည်ရဲ့ ဦးနှောက်ကို မသုံးဘူးဆိုရင်၊ အခုအနှစ် ၂ဝ ကျော်လာလို့ လွတ်လမ်းမမြင်သေးတာ ဘယ်ဆန်းမလဲ။

ကျွန်တော်တို့ LDC လူမွဲစာရင်းက လွတ်ဘို့၊ သူများတွေနဲ့ ယှဉ်နိုင်ဘို့၊ ဖြစ်နိုင်ရင်ကျော်တက်ဘို့ဆိုတာ ဗျူဟာကျတဲ့ စိန်ခေါ်ချက်ပါ။ စေတနာပါတဲ့အမြင် ရှိတယ်ဆိုရင်၊ လူ့ဦးနှောက်ကောင်းတွေကို အနှစ် ၂ဝ နဲ့သင်ကြား၊ မွေးထုတ်နိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ သိပ်ဝေးလံခေါင်ဖျားတဲ့နေရာတွေက လူတွေအတွက်ရော၊ ဆင်းရဲတဲ့ လူတွေအတွက်ရော၊ နောက်ပြီး အမီလိုက်နိုင်ရေး ဦးတည်ချက်ရော စုစပ်ပြီးသကာလ ဗျူဟာအတို-အရှည်ချ လုပ်ရပါလိမ့်မယ်။

ကျောင်းတက်ဘူးသူတိုင်း သိကြမှာပါ။ အတန်းတတန်းမှာ လူတော် ၁ဝ ယောက်လောက်ရှိနိုင်တယ်။ ထူးချွန်တဲ့သူ ၂ ယောက်လောက် ပါနိုင်တယ်။ ကျောင်းတိုင်းလိုလိုကနေ ရွေးထုတ်နိုင်တာမျိုးပါ။ လူတော်လေးတွေတွေ့ပါပြီတဲ့၊ သူတို့ကို သင်ပေးမဲ့ပညာက ခပ်ရှော်ရှော် ဖြစ်နေရင်လဲ၊ မဟုတ်သေးဘူး။ ပညာခေတ်ဆိုပြီး ထောက်ပြနေတာတော့ရှိပါရဲ့၊ လုပ်ပေးရမဲ့သူက မလုပ်တော့ ထမင်းဆာနေတဲ့ လူအနား ဟင်းလျှာကောင်း အနံ့မွှေးပေးနေရင် ဆာနေသူအဖို့ ပိုပြီး ဒေါသကြီးပါလိမ့်မယ်။

မြန်မာနိုင်ငံသားတွေဟာ လူမျိုးတိုင်းလူမျိုးတိုင်း ထူးခြားတတ်ကြသလို ထူးတာတွေရှိတာပါ။ တီထွင်တတ်တယ်။ အသစ်ထွင်တာထက် မရှိ-ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့အတတ်ကို ဗမာတွေကို အခြေအနေက သင်ပေးထားခဲ့တယ်။ အဲလိုလူစားတွေထဲမယ် စက်ဆရာတွေရော၊ ဆေးဆရာတွေရောပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန်ကားတွေကို သုံးရအောင်ပြင်တဲ့အတတ်၊ အပိုပစ္စည်း မသွင်းလို့ ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့ စက်မျိုးစုံဆိုတာတွေကို တန်ဖိုးထား သုံးရတဲ့ဘဝတွေကို အနှစ် သုံးဆယ်မက ဖြတ်သန်းခဲ့ရပြီးပြီ။ အခုလဲ ပိတ်ထား-ဆို့ထားတာကို ကျော်ဖြတ်-ခွတက်တဲ့နည်းတွေ တတ်နေကြရပြန်ပြီ။

ကျွန်တော်ကိုယ်တိုင် ဘာကိရိယာပစ္စည်း၊ အဆောက်အဦမှ မယ်မယ်ရရမရှိတဲ့ တောနယ်မှာ တာဝန်ကျတုံးက မေဂျာ အော်ပရေးရှင်းအထိ မဖြစ်မနေလုပ်ပေးခဲ့ရတယ်။ လက်သရမ်းချင်တာ မဟုတ်ပါ။ ဆေးရုံကြီးသွားဖို့၊ လူနာတွေမှာ အချိန်လည်းမရှိ၊ ငွေလည်းမရှိကြပါ။ ငွေရှာနိုင်အုံးတော့ လမ်းမပေါက်ပါ။ ဒီတော့ တောဆရာဝန်တွေအဖို့ ဘယ်လမ်း ရွေးရပါမလဲ။ ထိုင်ကြည့်မလား၊ ကိုင်ကြည့်မလား။ ဒီလိုနည်းနဲ့ တောမှာ တာဝန်ကျတဲ့ ဆရာဝန်တိုင်း အထွေထွေ အထူးကုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဘယ် (တိုဖယ်) မှ မဖြေဘူးကြပါ။ ခြေစခေါင်ဆုံး ခွဲရတယ်။ ကလေး၊ သားဖွါး-မီးယပ်၊ အရိုး၊ မျက်စိ အကုန်လုပ်နိုင်တယ်။

စာတကြောင်းထဲ ခြုံလိုက်ရင် သဘာဝအရအစွမ်းရှိနေပြီးသား ဦးနှောက်တွေကို သွေးပေး၊ မွေးပေးဘို့ စေတနာ အလျဉ်းမရှိတဲ့ စနစ်ကြီးသည်သာ တရားခံဖြစ်တယ်။

Dr. တင့်ဆွေ
၁၂-၁၂-ဝ၈
၂၂-၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)