Food for thought ၂ဝ၁၅ စဉ်းစားချက်တချို့

လာမဲ့ရွေးကောက်ပွဲမှာ NLD က သပိတ်မှောက်မှာ ရာနှုန်းပြည့်သေချာတယ်လို့ တနေရာမှာ ပုံနှိပ်ဖေါ်ပြတာတခု တွေ့လိုက်ပါတယ်။ သပိတ်ခေတ်စားနေလို့ ပေါ်ပြူလာဖြစ်ချင်တဲ့ သတင်းလားတော့ မသိပါ။ NLD က အခုထိတော့ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူး မပြောသေးတာလည်းရှိပါတယ်။

ဘယ်လိုအဆုံးဖြတ်မှာမဆို အပေါင်းရော အနုတ်ပါဖြစ်နိုင်တာတွေရှိတယ်။ ၂ဝ၁ဝ တုံးက ရွေးကောက်ပွဲကိုသပိတ်မှောက် (NLD ရဲ့ တရားဝင်အသုံးမဟုတ်ပါ) လို့ NLD ကို ဝိုင်းပြီးချီးမြှောက်ခဲ့ကြသူတချို့က တက်ကြွသူတွေဖြစ်တယ်။ နိုင်ငံရေးမှာ ကာယကံရှင်၊ မဟာမိတ်၊ အတိုက်အခံ၊ တက်ကြွသူ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာတို့က တမျိုးတဘာသာစီ ပြောကြ ဆိုကြ ရေးသားကြတာထုံးစံပါ။ တက်ကြွသူတွေထဲမှာ လက်ခုပ်တီးပေးဘို့နဲ့ အော်ဟစ်လှောင်ပြောင်ဘို့သာ လုပ်ကြသူတွေက မနည်းလှပါ။ မီဒီယာမှာလည်း ပေါ်ပင်လိုက်ကြတာမျိုးက တကယ်ရှိတယ်။

ကာယကံရှင်က အရေးအကြီးဆုံးပါ။ NLD ဘယ်လိုလာမလဲ။ စောသေးပါတယ်။ စဉ်းစားထားချက်တွေတော့ ရှိထားမှာ အမှန်ပါ။ နိုင်ငံရေးအဆုံးအဖြတ်ဆိုတာ နောက်ဆုံးမိနစ်မှ ချရတာမျိုးလည်းရှိတတ်တယ်။ ကိုးလအထိတော့ မစောင့်ရနိုင်ပါ။ အလွန်ဆုံးခြောက်လပေါ့။ ဒီနှစ်ဝက်အတွင်း ဖြစ်နိုင်ခြေတွေတွက်ရင် အကောင်းရယ်လို့တော့မမြင်လှပါ။ အကောင်းဆိုတာ ဖွဲ့စည်းပုံပြင်နိုင်ရေးနဲ့ ရွေးကောက်ပွဲဝင်လို့ ရလာနိုင်တဲ့အကျိုးကျေးဇူးတွေပြောတာ။ အမတ် ၁ဝဝ အရွေးခံရလို့ တယောက် ၁ဝ သိန်းနဲ့မြှောက်လို့ရမှာကိုပြောတာ မဟုတ်ပါ။

၂ဝ၁၂ ကြားဖြတ်ကိုဝင်တော့ NLD ကနေ လူထုကိုပြောခဲ့တာ (၃) ချက်ရှိတယ်။ ၂ နှစ်အတွင်း လိုချင်တာတွေ မရသလောက်ပါ။ ရအောင်တော့ အသေအလဲလုပ်ခဲ့ပါတယ်။ ဆက်လုပ်အုံးမှာပါ။ မရလို့ သည်အတိုင်းသာဆိုရင် နောက်တခါ မဲတောင်းချင်ရင်တော့ မျက်နှာပူရတော့မယ်။ NLD က ဘယ်တုံးကမှ မျက်နှာပြောင်မတိုက်ခဲ့ပါ။

ဖွဲ့စည်းပုံကို အဓိကကျတာတွေမပြင်နိုင်ပဲ နောက်ရွေးကောက်ပွဲသာဝင်ရရင်၊ ပြီးခဲ့တဲ့ ၂ နှစ်ကနဲ့ ထူးစရာမရှိသလောက်ပါ။ အမတ်ဦးရေ ပိုရနိုင်ပါတယ်။ ဒေါ်စုက နောက်ကော်မရှင်တွေမှာ ဥက္ကဋ္ဌလုပ်ရအုံးမယ်။ နိုင်ငံတကာဧည့်သည်တွေနဲ့လည်း အတိုက်အခံခေါင်းဆောင်၊ ပါတီခေါင်းဆောင်တယောက်အနေနဲ့တွေ့ရမယ်။ ဟိုနိုင်ငံတွေ၊ သည်ကွန်ဖရင့်တွေမှာ ဟောရ ပြောရမယ်။ အားမနာတမ်းပြာရရင် ခေတ်ဟောင်းသီချင်းကို စတီရီယိုလုပ်ဆိုသလိုနေမယ်။

