Thanks to India (1) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၁)

Htar Khin Khin ဆရာရယ် ဦးမောသီရိဆိုတာလည်းကြားဘူးနေပါတယ်။ အလျဉ်းသင့်ရင် ဆရာ့ပတ်ဝန်းကျင်က လူတွေအကြောင်းလည်း သိချင်ပါတယ်။ မသိသေးတာတွေသိရလို့ ကျေးဇူးတင်လှပါတယ်ဆရာ။

အိန္ဒိယမှာ ကျေးဇူးတင်စရာ လေးပုဒ်ရေးထားပြီးပြီ။ သမတကတော် ဒေါ်တင့်တင့်အကြောင်းလည်းရေးတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အိန္ဒိယမှာအခြေစိုက်ပြီး မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ကြိုးပမ်းကြတဲ့အခါ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကို အကူအညီပေးကြတဲ့ ထင်ရှားတဲ့ အိန္ဒိယနိုင်ငံသားတွေ မနည်းမနောရှိပါတယ်။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ဆက်နေသူတွေ၊ မီဒီယာနဲ့ မြန်မာပြည်ပြန် အိန္ဒိယနိုင်ငံသားတွေပါတယ်။

ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ကူညီခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးက မိသားစုနှစ်ခုရှိတယ်။ ဦးမောသီရိ ခေါ် (စီ၊ ပီ၊ ပရာဘားကား) မိသားစုနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုသမီး ဒေါ်သန်းသန်းနုမိသားစု။ သူ့တို့ကျေးဇူးကင်းတဲ့သူ မရှိသလောက်ပါ။ ၂၁-၁၂-၁၉၉၁ နေ့မှာ ကျွန်တော် ဒေလီကိုရောက်လာတော့ ဦးမောသီရိနဲ့ ဒေါ်သန်းသန်းနုရဲ့ခင်ပွန်း ဦးအောင်ငြိမ်းတို့က မီးရထားဘူတာရုံကိုလာကြိုကြတယ်။ ဦးမောသီရိနဲ့ ဇနီးတို့ ကွယ်လွန်သွားကြပြီ။ ဦးအောင်ငြိမ်း ဆုံးသွားတာ သိပ်မကြာလှသေးပါ။

နာမည်တွေရေးရင် ကျန်နေရစ်မှာစိုးပါတယ်။ ပြန်အမှတ်ရတဲ့အခါ ထပ်ဖြည့်ပါမယ်။ သမတကြီး (ကေအာရ် နာရာယန်း) ကနေစတယ်။ သူ့ကို အထက်လွှတ်တော်အမတ်ဘဝကတည်းကတွေ့တာပါ။ သူ့ဇနီး ဒေါ်တင့်တင့် ခေါ် (အူရှာ နာရာယန်း) ကလည်း တော်ကြတယ်။ ဒေါ်တင့်တင့် ကွယ်လွန်ကာနီးကာလတွေမှာ မြန်မာ့အငွေ့ အသက်လေးတွေနဲ့ ထိတွေ့စေချင်လို့ သူ့သမီးတွေကနေ ကျွန်တော့ဇနီးအပါအဝင် မြန်မာအမျိုးသမီးတွေနဲ့ အကြိမ်ကြိမ် ဆုံပေးပါသေးတယ်။

အိန္ဒိယမှာ ပါတီနိုင်ငံရေးကို သတိထားကြရပါတယ်။ နိုင်ငံရေးပါတီတွေဟာ အကြမ်းအားဖြင့် အုပ်စု နှစ်စုလိုထဲမှာ ကွဲနေကြတယ်။ အုပ်စုတခုက ပါတီဖြစ်ဖြစ် ပုဂ္ဂိုလ်ဖြစ်ဖြစ်နဲ့နီးစပ်တာကို ကျန်အုပ်စုက သိပ်သဘောမကျတာ သဘာဝဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံရာမှာတော့ အားလုံးကအတူတူသာဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုဟာ ရှည်ကြာတာမို့ ထောက်ခံကူညီသူတွေထဲက အနိစ္စသဘောအရ တဦးပြီးတဦး ဆုံးရှုံးသွားခဲ့ရပါတယ်။ ကောင်းရာသုကတိ လားကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။

