Shaken baby syndrome ကလေးနှိပ်စက်ခံရခြင်း

၁။ ဆရာရှင့် ကျမကအသက် ၂၄ ပါ။ သမီးလေးရှိပါတယ်ရှင့်။ ၃ လနဲ့ ၇ ရက်ရှိပါပြီရှင့်။ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီး မွေးပြီးတဲ့အချိန်အထိ ဆရာ့ရဲ့ကျန်းမာရေးဆောင်းပါးဖတ်ရင်း ဗဟုသုတယူခဲ့ပါတယ်ရှင့်။ ခုထပ်ပြီး shake baby အကြောင်းလေးရေးပေးပါဦးရှင့်။ ကျမက သမီးလေးကို shake baby ဖြစ်မှာစိုးရိမ်လို့ပါရှင့်။ ဆရာကျန်းမာပါစေရှင့်။

၂။ ဆရာရှင့် ၂ နှစ် ၃နှစ်အရွယ် ကလေးတွေရဲ့ ဇက်ပိုးကိုရိုက်ခြင်းကြောင့်အရိုက်ခံရတဲ့ ကလေးမှာ ဆိုးကျိုးတွေရှိနိုင် ပါသလားရှင့်။ ပတ်ဝန်းကျင်မှာမြင်တွေ့နေရလို့ပါရှင့်။ ကျေးဇူးတင် ပါတယ်ရှင့်။ နောက်တစ်ခုက ကလေးဘယ်အသက် အရွယ်လောက်မှ သွားဆေးခန်းသွားပြဖို့လိုပါသလဲရှင့်။ ကျေးဇူးတင် ပါတယ်ရှင့်။

ဒုတိယမေးခွန်းထဲက ခလေးလို့ရေးတာအားလုံးကို ကလေးလို့ပြင်ပါမယ်။ ဒုတိယအပိုင်းမေးတာကိုအရင်ဖြေပါမယ်။ ကလေးအသက် (၁) နှစ်မှာ ပဌမဆုံးအကြိမ် သွားဆရာဝန်ပြသင့်ပါတယ်။

Shaken baby syndrome ကို Abusive head trauma လို့လည်းခေါ်တယ်။ Shaken impact syndrome လို့လည်း ခေါ်တယ်။ Inflicted head injury နဲ့ Whiplash shake syndrome လို့လည်းခေါ်တယ်။ ကလေးဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်မိရာကနေ ဆက်ဖြစ်တယ်။ ကလေးဦးနှောက်ဆဲလ်တွေပျက်စီးတယ်။ ရာသက်ပန် ဦးနှောက်ထိခိုက်မှုဖြစ်စေနိုင်တယ်။

ဖြစ်နေတဲ့ကလေးဟာ ထိန်းရတာခက်မယ်။ စိတ်တို စိတ်ဆိုးနေမယ်။ လန်းဆန်းမနေပါ။ အသက်ရှူရာမှာအခက်အခဲ ရှိနိုင်တယ်။ စားသောက်ရာမှာလည်း ခက်မယ်။ ခြေလက်တုန်နေတယ်။ အန်မယ်။ တက်မယ်။ အရေပြားတွေပြာနေမယ်။ လေဖြတ်မယ်။ သတိလစ်မယ်။ တချို့မှာ မျက်စိထဲသွေးယိုမယ်။ အရိုးကျိုးတာတွေပါတွဲနေနိုင်တယ်။ ခါးရိုး ထိခိုက်တာရှိနေနိုင်တယ်။ အပြင်ဒဏ်ရာတွေလည်းမြင်ရနိုင်တယ်။

အဲလိုကလေးကို CT scan ရိုက်မယ်။ လိုရင် MRI ရိုက်မယ်။ Skeletal survey အရိုးစစ်ဆေးတာလုပ်မယ်။ Ophthalmological exam မျက်စိစစ်မယ်။ Blood tests သွေးစစ်မယ်။

အရေးပေါ်ကုသမှုပေးရနိုင်တယ်။ ရေရှည်အတွက်လည်းလုပ်ပေးရတယ်။ အလားအလာဆိုတာ ဦးနှောက်နဲ့ အာရုံကြော ဘယ်လောက်ထိခိုက်သွားသလည်းအပေါ်မူတည်တယ်။ ပြန်ကောင်းနိုင်တာရှိသလို မရတော့တာလည်းရှိတယ်။

မိဘတွေကနေ ဂရုစိုက်ပြီး ကာကွယ်နိုင်တယ်။ မိဘတွေမှာ လိုအပ်ချက်တွေရှိတတ်တာ သတိပြု ပြုပြင်ရမယ်။ တချို့က ကိုယ့်ကလေးကို ပုံမှန်ထက် ပိုပြီး ထူချွန် တတ်မြောက်စေချင်ကြတယ်။ မိဘတိုင်းက ကလေးထိန်းကြောင်းနည်း လေ့လာထားရမယ်။ မိဘတွေရဲ့ လူမှုဆက်ဆံရေး ခါးသီးမှုမှာ ကလေးကိုဓါးစာခံဖြစ်ရတတ်တယ်။ မိဘက အရက်သေစာသောက်စားရာကနေ ကလေးကို နှိပ်စက်တတ်တယ်။ မိဘကိုယ်တိုင်က စိတ်ရောဂါတခုခုရှိနေလို့ ကလေးကို ရိုက်နှက်တယ်။ ဖအေတွေက ပိုပြီးအဲလိုဖြစ်အောင် လုပ်ကြတယ်။ သားဦးကလေးတွေကို မိဘသစ်တွေက ပိုပြီးနားမလည် ဖြစ်တတ်ကြတယ်။ ကလေးဆုံးမရာမှာ ကလေးကို ဦးခေါင်းလှုတ်ခါစေတာ မလုပ်ပါနဲ့။ ခေါင်းကို နားထင်ကဖြစ်ဖြစ် နောက်စေ့ကဖြစ်ဖြစ် မရိုက်ပါနဲ့။

ကလေးငယ်လေးတွေကိုသာမက ကလေးကြီးတွေ၊ ကျောင်းထားရတဲ့အရွယ်တွေမှာ မိဘတွေ၊ ဆရာဆရာမတွေကနေ ဆုံးမကြတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းကို ခိုက်ခိုက်မိစေတာမျိုး လုံးဝမလုပ်သင့်ကြပါ။ ဆိုဆုံးမနည်းတွေအများကြီးရှိပါတယ်။ အဲလိုရိုက်နှက်ဆုံးမနည်းကို မြန်မာနိုင်ငံယဉ်ကျေးမှုထဲကနေ မရှိတော့အောင် ပြောင်းလဲသင့်ကြပါပြီ။ မသင့်တဲ့အကျင့် ပပျောက်စေနည်းကိုလည်း ဗျူဟာအမျိုးမျိုးနဲ့ လုပ်ကြရပါမယ်။ ဒေါသဆိုတာ အထွတ်အထိပ်ရောက်နေချိန်မှာ ဘာကိုမှ မမှုသူမျိုးတွေကို ပညာပေးကြရပါမယ်။ ပြုပြင်ရင် ရပါတယ်။

ကလေးတွေအကုန် လူကြီးမိဘနှိပ်စက်မှုကကင်းပကြပါစေ။ လူကြီးမိဘ၊ ဆရာဆရာမတွေအကုန် စိတ်ကောင်း နှလုံးကောင်း အကျင့်ကောင်းတွေ မွေးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၆
၁၉-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး