Microgynon ကိုယ်ဝန်တားဆေးနှင့် ဖေ့စ်ဘွတ်ကိုးကွယ်သူများ

ဆရာမင်္ဂလာပါ။ သမီးက ဆေးကဒ်သုံးတဲ့အိမ်ထောင်ရှင်ပါ။ သမီးဆေးကဒ်သောက်တာ သုံးလုံးရှိသွားပါပြီ။ အခု သောက်နေတဲ့ဆေးကဒ်က MlCRoGyNON ပါရှင့်။ fb မှာဖတ်လိုက်ရပါတယ်။ ဒီဆေးကဒ်သောက်လို့ သေသွားတယ်ဆိုတာ။ သမီး နောက်တစ်ကဒ်ပြောင်းသောက်ရင် ကိုယ်ဝန်ရသွားမှာ လားဆရာ။

FB ခေါ် ဖေ့စ်ဘွတ်မှာတင်တဲ့ပို့စ်တိုင်းဟာ တခိုးဣဒ္မိပါဒ်နဲ့ပြည့်စုံတယ်လို့ ဘာကြောင့်မှတ်ယူနေကြပါသလဲ။ ကျန်းမာရေးနဲ့ ဆေးအကြောင်းကို ဆရာဝန်တွေကပြောတာမဟုတ်လည်း ဖေ့စ်ဘွတ်မှာတင်တာကို မှတ်သားလိုက်နာကြတယ်။ တချို့က အဲတာထက်ဆိုးတယ်။ ဘုရားဟောတာထက်ပိုပြီး ဖေ့စ်ဘွတ်မှာတင်တာကို ယုံကြည်လက်ခံလိုက်နာကြတယ်။