အာဏာယူထားသူတွေဖက်မှာတော့ လူနည်းနည်းပြောင်းမယ်။ အကျင့်စရိုက်ကတော့ ၁၉၈၈ နဲ့ ခြားနားစရာမရှိပါ။ ခေတ်ဟောင်းသီချင်းကို ဟစ်ပ်ဟော့လုပ်ဆိုသလိုပေါ့။

NLD ရွေးကောက်ပွဲမဝင်ခဲ့ရင် ဘာဖြစ်မလဲ။ အာဏာဆုပ်ကိုင်ထားသူတွေက သိပ်ပူပင်မှာမဟုတ်ပါ။ အာစီယန်အိမ်ရှင် နောက်တခါဖြစ်ဖို့က လိုသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အထိုက်အလျှောက်ဆက်ရှိနေအုံးမှာပဲ။ ဒါပေမဲ့ ဘင်္ဂလားဒက်ရှ် လိုတော့ စခန်းသွားလို့ရမှာမဟုတ်ပါ။ ထိုင်းလိုလည်း ဖြစ်အုံးမှာမဟုတ်ပါ။ တိုင်းပြည်စီးပွါးရေးမှာ အတော် အားနည်းလာပါလိမ့်မယ်။ လူတွေရဲ့မကျေနပ်မှုတွေ အဆများစွာတိုးပါမယ်။ ဖိနှိပ်မှုတွေလဲ ဆိုးသထက်ဆိုးပါမယ်။ သေနတ်ပစ်ခံရတာတွေ၊ မီးလောင်တိုက်သွန်းတာတွေ ထပ်လာမှာပဲ။ ရေမွန်းပြီးသေစေတာမျိုး မဖြစ်ဘူးမပြောနိုင်ပါ။

သမိုင်းကို ခေါက်ထားချင်ထားနိုင်ပေမဲ့ ပထဝီဆိုတာကို မစဉ်းစားလို့မရပါ။ အိမ်နီးချင်းတွေနဲ့ အနောက်နိုင်ငံတွေက မျက်စိလည်းကျ၊ သွားရည်လည်းကျ၊ အမြီးကစတိုးဝင်ခဲ့တာ ခါးအထိရောက်နေပြီ။ နောက်တက်မဲ့အစိုးရ သူတို့အစိုးရ လုပ်ဘို့ကြိုးစားနေတယ်။ ဒီလောက်တော့ ခေါင်းဆောင်လုပ်နေသူတွေနဲ့ ခေါင်းဆောင်လုပ်မဲ့သူတွေက သိပါတယ်။ ဆိုးတာက အာဏာအကျိုးစီးပွါးအတွက် ဒီအကွက်ကိုသုံးနေခဲ့တာက ကြာလွန်းနေပြီ။ အပြောင်းအလဲဆိုတာ ရှောင်ချင်အုံးတော့ ရှောင်မရပါ။ မထင်မှတ်တာမျိုးလည်း ဖြစ်တယ်။

NLD သာ ရွေးကောက်ပွဲမဝင်ခဲ့ရင် NLD မှာ ရှုံးစရာရှိပေမဲ့ မများပါ။ အာဏာယူထားသူတွေလည်း ပြုံးနိုင်ကြမှာမဟုတ်ပါ။ လူ့ရှေ့မှာတော့ ပြုံးပြမှာပဲ။ ရေသာခိုချင်သူတွေကတော့ ကြိုက်မှာမဟုတ်ဘူး။ အခုနေသာလွှတ်တော်ပြင်ပနိုင်ငံရေးလို့ ပြောနေကြတာ။ အဲလိုသာ ဖြစ်လာရင် ဖွဲ့စည်းပုံပြင်ပနိုင်ငံရေးအစစ်အမှန် ပေါ်လာမယ်။ ဆက်တွေးစရာတွေ အများကြီး ရှိပါသေးတယ်။ သည်ကြားထဲမှာ လုပ်နိုင်ရင် လုပ်နိုင်သလောက် ကံကောင်းကြပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)