ဂန္ဒီလမ်းစဉ်မှာထင်ရှားတဲ့ အထက်လွှတ်တော်အမတ် (မဒမ်၊ နီမလာ ဒက်ရှ် ပန်ဒေး) လည်းကွယ်လွန်ပြီ။ သူနဲ့အတူ အကြမ်းမဖက်လှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဆိုရှယ်လစ်ကြီးလို့ ခေါ်ရမဲ့ (ဆူရင်ဒါ မိုဟန်း) လည်း ကွယ်လွန်ပြီ။ သူစကားပြောတိုင်း ဝန်ကြီးချုပ်ဦးဘဆွေနာမည်ကို ထည့်ပြောတတ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး (ဂျော့ခ်ျ၊ ဖာနန် ဒက်စ်) ကတော့ ကျန်းမာရေး မကောင်းတော့ပါ။ သူ့ကို (အေဘီအက်စ်အယ်လ်) ကျောင်းသားအဖွဲ့ကို အဓိကအကူအညီပေးသူလို့ မြင်နိုင်ပေမဲ့ ကျွန်တော့်ကိုလဲ လမ်းလှမ်းပါတယ်။ ကျွန်တော်က NLD က ဖြစ်လို့ ပိုပြီးသတိထားရတယ်။ အစုတခုနဲ့တွဲမြင်ခံရမှာကို သတိထားရတာဖြစ်ပါတယ်။ (ဂျော့) အုပ်စုနဲ့ (ကွန်ကရက်စ်) နဲ့က နိုင်ငံရေးအရ အတော်အဆင်မပြေကြပါ။

(ကွန်ဂရက်) ပါတီဆီလဲ သွားတယ်။ (ဘီဂျေပီ) နဲ့လဲ ရင်းနှီးတယ်။ (ဂျနာတာဒါးလ်)၊ (ဆမာ့ခ်ျဝါဒီ ပါတီ)၊ စတဲ့ ဆိုရှယ်လစ်ပါတီခွဲတွေနဲ့လဲ ပူးတွဲလုပ်ခဲ့ပါတယ်။ ကျွန်တော်က ကွန်မြူနစ်ပါတီတွေဆီလဲ ရောက်ပါတယ်။ (အောလ်အန္ဒိယ ဖေါဝပ် ဘလော့ခ်) ပါတီကဆိုရင် ပါတီညီလာခံတိုင်းကို ဖိတ်လို့တက်ခဲ့ပါတယ်။
ဒေသဆိုင်ရာ ပါတီအမျိုးမျိုးတွေဆီလဲ ရောက်တာပါဘဲ။ မီဒီယာကလဲ အားကိုးရပါတယ်။ လူမှုအဖွဲ့အစည်းတွေဆို နည်းတာမဟုတ်ပါ။ ထောက်ခံ အားပေးခဲ့ကြတယ်။ အမျိုးသမီးတွေကို ပိုပြီးကူညီကြသူ စသဖြင့်လဲရှိပါတယ်။

တက္ကသိုလ်တွေ၊ ကောလိပ်တွေလဲ သိပ်မနည်းလှပါ။ ဥပမာ ဒေလီက (ဂျေ-အင်န်-ယူ)၊ (ဒီယူ)၊ (ဇကီးဟူစိန်) ကောလိပ်၊ (ဂျားမီးယား အစ္စလားမီးယား) တက္ကသိုလ်၊ နောက်ပြီး (မဒရပ်စ်) တက္ကသိုလ်၊ (မနိပူ) တက္ကသိုလ်၊ စတာတွေ။
(သင့်တင့်ခ်) ခေါ်တဲ့ ပညာရှင်အဖွဲ့အစည်းတွေကလဲ ဖိတ်ပြီးစကားပြောခွင့်၊ ဆွေးနွေးခွင့်ပေးတယ်။ ဥပမာ (အိန္ဒိယ နိုင်ငံတကာစင်တာ)၊ (အိန္ဒိယ ဖေါင်ဒေးရှင်း)၊ (ဗိုက်ဗီကန် နန္ဒာ ဖေါင်ဒေးရှင်း)၊ (ဂန္ဒီ) ငြိမ်းချမ်းရေး စင်တာ၊ (အိုင်ဒီအက်စ်အေ)၊ (အိုအာရ်အက်ဖ်) စတာတွေ။

သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်းတွေမှာလဲ ကျွန်တော်ရေးတာကို ထည့်ပေးတတ်ပါသေးတယ်။ ဥပမာ (အက်စ်အက်စ်အေဂျီ)၊ (အေရှန်း နယူးစ်)၊ စတာတွေ။ မြန်မာ့အရေး အခမ်းအနားတွေကို ဒေလီက အိန္ဒိယနိုင်ငံတကာစင်တာဆိုတာမှာ အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရပါတယ်။ (ဘားမာ) ညနေခင်းတွေကိုလဲ ကျင်းပခဲ့ပါသေးတယ်။

နယ်စပ်နေရာတွေဖြစ်တဲ့ (မီဇိုရမ်) ပြည်နယ်က (အိုက်ဇော)၊ (မနီပူ) ပြည်နယ်က (အင်ဖါး) နဲ့ (လမ်ကား)၊ (နာဂ) ပြည်နယ်က (ဒင်မာပူ)၊ (အာသန်) ပြည်နယ်က (ဂဝါဟာတီ) တွေမှာ မကြာမကြာကျင်းပခဲ့နိုင်ပါတယ်။

တိဘက်လှုပ်ရှားမှုက အိန္ဒိယမှာဘဲ အခြေစိုက်ပါတယ်။ တိဘက်လူငယ်၊ တိဘက်အမျိုးသမီးအဖွဲ့အားလုံးနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုက အမြဲလိုလို လက်တွဲလုပ်ကြပါတယ်။ ကျွန်တော့်အဖို့တော့ တိဘက်အဝေးရောက် အစိုးရနဲ့ ပါလီမန်အပြင် ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့အထိ ဆက်စပ်မှုတွေ ကောင်းပါတယ်။ ဒလိုင်လားမားကနေ နာဂစ်အကူငွေ ဒုတိယအသုတ်ကို ကျွန်တော့်ဆီကတဆင့်ပို့ပေးခဲ့သလို ခက်ခဲတဲ့ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဆီ စာပို့ရတာလဲ လုပ်ပေးခဲ့ရပါသေးတယ်။

BCD (ဘားမား စင်တာ၊ ဒေလီ) ကို အိန္ဒိယနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးတွဲဖွဲစည်းထားနိုင်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံသားတွေထဲမှာ အရှေ့မြောက်ပြည်နယ်ကလူတွေနဲ့က ပိုပြီးရင်းနှီးချစ်ကြည်ကြလို့ နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။

ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသလို ကျွန်တော်တို့အထဲက တဦးချင်းအပေါ်မှာ ပိုပြီးရင်းနှီးယုံကြည်လို့ ကူညီခဲ့ကြသူတွေလဲ ရှိပါတယ်။ အိန္ဒိယလုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးတွေကလည်း ကူညီနိုင်သလောက်ကူညီခဲ့ကြတာကို မမေ့နိုင်ပါ။ ကျွန်တော်က အမတ်တယောက်အနေနဲ့နေခဲ့တာမို့ ဒီနိုင်ငံကအမတ်တွေ အတော်များများနဲ့ ခင်မင်ရင်းနှီးမှုတွေ ရခဲ့ပါသေးတယ်။

ကူညီမှုတွေရဲ့ရလဒ်ကို အကြမ်းပြောရရင် မြန်မာ့ဒီမိုကရေစီအရေးဟာ အနှစ်နှစ်ဆယ်ကျော်အတွင်း ဘယ်သောအခါမှ မှေးမှိန်မသွားခဲ့ပါ။ အစိုးရပေါ်လစီအပေါ် သက်ရောက်မှုကတော့ မပြောပလောက်သာ ရှိပါတယ်။ နိုင်ငံသားချင်း ချစ်ကြည်မှုကိုတော့ အခိုင်အမာတည်ဆောက်နိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတင်ပါရစေ။

Thanks to India (1) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၁) http://doctortintswe.blogspot.com/2015/09/thanks-to-india-1.html
Thanks to India (2) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၂) http://doctortintswe.blogspot.com/2015/09/thanks-to-india-2.html
Thanks to India (3) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၃) http://doctortintswe.blogspot.com/2015/09/thanks-to-india-3.html
Thanks to India (4) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄) http://doctortintswe.blogspot.com/2017/01/thanks-to-india-4.html
Daw Tint Tint ဒေါ်တင့်တင့် http://doctortintswe.blogspot.com/2015/09/daw-tint-tint.html

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