• Microgynon ကိုယ်ဝန်တားဆေးထဲမှာ Ethinylestradiol နဲ့ Levonorgestrel ခေါ်တဲ့ဟော်မုန်း ၂ မျိုးတွဲပါတယ်။ Oestrogen နဲ့ Progesterone ဟော်မုန်းတွေကို ဓါတ်ခွဲခန်းမှာထုတ်လုပ်ထားတာတွေဖြစ်တယ်။ Monophasic pill အမျိုးအစား တားဆေးဖြစ်တယ်။
• မျိုးဥမထွက်စေဘဲ၊ မျိုးဥထွက်ပြီးသယောင်ဖြစ်စေတယ်။ သားအိမ်အဝကအချွဲကိုလဲ စေးပျစ်စေတယ်။ သားအိမ်အတွင်းဆုံးနံရံကိုလဲ သန္ဓေဖြစ်လာအုံးတော့ မကပ်စေအောင်ဖြစ်စေတယ်။
• ဆေးသောက်ထဲ့လတွေမှာ ရာသီဆင်းတာနည်းစေမယ်။ နာတာလဲသက်သာမယ်။ ရာသီလမှန်စေမယ်။
• တရက် ၁ လုံး၊ ပေါင်း ၂၁ လုံးကိုသောက်ရမယ်။ ၇ ရက်နားမယ်။ ပြီးတာနဲ့ ရာသီဆင်းလာမယ်။ ၇ ရက် နားပြီးတာနဲ့ ဆေးကပ်အသစ်ဆက်သောက်ရမယ်။ ဆေးသောက်ချိန်တူတာအကောင်းဆုံးဖြစ်တယ်။ တချို့ ညအိပ်ယာဝင်သောက်တယ်။ ကောင်းတာက နေ့ခင်းသောက်လို့ မေ့နေရင် နောက်ပိုင်းသောက်လို့ရတာမို့ ရက်မကူးဘူး။
• အကောင်းဆုံးက ရာသီစလာတဲ့နေ့မှာ ပဌမဆေးလုံးသောက်ပါ။ အဲလိုသောက်ရင် တောက်လျှောက် ကိုယ်ဝန်မရစေဘဲ တခြားရက်မှာသောက်ရင် ကြားထဲမှာ အကာအကွယ်နည်း (ကွန်ဒွမ်) သုံးတာမျိုးလိုမယ်။ ၁-၂-၃ ရက် နောက်ကျလဲ အဲလိုမှတ်ယူနိုင်ပါတယ်။
• ရာသီလာရက် နည်းသူတွေမှာတော့ (ဥပမာ တလဆိုတာ ၂၃ ရက်ဖြစ်နေသူ) ပဌမရက်ထက် နောက်ကျသောက်ရတာဆိုရင် ဆေးသောက်ကာစ ၁-၂-၃-၁-၅ ရက်တွေမှာ (ကွန်ဒွမ်) သုံးသင့်တယ်။
• ကိုယ်ဝန်ရှိမနေတာသေချာလို့ ဆရာဝန်ကနေ ကြားရက်မှာလဲ အသောက်ခိုင်းနိုင်တယ်။ အဲလိုအမျိုးသမီးဆိုရင် ဆေးသောက်ကာစ ပဌမ ၇ က်အတွင်း (ကွန်ဒွမ်) သုံးရမယ်။
• ကလေးမီးဖွါးပြီး၊ ကလေးကိုလဲ နို့မတိုက်သူဆိုရင် မွေးပြီး ၂၁ ရက်ကနေစသောက်ရမယ်။
• ၂၄ ပါတ်ထက်မရင့်တဲ့ ကိုယ်ဝန်ပျက်သွားသူဆိုရင် ပျက်ပြီးတာနဲ့ဆေးစသောက်ပါ။
• တနေ့ဆေး ၁ လုံးသောက်နေရမှာကို ၁ ရက်မေ့သွားရင်၊ သတိရတာနဲ့ချက်ချင်းဆေး၁ လုံးသောက်လိုက်ပါ။ ကျန်တာကို သောက်နေကြအချိန်မှာ ပုံမှန်ဆက်သောက်ပါ။
• ၂ ရက်၊ ဒါမှမဟုတ် ၂ ရက်မက မေ့သွားရင်၊ အကာအကွယ်မပေးတော့ပါ။ ကျန်တဲ့ဆေးဆက်သောက်ပြီး၊ မေ့တဲ့ရက်ကနေ ၇ ရက်အတွင်း အတူမနေပါနဲ့၊ ဒါမှမဟုတ် ကွန်ဒွမ်သုံးပါ။ အဲလိုမနေမိသူက အရေးပေါ် တားဆေး-တားနည်း တခုခုလိုမယ်။
• တကယ်လို့ ဆေးသောက်ဘို့မေ့တာက ဆေးကပ်ကုန်ကာနီး (၇ ပြားထက်နည်း) နေတာဆိုရင် နားရက် ၇ ရက် နားမထားတော့ဘဲ ဆေးကပ်အသစ်တခုဆက်သောက်ပါ။ ရာသီလာမဲ့ရက်က နောက်ကျတော့မယ်။ ဆေးကပ်ကုန်မှသာ လာမယ်။ စိုးရိမ်စရာမရှိပါ။
• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်မယ်ဆိုရင် နောက်ဆေး ၁ ပြားသောက်ရမယ်။ အန်နေတာက ၂၄ နာရီအထိ ကြာနေရင် ထိရောက်မှု မရှိနိုင်ပါ။ ဝမ်းလျှော ၂၄ နာရီအထိများနေရင်လဲ ထိရောက်မှု နည်းမယ်။
• ဒီဆေးမျိုးစသောက်ဘူးသူတွေမှာ ရာသီမမှန်တာရှိနိုင်တယ်။ ဆရာဝန်ကိုတိုင်ပင်ပါ။
• သတိထားစရာတွေ = သွေးကြောထဲ သွေးခဲမှာ သူများတွေထက် အဖြစ်ပိုနိုင်တယ်။ ဆေးလိပ်သောက်သူ၊ ကိုယ်အလေးချိန်များသူတွေမှာ ပိုသတိထားရမယ်။
• ဆန်းစစ်မှုတွေအရ ဒီလို ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးသောက်သူတွေဟာ သူများတွေထက် ရင်သားကင်ဆာဖြစ်နှုန်းပိုတာတွေ့ရတယ်။ ၅ နှစ်ကြာသောက်သူတွေမှာလဲ သားအိမ်ဝ (ခေါင်း) ကင်ဆာဖြစ်နှုန်း ပိုတာတွေ့ရတယ်။
• ဆေးမတည့်လကဏာတွေဖြစ်ရင် ဆေးမသောက်တော့ဘဲ ဆရာဝန်ကို ချက်ချင်းပြပါ။ ခြေထောက်ရောင်၊ အသက်ရှူခက်၊ ချောင်းဆိုး၊ ချောင်းဆိုးရာသွေးပါ၊ ရင်ပတ်နာ၊ ခေါင်းတအားမူး၊ မျက်စိကြည့်မကောင်း၊ သတိလစ်ခြင်၊ အသားဝါဖြစ်၊ စိတ်ဓါကျတာတွေကို ဆိုလိုတာဖြစ်တယ်။
• မသုံးရမဲ့သူတွေ = ကိုယ်ဝန်ရှိနသေူ၊ ကလေးနို့တိုက်နေသူ၊ သွေးခဲရောဂါရှိဘူးသူ၊ (SLE) ရောဂါရှိသူ၊ သွေးထဲမှာ ယူရီယာများနေသူ၊ နှလုံးသွေးကြောကျဉ်းသူ၊ နှလုံးအဆို့ရှင်ရောဂါရှိသူ၊ နှလုံးခန်မြမှန်သူ၊ သွေးတိုးရှိသူ၊ ဆီးချိုးများသူ၊ အသက် ၅ဝ ကျော်နေသူ၊ ရင်သား-မွေးဖွါးလမ်း ကင်ဆာရာဇဝင်ရှိသူ၊ မွေးလမ်းကနေ အကြောင်းရင်မသိသွေးဆင်းနေသူ၊ အသဲမကောင်းသူ၊ သည်းခြေအိပ်ကျောက်ရှိသူ၊
• အသက် ၃၅ နှစ်ကျော်ရင် သတိနဲ့သုံးရမယ်။
• ဘေးထွက်-ဆိုးကျိုးများ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ ကိုယ်အလေးချိန်ပြောင်း (ကျ-တက်)၊ ကိုယ်ရောင်၊ မွေးလမ်းမှိုပိုးဝင်၊ စိတ်ကျ၊ လိင်စိတ်နည်း။

Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။ Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။ Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာ တူတယ်။ Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရိကားမှာ ရောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး